Mar 29, 2013

ကမ္ဘာတည်မဲ့ အချစ်


တကယ်တော့
 ငါက နင်နဲ့ ပတ်သက်လာရင်
 နင့်ရဲ့ အသက်ရှူသံလေးကအစ
 ဘာသာပြန်ချင်နေမိတဲ့
 နေမမြင့်ခင်ကတည်းက
 အရူးရင့်နေမိသူပါချစ်သူ..။


 အချစ်ကို ထွန်းညှိသူပဲကွယ်...
ညမပါလဲ... သူ့ဘာသာသူလေး.. လင်းနေတာပဲ..
လင်းပါစေကွယ်...
ငါဆိုတဲ့သူက
 ရင်ဘတ်ထားရာနေ ရင်ဘတ်စေရာသွား..
ရင်ခုန်သံအထူအပါးမှာ ခစားမယ့်သူပါ..။



 နင်သိရဲ့လားအချစ်ရဲ့
 လွမ်းဆွတ်ခြင်းက
 ဘယ်ဘက်ရင်ဘတ်ထဲမှာ
 ခဲတစ်လုံးပြုတ်ကျလာသလို
 ညနေခင်းတိုင်းမြည်တယ်ကွဲ့ 
 ရှဥ့်တစ်ကောင်ကိုက်ဖြတ်စားသုံးခံထားရသလို
 အစုတ်စုတ်အပြတ်ပြတ်ဖြစ်နေရှာတဲ့နှလုံးသားက
 အမှတ်မရှိဘဲ
 ညနေခင်းတိုင်းအလှပြင်လို့ 
 အချစ်ရဲ့လေချွန်သံကိုနားစွင့်နေလေရဲ့..။



 နင်ရယ်.. ငါရယ်....
တမျှော်လင့်လင့် မိုးကောင်းကင်လေးရယ်
 ဝေးသွားလိုက် နီးလာလိုက်...
ဘယ်တော့မှ မခွဲပဲ ရှိနေလိုက်..
အချစ်အိမ်လေးတစ်အိမ်ဟာ
 ငါတို့နှစ်ယောက်ကိုယ်တိုင် ဖြစ်သွားလိုက်...
ဒီလိုပဲ ငါတို့... အိမ်ရိပ်မှာခိုပြီး. မိုးနံ့ကို ရှိုက်ကြတာပေါ့။


 ချစ်သူရေ...
ပုထုဇဉ်ဆိုတဲ့အသိနဲ့ ...
နှလုံးသားကိုနဖားကြိုးမထိုးဘဲ
 ရူးသွပ်ခဲ့တာမဟုတ်ဘူးကွဲ့ 
 ဘယ်သူကတော့..
နေနဲ့ လ..ရွှေနဲ့ မမြချင်မလဲကွယ်..
ရွှေနားတော်သွင်းဖို့ ...
ခဲဖိုးမပြည့်သေးတာကလွဲရင်..
အလွမ်းတွေကတော့...
အထုပ်နဲ့ အထည်နဲ့ ပါပဲကွဲ့ ...။


 ငါ့ဘက်ကကြည့်တော့အချစ်
 နင့်ဘက်ကကြည့်တော့မေတ္တာ
 ငါတို့ နှစ်ယောက်ဟာ သီးသန့် ကမ္ဘာတခုမှာ
 ဆုံဖြစ်ကြမှာပါ
 ချစ်သူတို့ ရဲ့ပန်းဦးစကားနဲ့ 
 မေတ္တာရှင်တို့ ရဲ့ ၀တ်ရည်နှုတ်ခွန်းချိုချိုတို့ 
 စကားလက်စုံဆိုကြပြောကြ
 ခဏလေးပေါင်းများစွာနဲ့ 
 ငါတို့ သက္ကရာဇ်ဖြိုကြစို့ 
 အချစ်ကလေးပေါင်းများစွာနဲ့ 
 ငါတို့ ကမ္ဘာတည်ကြစို့ ကွယ်..။


ဆုဂျေ၊ လက်ဝဲ
(ကဗျာမောင်နှမနှစ်ယောက် ဖန်တီးတဲ့ ဒုတိယမြောက်ကဗျာဖြစ်ပါတယ်၊ ခံစားကြည့်ပါ)

Mar 25, 2013

အသက်ကယ်အသံ အမြန်ကြားလို

သူ့အသံလေး ဆုံးသွားတာနဲ့...
တစ်ကမ္ဘာလုံး.. ရင်ဘတ်ထဲကနေ.. ဝုန်းဆို ခုန်ထွက်.....
အီလက်ထရောနစ်သံ ခြောက်ကပ်ကပ် ...
တူ..တူ..တူ...

