Feb 28, 2013

ရင်ပြည့်အောင် ထိတော့ မအီဘူးပေါ့လေ


မဆိုစလောက် အတ္တလေးတွေ လက်ထဲကို လွတ်ကျလာ....
လက်ထဲကနေ လွတ်ကျလာ.... ဒီလိုနဲ့.............
မော့ထားတဲ့ ဦးခေါင်းတွေ... ထောင်ထားတဲ့ လက်ညှိုးတွေကို
ကြည့်ရတာ... ကလန့်ကလား နိုင်လာ... ဒီလိုနဲ့.....
နီတိ မကျေခဲ့တဲ့ လက်တွေ ဒီ ပန်းပုရုပ်မှာ လာထုဆစ်ကြတုန်း
ကျင့်ဝတ်တွေ အတုန်းအရုန်းနဲ့ပေါ့လေ။

စောင့်ထိန်းအပ်သော .... ဆိုတာတွေဟာ.. မီးခိုးလုံးတွေ ဖြစ်လာ..
လုံးထွေး... ပါးလျား.... ပျောက်ကွယ်... ဒီလိုနဲ့.....
ကျွန်တော့်ကို လက်တို့လိုက်တဲ့ အချိန်မှာ.... ဂုဏ်သိက္ခာတစ်ခု...
ညှိုးမှိန် ... ကျဆင်း ... နောက် (ပျောက်...ကွယ်)... ဒီလိုနဲ့...
လေးနက်မှု၊ နက်ရှင်းမှုတွေဟာ... လေချဉ်တက်စရာတွေ ဖြစ်နေကြတုန်း
လေထဲမှာ အိမ်ဆောက်နေကြဦး ပေါ့လေ။

ဒီလိုနဲ့ပဲ.....
အလင်းတန်းလေး ဖြတ်ပြေးခွင့် ရရုံ ... လက်ဖျစ်ကလေး တီးခွင့်ရရုံ
ကျွန်တော်တို့ဟာ... အာရုံတွေ ပါးခဲ့ရတယ်.....
အရှိန်အ၀ါ တွေ ပါးခဲ့ရတယ်......
သိက္ခာ ဆိုတာ ပါးခဲ့ရတယ်...
မာန.... ပါးခဲ့ရတယ်...
ပါးခဲ့ရတယ်....။

ဒီလိုနဲ့ပဲ
ပါး....... နပ်....... ခဲ့........ ရ......... တယ်....... (ဆိုပါတော့)
ဒါဟာလဲ ကိုယ့် ခွဲထား နဲ့ကိုယ် သတ်ပုံပြင်ဖြစ်ခဲ့ခြင်းတွေပါပဲ..
ဒဏ်ရာတစ်ခု ဖြစ်လာ အမာရွတ်တစ်ခု ဖြစ်လာ....
လက်ညှိုးကြီးထောက်ပြီး ပြောစရာတစ်ခု ဖြစ်မလာရင်ပဲ
တော်... ပါ.. ပြီ...။

လက်ထဲကနေ လက်ထဲကိုပဲ...
အတ္တလေးတစ်ခု
ပြုတ်ကျမှု (လွတ်ကျမှု) ဖြစ်စဉ်တစ်ခုလို့ပဲ..
ထား.... ထား... လိုက်... တာ... ပေါ့...
သိပ်ကြီးကြီးကျယ်ကျယ် မဟုတ်ပဲနဲ့ပေါ့လေ။

 
လက်ဝဲ

Feb 17, 2013

ကဗျာဆိုတာ ဒိုင်ယာစီပင် လဲ ဖြစ်နိုင်

  • ကျွန်တော်ရယ် မောင်မိုးခိုက်ရယ် ကဗျာတစ်ပုဒ် တွဲ, က ဖြစ်တယ်။


ကဗျာဆိုတာ ဒိုင်ယာစီပင်လဲ ဖြစ်နိုင်
=================

ကဗျာဆိုတာ ဖြစ်ခြင်း ပျက်ခြင်းပဲ...
ကဗျာဆိုတာ လောက ဓမ္မပဲ....
နောက်.....
ကဗျာဆိုတာ စိတ်ပုတီးတစ်လုံးကျသံပဲ...

