Aug 14, 2013

ဘကုန်း/ဝလုံး

ကြမ်းရှတဲ့ ရိုက်ခတ်ထိတွေ့မှုတွေ မရှိဘူး..
ပူလောင်တဲ့ ဘဝရဲ့ ကလူကျီစယ်မှုတွေ မရှိဘူး..
ဒီနေ့ဟာ.. ကိုယ်တိုင် လမ်းဖြစ်တဲ့နေ့
ဒီနေရာဟာ ကိုယ်တိုင် တံခါး ဖြစ်တဲ့နေရာ..
ဒီအချိန်ဟာ ကိုယ်တိုင် လှေခါး ဖြစ်နေချိန်
တိမ်စိုင် တိမ်လိပ်ကလေးတွေလို...
ဖြူ..... စင်.... ပါး.... လျ........
ဘဝ ကို... ပိုးမျှင်စ ကလေး ဆန်ဆန်...
ပျောင်းသွဲ့.. ရိုး ... ရှင်း....
"လောကဓံကို ကိုယ့် ခံယူချက်နဲ့ကိုယ်..
ပစ်ခွင်းပစ်လိုက်စမ်း...."  ရယ်လို့
..................
................
ကိုယ်ဆုပ်ထားတဲ့ လက်သီးနဲ့ ...
ကိုယ့်ကိုယ်ကိုယ် ဆန့်တန်း ကြွေးကြော်ဖို့..
လာ...
ကိုယ့်ကိုယ်ကိုယ်... နင်းတက်...
ကိုယ့်ကိုယ်ကိုယ်... ဆွဲဖွင့်....
ကိုယ့်ကိုယ်ကိုယ်... နင်းလျှောက်...
ကိုယ့်ကိုယ်ကိုယ်.....
အဲလိုနဲ့...
ဝလုံးကလေးကို ဝိုင်းဝိုင်းရေးတတ်လာလိမ့်မယ်..
"ရပ်နိုင်ပေ့" ဆိုတဲ့ လက်ခုပ်သံကို သာယာတတ်လာလိမ့်မယ်..
နောက်ဆုံး ....
ကိုယ်ကိုယ်တိုင်ဟာ..
ဘဝ ဖြစ်သွားလိမ့်မယ်..။    ။


လက်ဝဲ

Aug 9, 2013

ကိုယ်ပြောချင်တာတွေ ပြောချလိုက်တယ်၊ အနာဂါတ်ဟာ.. ဒီကဗျာထဲမှာ

ကိုယ့် သံယောဇဉ်လေးတွေ ထည့်ချုပ်ပေးလိုက်တယ် ရွှေတေး၊
(မင်းမေးချင်တာလေးတွေကို ကြယ်သီးကလေး တပ်ပြီးပဲ ဝတ်ထားလိုက်ပါတော့)
စိတ်ထဲမှာလဲ.. အဲဒီနေ့ကတည်းက မကောင်းဘူး.. ရွှေတေးရယ်..
ကိုယ်.. (တစ်ချက်တစ်ချက်) လေတွေထဲ... ဝဲ... ဝဲ.. ပြီး လွင့်သွားနေတတ်တယ်..
ခက်နေပြန်ပြီပေါ့... ရွှေတေးရယ်... ကိုယ် ကိုက ဒီ မီးတောက်ကလေးကို ထွန်း.. ညှိ.. မိ.. တာ.. ကိုး..
အလင်းရောင်ပေမယ့်.. ပူလောင်နေသလား.. အို... (ကိုယ် ဒီမီးခြစ်ကလေးကို လွှင့်ပစ်ချင်လိုက်တာ)
မှုတ်ငြှိမ်း အဆုံးသတ်လိုက်ရင် ကိုယ်ရော.. မင်းရော.. အမှောင်တောထဲ...
ပျော်ပါစေ ဆိုတာကိုပဲ.. ခဏ ခဏ ပြောနေရမလား... (ဒါမှ မဟုတ်)..
ကိုယ့် သီချင်းတွေဟာ ကိုယ့် သိက္ခာပါဆိုတာ... (အခါခါ အထပ်ထပ်) ရေရွတ် လို့.....
မင်းပါးပေါ်မှာ လက်ကလေး အပ်ပြီး ချစ်ငွေ့နွေးနွေးလေးဟာ ကိုယ်ပါလို့...
ပြောနေရမလား... ကွယ်.... ပြောနေသင့်သလားကွယ်... ပြောနေနိုင်သလားကွယ်...
ကိုယ့်ခြေလှမ်းတွေက ကိုယ့်ကို ပြန်မေးလို့ နောက်ဆုတ်လိုက်ရတာမျိုး...
စောင့်ထိန်းခြင်း တစ်မျိုးက ကိုယ့်ကို စီးမိုးထားတယ်...
အဲလိုနဲ့...................
ကိုယ်.....
ကိုယ့် သံယောဇဉ်လေးတွေ ထည့်ချုပ်ပေးလိုက်တယ်....
ကိုယ့်ရွှေတေးလေး သိပ်လှတယ်...
ကိုယ့် မျှော်လင့်ချက်လေးတွေ ထည့်ချုပ်ပေးလိုက်တယ်..
ကိုယ့်ရွှေတေးလေး.. သိပ် ကျက်သရေ ရှိတယ်..
(အဲ့ဒီနေရာမှာ ကိုယ် အနမ်းတစ်ပွင့် ခြွေလိုက်တယ်)
ကိုယ် အမြဲတမ်း ချစ်နေမှာပါ ရွှေတေးရယ်...
ဘာပဲ ဖြစ်ဖြစ်...
ကိုယ်တို့ တစ်သက်လုံး လွန်းထိုးသလို အသွားအပြန်လေး ရှိနေခွင့်ဟာ...
တစ်ခြား.. ဘယ်သူ့အပေါ်မှာမှ မူတည်မနေဘူးဆိုတာ...
ရွှေတေးကလေး သိနေမှာပါကွယ်...
ကိုယ်တို့ နီးစပ် ကျွမ်းဝင် ချစ်ခင်နေကြစို့ရဲ့နော်..
ကိုယ်... ကိုယ်...
ကိုယ် ပြောချင်တာလေးတွေ ထည့်... ချုပ်.. ပေး... လိုက်... တယ်...။ ။

