May 28, 2013

စင်သီယာ အနေအထိုင် မတတ်တဲ့ ကိစ္စ

ကိုယ့်မျက်လုံးထဲမှာ.. ဒီည မင်းက
 ဖန်စီ အလှဆင်ပစ္စည်းတွေ တစ်ချွင်ချွင်မြည်ပြီး
 စပေါ့လိုက်ထ်တွေ တစ်ဖျက်ဖျက် လက်နေတဲ့
 ကဗျာတစ်ပုဒ်ပဲ..
ကိုယ် သိပ် အာရုံနောက်တယ်.. စင်သီယာ။

သိပ်လှတဲ့ ကကြိုးတွေနဲ့ မင်း တိုင်ဖက်ကနေတာလား
ဒါမှမဟုတ်
ဖန်ခွက်ချင်း ဂွပ်ကနဲ ထိပြီး ပြီတီတီ အပြုံးတွေနဲ့
ရေပေါ်ဆီ လူတွေကို သောက်သောက်ပစ်နေတာလား
မင်းအတွက် ရင်မောလိုက်တာ စင်သီယာ။

မင်းဟာ ဆေးလိပ်ပြာလား..
ဆေးလိပ်ပြာလိုပဲ.. မီးစလေးရဲ့ ထိပ်မှာ..
အိတွဲတွဲလေး ကပ်ပါနေတာလား..
မင်းဆီက ပြိုးပြိုးပျက်ပျက် အနံ့တွေကို
ကိုယ်မကြိုက်ဘူး စင်သီယာ
မင်း မလာနဲ့.. ကိုယ့်နား မကပ်နဲ့။

မင်း စကတ်တိုလေးကို မသိမသာ ငေးနေကြတယ်
မင်း စကတ်တိုလေးကို မသိမသာ လှစ်ဟပြနေတယ်
တကယ်တော့ Dancing Floor ဆိုတာ.. ကျဉ်းကျဉ်းလေး..
အဲ့မှာ မင်းက လှည့်ပတ် ပြေးနေတယ်..
မင်းစကတ်က တိုတိုလေး .. စင်သီယာ
သတိလဲထားဦး။

မင်းရဲရဲနီအောင် ဆိုးထားတဲ့
နှုတ်ခမ်းလွှာတွေက ကလူကျီစယ်သလား
မင်း ရင်သားတွေကို ထိကပ်ထားတဲ့ သူ့ လက်တွေက ဘာတွေလဲ
သူ့ပေါင်ပေါ် တစ်ခြမ်းတင်ထားတဲ့ မင်းတင်ပါးကရော..
ကိုယ်... သဝန်တိုတာ မဟုတ်ဘူး စင်သီယာ..
ကိုယ်...
မင်း စကတ်လေး တိုနေလို့
ရင်ခုန်တာ၊
မင်းနှုတ်ခမ်းနီတွေ ပျက်ကုန်လို့
စိုးရိမ်တာ။ ။




လက်ဝဲ

May 26, 2013

ကိုယ့်ရင်ဘတ်ဟာ ကိုယ်နဲ့ အနီးဆုံးပေါ့

တိမ်စ တစ်ချို့တစ်လေတောင်မှ
လင်းပကြည်စင်ဖော်မရပဲ
မိုးက အငြိုးအတေးကြီးကြီးနဲ့
ကမ္ဘာကြီးပေါ် ထိုးအန်
အကြိမ်ကြိမ် စွတ်စိုခြင်းတွေနဲ့ ကိုယ်..
မိုးရေထဲမှာပဲ ခိုးပြီး ငိုရမလား။

လျှပ်စစ်မျှင်တန်းတွေ
ချိန်ရွယ် လင်းတောက်ကြ
ကိုယ့်ရင်ကိုပဲ ကိုယ်ခိုလှုံရသူမှာ..
ရှင်ကြီးလဲကြောက် ကျားလဲကြောက်
အင်အားတွေ မလောက်မငှ ဖြစ်ရပုံများ
သိမ်ငယ်စိတ်နဲ့များ ဖျားလေမလားကွယ်။

ဟင့်အင်း............
(“လူဆိုတာ ထီးရွက်တွေ မပါလဲ
ကိုယ်ဖာသာ လျှောက်ရဲရတယ်ကွဲ့”
-တာရာမင်းဝေ-)
ကိုယ့်ကိုယ်ကိုယ် တစိမ့်စိမ့်နဲ့ အားပေးမယ်
ကိုယ့် ရင်ခုန်သံကို ကိုယ့်ဟာကိုယ် မွေးမြူမယ်
ကိုယ်ဟာ မိုးက ခြောက်ရင် ကြောက်တဲ့ အရွယ် မဟုတ်တော့တာ
ကိုယ့် နှလုံးသားကို ကိုယ် ဖုန်းပြန်ခေါ်ပြီး ပြောရလိမ့်ဦးမယ်..
ကိုယ် အားမငယ်တော့ဘူးကွယ်။