ချောက်....
ပြီးပြီ...
ဒါပဲ...

တစ်ခါထဲ ငြိမ်းချမ်းချင်ရင်လဲ
သဘောပဲ..
ကဗျာကတော့ ဒါပဲ...
ချောက်...



ချောက်

ကဗျာဆိုတာ ..
လူစည်ကားရာအရပ်မှာ
လုံးကြီးပေါက်လှလေး ကိုင်ဆောင်ထားတဲ့
အပ်ချိတ် တစ်ချောင်း....

ကုတ်ခြစ် ၊ ထုရိုက်တဲ့
ကုတ်တံ..

အံ့သြ၊ရင်နာ ၊ မျှော်လင့်ချက်တွေ
ထွေးထုတ်လိုက်တဲ့
ထွေးခံတစ်လုံး

ဗလာနယ်တစ်ခုကို မှင်ရည်ကျဲကျဲနဲ့ ထိုးဖောက်မယ့် ..
ဆူး(ညှောင့်) တစ်ချောင်း

နောက်ပြီး....
ဦးနှောက်မှာကပ်နေတဲ့
သည်းချေတစ်လုံး......

ချောက်

နောက်..
တစ်ချို့ကဗျာတွေမှာ
လုံးဝ
ပုဒ်မ မချဘူး..

ချောက်.......


လက်ဝဲ VS မောင်မိုးခိုက်

Feb 15, 2013

နဂါးငွေ့တန်းလို ခဏလေး ငါ .. - မောင်မိုးခိုက်

ူငယ်ချင်း မောင်မိုးခိုက် ရေးတဲ့ကဗျာကို ဆရာဟန်ညွန့် ဘာသာပြန်တယ်။ 

နဂါးငွေ့တန်းလို ခဏလေး ငါ ...

ရိုက်ခွာမရလို့ ပေါင်းသင်းနေရတဲ့
ရုပ်နဲ့နာမ်ကြီးက
တစ်ယောက်နဲ့တစ်ယောက် တံတွေးတဖွီဖွီနဲ့…
ဒီကြားထဲ
ဦးနှောက်ဖောက်စားတဲ့ ပင့်ကူလဲ
သက်ရှိသဘာဝအလျှောက် သေရမှာတော့
ကြောက်တာပဲတဲ့……။

ပစ္စည်းခိုးလို့ ရဲစခန်းရှေ့
ဖြတ်မလျှောက်ရဲတဲ့ အဖြစ်မျိုး
မနှစ်မြို့လို့ ထွေးထုတ်လိုက်တော့
မီးတောင်တွေပေါက်သွားရော….။

ခတ်ကျွဲပဲ ချိုချက်တော့ဘယ်ကင်းမလဲတဲ့
ဓါးဒဏ်ရာအမျိုးမျိုးနဲ့ ချောင်ထိုးခံရတဲ့
ဒိုင်းတစ်လက် အတွက်ရယ်စရာပြကွက်ပါပဲ ..။

မင်းရဲ့ ..
အနီရောင် ၊အ၀ါရောင်သန်းနေတဲ့စကားလုံးတွေ
ငါ့ရှေ့မှာခြွေချ
နင်းလျှောက်သွားရုံမှအပ
ငါ့အတွက် …သုံးလို့မရဘူး….။

ခဏလေးပါ…..ခဏလေးပါ
တိမ်လိုလို မီးခိုးလိုလို ခဏလေးပါဘဲ
ငါ့လို နဂါးငွေ့တန်းတစ်ကောင် အတွက်
ကြက်ခြေခတ်ချင်ယုံသက်သက်နဲ့တော့
အချိန်ကုန်မခံပါနဲ့။


မောင်မိုးခိုက် 

Just a Monent, Like a Galaxy, I...

