Sep 13, 2012

ဇော


အဲဒီညကြီးတစ်ကိုယ်လုံး စိုရွှဲလို့
အဲဒီတုန်းက ကျွန်တော်တို့ဆိုတာ (ကလေးဆိုတော့)
ညက ခြောက်ရင် ကြောက်တတ်တုန်း
ခုတော့ ကြည့်
အဲဒီည တကယ့်ကို စိုရွှဲလို့….
(သိပ် သနားဖို့ကောင်းတာပဲ..)…။
ကိုယ့်လျှာကိုယ် ပြန်ကိုက်မိထားတဲ့မိုး
အညိုးကြီးကြီးနဲ့ ညပေါ်ကို ခုန်ဆင်းတယ်
ပြီးတော့ ဝုန်းကနဲ ဒိုင်းကနဲ ပြဲလန်နေအောင် ရွာတယ်..။
အဲဒီတုန်းက ကျွန်တော်တို့ဆိုတာ
ပြိုးပြိုးပျက်ပျက် ကောင်းကင်အက်ကြောင်းတွေကို မြင်
အဖေ့ရင် ဘတ်ထဲ ဝင် ဝင်ပြီး ငိုခဲ့ရတာ…
မိုးက ခြောက်တော့လဲ.. ကြောက်တာပေါ့.. (ကလေးကိုး)…။
ဖြောင်းကနဲ ဖြောင်းကနဲ သွပ်ပြားပေါ် မိုးသီးကျ ကွဲသံ
ပြီးတော့ နားနားကပ်ပြောတဲ့ အဖေ့အသံ
"မိုးသီးစားရင် သား အကြောက်ပြေလိမ့်မယ်" တဲ့….။
ကျွန်တော့်ကို ကုတင်ပေါ် ထားခဲ့ပြီး
ထီးတစ်လက်နဲ့ မိုးထဲ ထွက်သွားတဲ့ အဖေ…
မိုးသံ တစ်ဖြောင်းဖြောင်းကြားမှာ အဖေ့အသံကို
ကောင်းကောင်း မယုံသေးဘူး.. (ဟုတ်လို့လား အဖေ)..။
အဖေကတော့ တကယ်ပဲ မိုးသီးတွေ ထွက်ကောက်နေပြီ.
မျက်ရည်လေး စမ်းစမ်း စမ်းစမ်းနဲ့ အဖေရပ်နေတဲ့ လမ်းဘက်ကို ငေးလို့….
အဖေ့မှာတော့ မိုးသီးတွေကို (မိုးနဲ့ အပြိုင်) သည်းကြီးမည်းကြီး ကောက်လို့..
စောင်ခြုံထဲကနေ ကျွန်တော်က ခေါင်းထောင်ထောင်ကြည့်ရတာ အမော…။
အဖေကလေ….
မိုးသီးကို ရှေ့ကကောက်.
နောက်က မိုးသီးက အရည်ပျော်
ရှေ့က မိုးသီးကောက်
နောက်က မိုးသီး အရည်ပျော်
ရှေ့ကကောက်
နောက်က အရည်ပျော်
ရှေ့ကကောက်
နောက်ကပျော်
သားလဲ.. အဲဒီညက
ကောင်းကောင်း အိပ်မပျော်ပါဘူုး… အဖေ…။


 လက်ဝဲ

Sep 6, 2012

လူမှုယန္တရားဟာ နာရီလည်နှုန်းအတိုင်း ခင်ဗျားဆီ

ဝင်လာကတည်းက ခြေလှမ်းအမှားကြီးက
ဖယောင်းပုဆိုး အမှားကြီးပေါ်မှာ....
လေကို လေနဲ့ မှုတ်လိုက်တယ်
အံ့သြစရာ ကောင်းလောက်အောင်
မုန်တိုင်းတစ်ခု ထွက်ကျ လာတယ်။

ကြက်သီးမွှေးညှင်းတွေ ရွက် ထားတဲ့ ကျွန်တော့်ကို
အဓိပ္ပါယ်မရှိ ဝိုင်းထမ်းကြပြန်
ကျွန်တော့်မှာတော့ ဒုက္ခသည်တစ်ယောက်လို
ဝမ်းလျားထိုး ကောင်းကင်ကြီးအောက်မှာ
ပက်လက်ကလေး လန်လို့။

လိုအပ်ခြင်းနာရီတွေ ရပ်နေတယ်
ကိုယ်စီကိုယ်စီ ပြာယာခတ်နေကြပြန်တယ်
ကျွန်တော် လှမ်းအော်မယ်လုပ်တော့
ကျွန်တော့်ပါးစပ်ထဲက မုန်တိုင်း ထွက်လာတယ်
ကျွန်တော် ထ ထိုင်မယ် လုပ်တော့
ကျွန်တော့် နာရီ ရပ်သွားတယ်။   ။


လက်ဝဲ