ကိုယ့်ရင်ဘတ်ဟာ ကိုယ်နဲ့ အနီးဆုံးဖြစ်ကြောင်း
ကိုယ့်ခြေထောက်တွေဟာ ကိုယ့်လမ်းကြောင်းပဲ ဖြစ်တဲ့အကြောင်း
ကိုယ့်မွေးဖွားခြင်းမှာ လောကဓံက အရံလူ
ကိုယ်ကလွဲရင် ဒုက္ခဆိုတာ..
မီးခိုးတစ်လူလူနဲ့ ဘေးထွက်ရပ်နေရမယ်..
ကိုယ် မင်းတို့တွေကို
ဒီအကြောင်းတွေ... ဟာသတစ်ပုဒ်အနေနဲ့
ကြုံတော့ ဆုံတော့မှ ပြန်ပြောပြရဦးမယ်
ကိုယ်လား..
အဆင်ပြေပါတယ်။ ။
 
လက်ဝဲ

May 23, 2013

မျက်ရည်ခေတ်

အဲဒီခေတ်အကြောင်းပြောရရင်
ကျွန်တော် အမြဲ ငိုရတယ်
နှစ်ဖက်ရှိရင်လဲ တစ်ဖက်ကို သတ်တယ်
လေး ငါးဖက် ရှိရင်လဲ အဲဒီ တစ်ဖက်ကိုပဲ သတ်တယ်
အဲဒီ ခေတ် က တစ်ဖတ်သတ် ခေတ်။
ပိုပြီး ဝမ်းနည်းစရာ ကောင်းတာက
အသတ် ခံရတဲ့ဖက်က ကျွန်တော်တို့ဖက်ခြမ်း
အလှမ်းဝေးရင်လဲ ဝေးမြဲဝေးတော့
နီးနေရင်လဲ ထပ်ပြီး မဝေးတော့တဲ့ ခေတ်
ကွာဟမှု အပြင်းထန်ဆုံး ခေတ်။
ညစ်ကျယ်ကျယ် စိတ်ဓါတ်တွေနဲ့
လမ်းမကြီးတွေ မဲနက် မှောင်မိုက်နေတဲ့ခေတ်
စိတ်မကောင်းစရာ . အဲဒီ ခေတ်ဟာ ကန်းနေရှာတယ်လေ..။
သစ္စာတရားဟာ အဲဒီ ခေတ်မှာ
ဈေးအပေါဆုံး ထုတ်ကုန်တစ်ခု
အခုပဲကြည့် ပလက်ဖောင်းပေါ်မှာ
သစ္စာတွေ ဆိုတာ …. ပြန့်ကျဲ လို့..
အဲဒီ ခေတ်မှာ သစ္စာက အပယ်ခံ။
အသံတွေ အားလုံးဟာ ခြောက်ခြားနေတယ်
လှုပ်ရှားမှုတိုင်းဟာ ကြီးကြီးမားမားကို မှားနေတယ်
မျက်လုံးအကြည့်တိုင်းဟာ သွေးပျက်နေတယ်
ဘယ်သူ့ကိုမှ ဘယ်သူကမှ နောက်ကျော မလုံကြတော့တဲ့ ခေတ်.။
ပါးပေါ် စီးကျနေတဲ့ မျက်ရည် မခြောက်သေးခင်
ကျွန်တော် တစ်ခု ထပ်ပြောဦးမယ်..