Striking to part, but staying two parts
body and heart, mind and thus.
There is saliva to two hearts.

Still . . .
spider takes the brain of thus . .
was afraid to dead of love
as a living love(life).

Stealing things and walking feels
in front of the police team
may be spitting unwanted things
as explosive feels of volcano feel.

There is no choice to choose
no sore bull and so many cut of blue
that because of backing team
And for the shield is funny thing.

Your . .
words of yellow and reddish talks
our . .
walks of stepping cause
it's useless job.

Moment, just moment
as smoke and cloud take a mount
for my Galaxy way
it's just crossing tales
so don't take me for your pay.

Translated by Han Nyunt

Feb 8, 2013

လက်ဖက်ရည်ဆိုင်က အက်ဆစ်များ

မဆူပေမယ့် ညံနေတဲ့ အနံ့တွေကြားမှာ ခုံလွတ်တစ်လုံးယူထိုင်တယ်
စုဝေးနေကျ ဗရုတ်သုတ်ခည ကို ချိုကျနဲ့ မိတ်ဆက်တယ်.....။
အပျင်းပြေဆိုတဲ့ခေါင်းစဉ်အောက်မှာ ငုတ်တုတ်လေးတွေထိုင်ရင်း
ဇွန်းနဲ့ ခွက်ထဲမှာ မွှေသူမွှေကျ နီကိုတင်းကို ခပ်ပြင်းပြင်း ရှိုက်သူရှိုက်ကြ...။
တောင်စဉ်ရေမရတင်မက အလာပသလာပ ကောလဟာလ ပုံမကျ ပန်းမကျ
အရေမရအဖတ်မရ အချိုး မကျတကျ စကားတွေကို အားရပါးရ ပြောကြဆိုကြ ရယ်ကြမောကြ....။

အဲဒိထဲမှာ
မနက်က ပြောင်လိုက်တဲ့ ကောင်မလေးအကြောင်းပါမယ်
မနေ့က ရုပ်ရှင်ထဲက မင်းသမီး အကြောင်းပါမယ်
လမ်းထဲက ပခုံးချင်းတိုက်မိနေကြလူတွေ အကြောင်းပါမယ်
အီဂျစ်ပြည်က ကလီယို ပါထရာ အကြောင်းပါမယ်
ရက်ကွက်ထဲက စကားများတဲ့ အပျိုကြီး အကြောင်းပါမယ်
သံစဉ်လှလှလေးတွေ ဆိုရင်း က,တတ်တဲ့ ရှက်ကီရာ အကြောင်းပါမယ်
ကျောင်းမှာ ငြိလာတဲ့ ရန်ပွဲအကြောင်း ပါမယ်
အမေရိကားက လမ်းဘေး မှောင်ခို နပမ်းပွဲတွေ အကြောင်းပါမယ်
တလောက ကြားလိုက်တဲ့ လင်လုပွဲအကြောင်းပါမယ်
ခုညကန်မယ့် ပရီးမီယားလိဂ် အကြောင်းလဲ ပါမယ်..။

..............................ပါမယ်
..............................ပါမယ်
................................ပါမယ်
....................................ပါမယ်။

အဲဒီလိုနဲ့
လက်ဖက်ရည်တွေ တစ်ခွက်ပြီးတစ်ခွက်
ဆေးလိပ်တွေ တစ်လိပ်ပြီးတစ်လိပ်
ပြောသူတွေ တစ်ယောက်ပြီးတစ်ယောက်
နားထောင်သူတွေ တစ်ယောက်ပြီးတစ်ယောက်
ပါးစပ်တွေ တစ်ပေါက်ပြီးတစ်ပေါက်
နားရွက်တွေ တစ်စုံပြီးတစ်စုံ
စကားတွေ တစ်ခွန်းပြီးတစ်ခွန်း
အကြောင်းအရာတွေ တစ်ခုပြီးတစ်ခု...။