ဘာမှ မကြားချင်ဘူး.. အဝေးဆုံးရောက်သွားသလို....
အနီးဆုံးမှာ.. ဗလာပဲ ကျန်ခဲ့တော့သလို...
ချိုလွင်လွယ် ရယ်သံလေးတွေ ဖုန်းထဲမှာ..
... ပိတ်မိနေတယ်..

အွန့်ဆိုတဲ့ အသံလေးရှိတယ်...
တီတာ စကားလုံးလေးတွေရှိတယ်..
ခွန်းကြီးခွန်းငယ် အသွယ်သွယ်ရှိတယ်...
တစ်ခါတစ်ခါ ကောက်ကွေးနေတဲ့ အသံလေးတွေပါတယ်..
တစ်ခါတစ်ခါ... ဒေါသသံလေးတွေ ပါတယ်...
ဘာပဲ ဖြစ်ဖြစ် နံပါတ်တွေ အောက်ကို
ကျွန်တော် ချောင်းကြည့်ချင်တယ်...

တာ့တာ.. ဆိုတဲ့ တစ်ခွန်းထဲနဲ့...
ဟာကနဲ ဖြစ်အောင် စွမ်းနိုင်တယ်..
တစ်ခါတစ်ခါ.. ရယ်တယ်...
တစ်ခါတစ်ခါ.. ငိုတယ်..
တစ်ခါတစ်ခါ.. ပြတ်သားတယ်.
တစ်ခါတစ်ခါ.. နွဲ့ဆိုးဆိုးတယ်..
တစ်ခါတစ်ခါ.. ရင့်ကျက်တယ်..
တစ်ခါတစ်ခါ.. ဂျီကျတယ်..
ဘာပဲ.. ဖြစ်ဖြစ်... တာ့တာဆိုရင်...
ကျွန်တော့်မှာ... ဟာ ကနဲ...

ဘာပဲဖြစ်ဖြစ်.. နံပါတ်တွေအောက်ကို
ကျွန်တော် ချောင်းကြည့်ချင်တယ်...
ချိုလွင်လွင်.. ရယ်သံလေး ဖုန်းထဲမှာ
ပိတ်မိနေတယ်..
တူ... တူ.. တူ...။ ။




လက်ဝဲ

Mar 10, 2013

ဝေး... လွင့်...

တစတစနဲ့ 
 ညတွေဟာနက်သထက်နက်လာတယ်
 အိပ်ရေးတွေလည်း ပျက်သထက်ပျက်လာတယ်
... ဆက်ဆံရေးတွေ စိမ်းသထက်စိမ်းလာသလို
ငါ့မျက်လုံးတွေလည်း ကျိန်းသထက်ကျိန်းလာတယ်
အဲဒီလိုပဲ နင့်အချစ်တွေလည်း
တိမ်းလွယ်ယိမ်းလွယ်လာတယ်။
 
 
 
အဲဒီလိုပဲ...
.စိမ့်စိမ့်ဝင်လာတဲ့ သံသယတွေကို...
လမ်းလွှဲစီးဆင်းစေဖို့ ..
ယုံကြည်မှု ကလေးကို ရေလောင်းပေါင်းသင်...
ဘဝတစ်ခုဟာ... ဒီတစ်ညလုံးနဲ့
လာပြီး ညီမျှနေပုံမျိုး
ငါတို့ ရိုးရိုးလေး... ...
တကယ့် ကို ရိုးရိုးလေး...
မနက်ခင်းလေး... မဝေးအောင်..
ဆွဲဆွဲ ကြည့်နေရတယ်...။
 
