Nov 28, 2012

ကိုယ်ပါဝင် ကခုန်မိတဲ့ ဘဝတွေ

ကိုယ့်အကြောင်းကိုယ် အိပ်မက်မိမှတော့
ကိုယ့်ဘာသာကိုယ် အံ့အားသင့်ကြည့်ဖို့
ကြိုးစားမနေတော့ပါဘူးလေ
ကိုယ်ဆိုတာကလဲ ရင်ဘတ်တစ်စုံ ဖြစ်နေမှကိုး။

ရင်ဘတ်တစ်စုံ ပြောတဲ့ စကားနဲ့
ရင်ဘတ် တစ်စုံ လျှောက်တဲ့လမ်းဟာ
လူတိုင်းရဲ့ ရင် ဆီကို မျောလွင့်သွားကြ
ကိုယ်တွေက "ဘဝ" ကို ထူထောင်ရင်း
"ဘဝ" ကိုပဲ ခြယ်မှုန်းကြရတာ ... ။

စစ်မြေပြင်ဟာ ပန်းချီကားပေါ်မှာ အနုပညာ
မတူကွဲပြား ငြင်းခုံသံများဟာ သီချင်းထဲမှာ အနုပညာ
ရင်ခုန်ကြေကွဲ အရိပ်မည်းတွေဟာ ကဗျာထဲမှာ အနုပညာ
အနုပညာဟာ လူမှုဝန်းကျင် တစ်ခု ဖြစ်လာ
အနုပညာဟာ ရင်ဘတ်တစ်စုံ ဖြစ်လာ
ကိုယ် ဟာ ရင်ဘတ်ထဲ က လူမှု ဝန်းကျင်တစ်ခု ဖြစ်လာ။

ကိုယ့် ရင်ဘတ်နဲ့ သူများမျက်ရည်တွေ ကို လိုက်ငို
ကိုယ့် မျက်ရည် တွေကို တော့ ကဗျာတွေက ငိုတယ်။
အသစ် အသစ်သော ဝေဒနာတွေဟာ
ကဗျာတွေ မှာသာ ခိုလှုံ ကြ
အီမိုရှင်နယ် ခရိုက်ဇစ်များနဲ့ ကမ္ဘာဟာ
စီးဆင်းအား တစ်ခုတည်းနဲ့
လူတွေကို ပရမ်းပတာ ဝင်တိုက်တယ်။

ခံစားလိုအား လျော့ကျလာမှု ဟာ
အရွေ့တစ်ခုဖြစ်လာ .... အသက်မဲ့လာ ... သေဆုံးလာ ...
ဒီလိုနဲ့ ကိုယ့်ကဗျာ
ကိုယ်ကိုယ်တိုင်တောင် မခံစားရပါပဲနဲ့
ရင်ကွဲနာ တွေကျလို့..။

ဆိုတော့.........
သူ့ကိုယ်သူ ပြန် ဟန်ဆောင်နေရတဲ့ ကိုယ်ကျင့်တရားရယ်
သူ့ကိုယ်သူ ပြန်ဖောက်ဖျက်နေရတဲ့ သီလ ရယ်
ဆိုတော့ .....
ကိုယ်ကလဲ "ဖောက်ဖျက်" ချင် "ဟန်ဆောင်" ရဦးတော့ မပေါ့
မေတ္တာ တရား (၁၀) ပါး ကို တစ်ပါးချင်း ယိုယွင်းနေရပြန်ဦးမယ်။

အေးလေ.........
ကိုယ်ဆိုတာကလဲ
ရင်ဘတ်တစ်စုံ
ဖြစ်နေမှကိုး။


လက်ဝဲ