အဲဒါနဲ့ပဲ
လက်ဖက်ရည်ခွက်တွေ များပြီးရင်းများ
ဆေးလိပ်ပြာတွေ ပွပြီးရင်းပွ
လူတွေ စိတ်လေပြီးရင်းလေ
ညဥ့်တွေနက်ပြီးရင်းနက်..။

အဲဒိနောက်တော့
အချိန်တွေ
တစ်စက္ကန့်ပြီးတစ်စက္ကန့်
တစ်မိနစ်ပြီး တစ်မိနစ်
တစ်နာရီပြီးတစ်နာရီ။

နောက်
ပိုက်ဆံတွေ
တစ်ရွက်ပြီး .... တစ်ရွက်.............။


လက်ဝဲ
(ဟိုးတုန်းက ကဗျာတွေ)

Feb 7, 2013

မျက်စိသူငယ် နားသူငယ်

၁။
 ရီဝေမျက်ဝန်းတွေက
 ဆာလောင်မှုအစစ်တွေပါ အဖေ
 လူတွေ နှာခေါင်းရှုံအောင်
 သားတို့ ဘ၀ကို ဘယ်လို လက်တစ်စုံကများ
 ချောက်ချခဲ့တာလဲ..။

 အ၀တ်ညစ်ထေးတွေကလဲ
 နွမ်းပါးမှု အစစ်တွေပါ အမေ
 ဘယ်လို ကံကြမ္မာမျိုးကများ
 သားတို့ကို အသိုင်းအ၀ိုင်းထဲက
 ခွဲထုတ်သွားတာလဲ...။

 အဖေတို့အမေတို့ မရှိပဲ
 သားတစ်ယောက်တည်း
 အသိ မှောင်မဲမဲ တွေမှာ
 ဘာဆို ဘာကိုမှ အားတင်းနိုင်စွမ်းမရှိအောင်
 ပျိုးထောင်သူမဲ့ လူတစ်ယောက်ရဲ့
 ယိုင်နဲ့နဲ့ ရှင်သန်မှုပါလေ..။

 ၂။
 ပြည့်ပြီးသားအိုးတွေထဲ
 အထပ်ထပ်အခါခါ ရေဖြည့်တဲ့လက်တွေက
 သားရှေ့က ဒန်ဖလား ပိန်ပိန်လေးထဲ
 မေတ္တာတွေ စွန့်ကြဲဖို့ ရွံရှာနေဆဲပဲ .. အဖေ။

 ဂုဏ်ဓနနဲ့ ဂုဏ်မာနတို့ရဲ့
 အညမည ဖြစ်စဉ်တွေအောက်မှာ
 သားအသနားခံတဲ့ လက်ဖ၀ါးလေးထဲ
 စေတနာတွေ ပေးကမ်းဖို့ နှာခေါင်းရှုံ့နေဆဲပဲ.. အမေ။

 မျက်စောင်းထိုးသူ ထိုးသွား
 နှာခေါင်းရှုံ့သူ ရှုံ့သွား
 တံတွေးထွေးသူထွေးသွား
 ကန်ကြောက်သူက ကန်ကြောက်သွား
 တမာထက်ခါးတဲ့ နေ့ရက်တွေမှာ
 အာဟာရတွေ ပြတ်လပ်ခဲ့ရတာ
 သူတို့ မစာနာတတ်လို့ပဲလား အဖေအမေတို့ရယ်.။

 ၃။
 တစ်လမ်းဝင် တစ်လမ်းထွက်
 သားအသံတွေ ကြေကွဲရှအက်
 သားခြေရာတွေ အပ်ကြောင်းထပ်
 သားနှုတ်ခမ်းတွေ တုန်ရီခြောက်ကပ်
 သားအာရုံတွေ မူးမိုက်လဲကျမတတ်
 ပုထုဇဉ်တွေကတော့ သားကို ရက်စက်နေတုန်းပဲ..။