ဒါပေမယ့်
ဒါပေမယ့်ပေါ့ကွယ်
မျှော်ကြည့်မိတဲ့မျက်စိတဆုံးရဲ့ အဝေးမှာ
မျက်ကြည်လွှာကိုလာလာကပ်တဲ့အရာ
အဲဒီအရာကို ဖမ်းဆုပ်လိုက်တိုင်း
လက်ထဲပါလာခဲ့တာအက္ခရာတစ်ခု
သက်သေပြုမိဖို့ အရေး
ငါ့ညတွေလည်းခဏတိုင်း ဝေး... ဆွေး..ရပါတယ်လေ..။
 
 
ကင်းကွာ.. ဝေးလွင့်မှုမှာ....
ငါဟာ.. ဘယ်တော့မှများ နေသားကျမှာလဲ..
တစ်ဖက်သတ်ရူးသွပ်မှုဟာ...
ငါ့ဖက်ကို လာသတ်နေပြီ...
ဒီလိုပဲ... ငါ....
ငါ့ကိုယ်ငါ ပျောက်ဆုံးပစ်နေရသလိုမျိုး...
ရင်တစ်ခွင်လုံး... ပြုန်းတီးနေရသလိုမျိုး..
တစ်မိုးအောက်မှာ.. တစ်ယောက်မှ မရှိတော့ဘူးကွယ်...။
 
နေသာသလိုသာနေလိုက်ပါတော့ချစ်သူ
မညာတမ်းဝန်ခံရကြေးဆိုရင်
တွေးမိတိုင်း ဟောဒီဘယ်ဘက်ရင်ခြမ်းက တဆစ်ဆစ်နာတယ်
တဖျစ်ဖျစ်မြည်သံတွေက သက်သေပေါ့
ကြိုးမှားတပ်မိတဲ့ ဂီတာအိုတစ်လုံးမို့ 
 သံစဉ်မညီတာဟာ ဆန်းတော့မဆန်းပါဘူးလေ
အလွမ်းတွေ ကြမ်းသထက်ကြမ်းလာတာလေးပဲ ခက်နေတာ
အဲဒါလေးပဲ ခက်နေတာကွဲ့ ..။
 
 
ဟိုးမှာ ကြည့်စမ်း ချစ်သူ.....
အပေါ့ပါးဆုံး လွင့်မျောခဲ့တဲ့ လေတံခွန်လေးပေါ့..
ကြိုးပြတ်သွားတာတောင်... ပေါ့လို့... ပါးလို့....
ငါတို့ဟာ... ကစားမလား နားမလား စိတ်ဓါတ်မျိုး...
ငါတို့ဟာ... သုညထဲမှာ ရောက်နေတဲ့ ဗလာနယ် လိုမျိုး..
ထုံဆေးအထိုးခံထားရတဲ့ ပင်လယ်ပြင်ကြီးပဲ..
မီးလင်းဖို ရှေ့က အေးစက်စက် မျက်လုံးတွေပဲ...
ငါတို့ဟာ အနန္တ ကို ခံစားမိခဲ့ကြတာပဲ...
မျက်တောင်မခတ်ပဲ ကြည့်နေလိုက်ပါ ချစ်သူ
အဲဒီ လေတံခွန်လေး...
ဝး... ဝေး..... လွင့်.... လွင့်....
မြေပြင်ပေါ် အရင်ဆင်းနှင့်ခဲ့တာ
ငါတို့ နှစ်ယောက်တည်း
အဲဒီ လေတံခွန်လေးကတော့
ဝေး... ဝေး..... လွင့်.... လွင့်....
ဝေး... ဝေး....
လွင့်... လွင့်...။ ။
 
 
 


(ကျွန်တော်တို့ မောင်နှမနှစ်ယောက် ပျင်းပျင်းနဲ့ စပ်ထားတာလေးပါ ခံစားကြည့်ပါဦးနော်..)
 

ချစ်ခင်လေးစားလျှက်
ဆုဂျေ၊ ကဗျာဆရာလက်ဝဲ