 
 လက်ဝဲ

Aug 3, 2013

လခြမ်းကွေးကွေးလေးပေါ်မှာ ပျော်ပျော်ကြီး အိပ်ချင်တဲ့ ကောင်မလေးနဲ့ ကိုယ်


ညွတ်စင်း လင်းပတဲ့ လရောင်ကိုပဲ
တောင့်တရတော့မလား..
ဒီလို လဆန်းရက်မျိုးကိုမှ
ကိုယ်က ခင်တွယ် လွမ်းဆွတ်မိတော့..
ကိုယ့်မှာ.. ချစ်ခြင်းကိုပဲ ကိုးရမလို...
ကြယ်ကိုပဲ ခိုးပြီးနမ်းရမလို ပေါ့။

ကိုယ် ရေးခြစ်ထွင်းထုမိတဲ့
ကျောင်းသားကျောက်မြေပေါ်က အက္ခရာတစ်လုံးဟာ..
မင်းအတွက် သီကုံးပေးဖူးတဲ့ အပြုံးလှလှလေးတွေပဲ..
အဲတုန်းတွေကလဲ လှတယ်..
ကျောက်ထက်တင်တဲ့ အပြုံးဟာ ပိုပြီး..
ခုံးဝန်းတောက်ပ..
ဒို့ညတွေဟာ.. အပြည့်အဝ
လခြမ်းဆန်တယ်။

ကိုယ်
မင်း
ကို
ချစ်
တယ်.....။

ကောင်းကင်ကို မော့ ပြောမိသလား...
ခေါင်းငုံ့ပြောမိသလား...
မင်းမျက်ဝန်းနဲ့ ဆုံပြီးပြောမိသလား....
ကိုယ်.. မင်းကို.. ချစ်တယ်...
စကားအဆုံးက ပုဒ်ရပ် ( ။ ) ကလေးထဲမှာ..
ကိုယ်..
ခဏလေး ပုန်းနေချင်တယ်။

ကိုယ်တို့ လခြမ်းလေးက... ရယ်နေတယ်..
မင်းကလေးက ဆံပင်တွေကို သပ်တင်နေတယ်..
ကိုယ်က ဘယ်ကိုမှန်းမသိ... ငေးနေတယ်..
အဲလိုနဲ့...။

အဲလိုနဲ့...
ကိုယ်တို့တွေ...
နီးနီးလေးကို ပြေးလာနေရတယ်..
အဲလိုနဲ့
ကိုယ်တို့တွေ....
သိပြီးသားကို အဖြေရှာနေရတယ်..
အဲလိုနဲ့
ကိုယ်တို့တွေ..
ရေးပြီးသားကို နိဒါန်းပြန်ပျိုးနေရတယ်...။

ကမ္ဘာပေါ်မှာ
ချစ်သူ အလိုကျစေ ပြုံးစေရယ်စေဖို့ထက်..
တေးအထပ်ထပ် ညည်းဆိုဖို့
ကဗျာ၊ စာ ရွတ်ဖတ်ဖို့တောင်..
အချိန်မပေးချင်တော့တဲ့ ကိုယ်ဟာ..
မိုးတွေ ပိန်းပိတ်အောင်မှောင်နေတဲ့ ကောင်းကင်မှာ..
မင်း ခဏခဏ သာ သာ ပြတဲ့ လခြမ်းကွေးကွေးလေးကို
ကိုယ့် ရင်ငွေ့နွေးနွေးလေးနဲ့
ရေး တင်ပေးချင်တယ်..။

ဒါ
လောက်
ပါ
ပဲ။

 
လက်ဝဲ