 အော်ဟစ်ဆဲဆို ခြိမ်းခြောက် ဟိန်းဟောက်
 လက်ညှိုးငေါက်ငေါက်ကြီးတွေအောက်
 မရှက်နိုင် မကြောက်နိုင် သားဒူးထောက်
 ရောက်တဲ့နေရာမှာ သား အောက်ကြို့
 မနှစ်မြို့တဲ့လူတွေ ဆီက
 သားလိုချင်တာ သူတို့ရဲ့ ဂရုဏာလေ..။

 နေပူကျဲကျဲ မီးသရဲ ကြီးလဲ
 သားကို မညှာတာသေးဘူး
 ဓနနဲ့ရှင်သန်တဲ့ လူကုန်တန်တွေလဲ
 မာန အရေခွံတွေ မလှန်ကြသေးဘူး
 ကွဲအက်ပိန်ရှုံ့တဲ့ သားခွက်စုတ်လေးလဲ
 အနုတ်စုတ်လေးတွေ မလုံလောက်သေးဘူး
 ခြေသုတ်ပုဆိုးလူတန်းစား သားလဲ
 ဒီနေ့ ထမင်းမစားရသေးဘူး...။

 ၄။
 သား အသက်ဆက်ဖို့
 တစ်နပ်လောက်တော့ စားမှဖြစ်မယ်.. အဖေ
 ဂျိုင်းထောက်နဲ့နဲ့ ကိုလဲ
 ဂရုစိုက်နေလို့ မဖြစ်ဘူး
 မူးမိုက် ဟပ်ထိုးလဲသွားမှာလဲ
 ဆင်ခြင်နေလို့ မဖြစ်ဘူး
 သားလုပ်ချင်တာ တစ်ခုလောက်
 အရောက်လှမ်းခွင့် ပြုပါဦး ...အမေ.။

 အဖေနဲ့အမေ
 သားရင်တွေ နာလှပါပြီလေ..
သားကို ဘယ်နေရာမှာ ဘာကြောင့်
 ခုလို စွန့်ပစ်ခဲ့ရတာလဲ..
ကမ္ဘာပေါ်မှာ အသက်ရှင်နေသေးရင်
 အမေလို့ အော်ခေါ်ချင်သေးရဲ့.
အဖေ. လို့ ရေရွတ်ချင်ပါသေးရဲ့..။

 သားလိုက်ရှာမယ်....
သား အရောက်လာမယ်....
ပုန်းကွယ်မနေကြပါနဲ့..............
ခုတော့ သားဝမ်းရေးအတွက်..
ခရီးဆက်နေဆဲလေ.............
 ................................................
 "ကျွန်တော် ထမင်းမစားရသေးလို့.........
 ...................................................
သနားကြပါခင်ဗျာ..........................."

 
လက်ဝဲ
(ဟိုးတုန်းက ကဗျာလေးတွေ)

Feb 5, 2013

အိပ်မက်တွေ ကြွေကျနေတဲ့ ကောင်းကင်

စိတ်ကူးတွေအပြင်ဘက်ထွက်ရပ်ဖို့
 လေထဲကတိုက်အိမ်တွေကို အုတ်မြစ်ချဖို့
 ဆေးလိပ်ပြာတွေနဲ့ရောခါချမိတဲ့ အတွေးမှုန်တွေကို
 တစ်စချင်းတစ်စချင်း လိုက်ဆက်ဖို့
 သာမန်ညတွေထဲကနေ ကုန်းရုန်းထတယ်။

 အပေအတေဆန်တဲ့ ပိုးဟပ်တွေက
 ဘ၀တွေကို တတိတိတိုက်စား
 လက်ကြောမတင်းသေးတဲ့ စာရွက်တွေမှာလဲ
 ငါ့ရည်မှန်းချက်တွေ မင်ရည် မှောက်ကျခဲ့ဖူးတယ်။

