Dec 13, 2012

ဥပေက္ခာမိုး

ရုပ်ဆိုးပန်းဆိုးနဲ့ မိုးက အငြိုးနဲ့ ရွာတယ်
ငါ့မှာ ခိုလုံရာမဲ့ ရွှဲနစ်ခဲ့
ဒဏ်ရာနဲ့ လုံးလားထွေးလား ငါ့ရင်အုံ
အဆုံးက အစ ဖြစ်လိုဖြစ်
အဖြစ်က ဆုံးလိုဆုံးနဲ့
ငါ့မှာ ကြယ်တွေ တရုန်းရုန်းနဲ့ မပျော်နိုင်ခဲ့
လေလွင့်သူရဲ့ည။

လက်ရေး လက်သား မညီညာတဲ့ စီကာ စဉ်ကာ ညနေထဲ
အဲဒီမိုးက သည်းပြန်တယ်
ယုံကြည်စရာ ကောင်းတဲ့ တိမ်တိုက်တွေထဲ
မယုံကြည်စရာ သူစိမ်းဆန်ဆန် ညနေ
ကလေးရယ်...
ဘဝဟာ ဒီတိုင်းပဲ
အစိမ်းရင့်ရင့် လည်ပတ်ဆဲ
ရင်ထဲမှာ မိုးသည်းနေခဲ့ပြီ။

လက်ဝဲ

Dec 8, 2012

ဆက်.. ဆက်.. ဆက်.. တွေး

တစ်ရေးမှ မအိပ်ရတဲ့ မျက်နှာကိုပဲ
မနက်တိုင်း ထထ သစ်နေရတယ်
ယုံကြည်ချက် အဟောင်းကြီးနဲ့ ဆိုတော့
ကျွန်တော့်မှာ မှန်ကြည့်တိုင်း ရှက်ခဲ့ရသေးတယ်။

ကျွန်တော့်ရာစုထဲက ကာလတိုင်းကို
လက်တစ်ဆုပ်စာ အလင်းရောင် လက်တံအချို့နဲ့
တနိုင်တပိုင် ပိုင်းခြားဖို့ ကြိုးစားကြည့်နေတာ
ခု ကာလ အပိုင်းအခြား တစ်ခု အထိ။

ကျွန်တော် တွေးသည် ထို့ကြောင့် ကျွန်တော် ရှိသည်။
ကျွန်တော့်အတွေးတွေ သေဆုံးသွားတော့
ကျွန်တော့် ဈာပနကို မြင်မိလိုက်သလိုပဲ
ကျွန်တော်တွေးသည် ထို့နောက်.......
ကျွန်တော် ........ တွေ  ဝေ  နေ  ခဲ့  ပါ  သည်။

ဘဝနဲ့ရင်းပြီး တွေးခေါ်ကြသူများမှ
ဘဝကို အမြတ်ထုတ်ပြီး ဈေးခေါ်ကြသူများထိ
ကျွန်တော့်ကိုယ် ကျွန်တော် ဇာတ်ကောင် လုပ်ကြည့်
ကျွန်တော်ဟာ လေဟာနယ် တစ်ခုနဲ့ ... ထိ မိ နေ တယ်။

လှိုင်းတစ်လှိုင်းကို မြင်လိုက်ရမှု မှာ... (ကျွန်တော်ဟာ)
ဘာလှိုင်းလဲ ဆိုတာ... စိတ်မဝင်စား (မသိချင်) တော့သူ
ရုတ်ချည်း မျဉ်းဖြောင့်တစ်ကြောင်း ဖြတ်ပြေးသွားတယ်
ကျွန်တော် မရှိတော့တာ သေချာတယ်
ကျွန်တော်ဟာ တွေးတောဖို့တောင် အပျင်းကြီး(ခဲ့)တဲ့ကောင် ။

ကဗျာအဆုံးမှာ (ကျွန်တော် အဆုံးမှာ)
ကမ္ဘာဦး တွေးခေါ်သူတို့
(ကျွန်တော့်) အတွက် လှောင်ရယ် သံ ကို
နောက်ဆုံး ..........  ကြား    လိုက်    တယ်   ။   ။


လက်ဝဲ