"ဘယ်မှတ်တိုင်မှာဆင်းမှာလဲ"
ယိုင်လိုက်ယိမ်းလိုက်ဖြစ်နေတဲ့ကြားက
 တွေဝေခြင်းတွေ ဖမ်းကိုင်လိုက်ရင်း
 ဆုံးဖြတ်ချက်က ဘတ်စ်ကားပေါ်မတ်တပ်ကြီးရပ်နေတယ်
 ကားစပယ်ယာ မေးတာ ငါမဖြေရသေးဘူး.။

 ရူးလောက်အောင်စွဲလန်းတယ်ဆိုတာလဲ
 လက်အံသေအောင် ဆုပ်ကိုင်မထားနိုင်တော့
 တဖြုတ်ဖြုတ် လွတ်ကျခဲ့တဲ့ အခွင့်အရေးတွေလဲ
 စုန်းစုန်းမြုပ်နေခဲ့တာ နူးပွသွားတဲ့အထိပေါ့..။

 တစ်နေ့တော့.........
အိပ်မက်တစ်ခုကိုလဲ ကောက်ကိုင်ရဥိးမယ်
 အညှီအဟောက်တွေကိုလဲ ကိုယ်လက်သန့်စင်ရဦးမယ်
 လမ်းဆုံးဘူတာတစ်ခုခုကိုလဲ ဦးတည်ဘရိတ်ဆွဲရဦးမယ်
 လောကကြီးပေးတဲ့ ပါဆယ်တွေ လက်ခံဖို့လဲ
 စာတိုက်ပုံးတစ်ခု ချိတ်ဆွဲထားရဦးမယ်။

 သေချာပါတယ် ..........
တစ်နေ့နေ့ပေါ့.......။ ။

လက်ဝဲ
(ဟိုးတုန်းက ကဗျာလေးတွေ)

Feb 4, 2013

မက်သာမက် ငါ့ကောင်

အိပ်မက်က အိပ်မက်ပဲ တဲ့....
မတူဘူးကွ
ငါ့ အိပ်မက်က alcohol များတယ်
တစ်ခါမက်ရင် တစ်သက်လုံးစွဲတယ်
(မယုံမရှိနဲ့.... ငါ့ကောင်)
တစ်ခုတော့ရှိတယ် ခေါင်းမကိုက်ဘူး ကြည်နူးတယ်
ခံစားချက်နဲ့ ရောမက်ရင် အ၀င်ကောင်းတယ်
မိုးလင်းရင် စိတ်ကြည်တယ်..
အိပ်မက်ဆိုပေမယ့် ဘေးထွက်ဆိုးကျိုးမရှိဘူး
နှလုံးသားအတွက် အထူးသင့်တော်တယ် (မယုံရင် မက်ကြည့်)
ဝယ်ထားလို့တော့ မရဘူး
မက်ချင်ရင် အိပ်ရေး ပျက်ပျက် ပေးရတယ်
တစ်ခါတစ်ခါတော့ လန့်နိုးတတ်တယ်
နောက်ကျောကို မနှိပ်နဲ့၊ ရင်ဘတ်ကိုဖိထား
လန့်နိုးရင် စိတ်ထဲမှာ ချိုပြီးကျန်ခဲ့မှာ
(အဲဒီအခါကျ) မျက်နှာလေးကို ပြုံးဖြစ်အောင် ပြုံးနေလိုက်
ငါပြောတဲ့ အိပ်မက်ရဲ့အနှစ်သာရက
အဲဒီ အပြုံးပဲ
လုံးဝ ဟန်ဆောင်ပြုံး မဖြစ်စေရဘုး.....
အဲဒါ.... အမှန်အကန်......................။


လက်ဝဲ
(ဟိုးတုန်းက ကဗျာတွေ)