အဲဒီခေတ်မှာ….
မျက်ကန်းက အစ တစ္ဆေကြောက်တယ်။


-လက်ဝဲ-

May 18, 2013

ခေါက်ရိုးကျိုး ကဗျာဆရာ

လမ်းကပဲ ရှည်လျားလာလို့လား ခြေထောက်တွေကပဲ လေးလံလာလို့လား
ကျုပ် ခရီးတွေ နှေးကွေး ဝေးလံလာ... ဖင့်နှေး ကြာညောင်းလာ..
ကျုပ်ဟာ အိမ်ဆိုတဲ့ ဝေါဟာရကို မျက်ကွယ်ပြု ကျောခိုင်းလာတဲ့ “လူ”
“လူ” တွေ လက်ညှိုးထိုးကြတယ် မေမေ “လူ” တွေ မေးငေါ့ကြတယ် ဖေဖေ
“လူ” တွေ ဟားတိုက်ရယ်ကြ ပျက်ရယ်ပြုလှောင်ပြောင်ကြတယ် ညီမလေး ရဲ့ သိလား
(သားက လူမိုက်တဲ့.. သားက အလေနတော တဲ့... ကိုကို့ကို လူဆိုးလူပေ တဲ့ကွယ်...)
တကယ်တော့ ကျုပ် ဟာ လူငယ်တစ်ယောက်ဆိုတာထက် ဘာမှ ထူးပြီး
ဝူးဝူးဝါးဝါး လုပ်ခဲ့တဲ့ “ကောင်” မှ မဟုတ်တာ...
(သား မုန်းလိုက်တာ ဖေဖေတို့ မေမေတို့ရယ်၊ ကိုကို သူတို့ကို ရွံလိုက်တာ ညီမလေးရယ်)
ကျုပ်တို့ မိသားစု က “ကိုင်း” လား.. ပတ်ဝန်းကျင် အသိုင်းအဝိုင်းကရော “ကျွန်း” လား
ဘယ်သူတွေက ဘယ်သူတွေကို “မှီ” သလဲ.. 
ကိုယ့်ဘ၀ က သူတို့ ပါးစပ်ဖျားနဲ့ ပက်သက်ဆက်နွယ်သလား
သစ်တစ်ပင် ဝါးတစ်ပင်အောက်မှာ ကျုပ်က
လင်းပတောက်ပြောင် မနေတာတော့ သိရဲ့.. သိပါရဲ့ကွယ်..
ဒါကိုပဲ လူမှုဝန်းကျင်လို့ ခေါ်သလား.. ဒါကိုပဲ လူနေမှုစနစ်လို့ ခေါ်သလား
အလကားပဲ အမေ..  အလကားပဲ အဖေ အလကားပဲ ညီမလေးရဲ့
(ကိုယ့်လေးကိုင်းနဲ့ကိုယ် ခုံးညွတ်နေတဲ့ သားက
အမေ့ အံဆွဲကို မသမာတဲ့ မျက်လုံးနဲ့ မကြည့်ဖူးဘူး...
ဖေဖေ့ကို ခက်ထန် ရိုင်းစိုင်းပြီး တစ်ခွန်းပြန်မပြောဖူးဘူး
ကိုကို ညီမလေးကို မရိုက်ဖူးဘူး မငေါက်ဖူးဘူး.. မဟုတ်လား)
တကယ်ပါ... ကျိန်စာ တိုက်လို့ရရင် ကျုပ်မျက်ရည် စူးပါစေ..
ခုတော့ ကျုပ် လမ်းပေါ်တွေ့သမျှ ခဲလုံးတွေ လိုက်ကန်နေရုံကလွဲ
ကျုပ် ကဗျာတွေနဲ့ အသက်ဆက်နေရုံကလွဲ...
ကျုပ်က မေတ္တာမွဲပြီ.. ကျုပ်က မိသားစု ငတ်ပြီ
“မိသားစု ဂုဏ်သိက္ခာ ကျဆင်းအောင် အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါသောကြောင့်”
ကျုပ်ကို အိမ်ရာမဲ့ တစ်ယောက်ဖြစ်ဖို့ အဲ့ဒီ ခေါင်းစဉ် တပ်လိုက်တော့ရော..
မိသားစု ဆိုတဲ့ ဖေဖေတို့ မေမေတို့ ညီမလေးတို့ အိမ်လေးက ပြည့်စုံသွားရောလား..
(သားရဲ့ အခန်းထဲက ဂစ်တာသံ ဒေါင်ဒင်ကို မကြားရတော့ နားအေးသွားကြရောလား
“ထမင်းစားချိန် ကို မလွတ်စေနဲ့ သား” လို့ သတိပေးစရာ မလိုတော့ အေးချမ်းသွားရောလား
“ကိုကို.. ညဥ့်နက်ပြီ အိပ်တော့” လို့ ပြောစရာ မရှိတော့.. ညီမလေး အိပ်ရေးမပျက်တော့ဘူးလား..)
ထားပါ.... ကိုယ့်မိသားစု ရဲ့ ဘုန်းတန်ခိုးကို ကျုပ် မုန်းရိုးထုံးစံ မရှိချင်ပါဘူး...
လွယ်အိတ်တစ်လုံးရယ်၊ စာရွက်တစ်ထပ်ရယ်၊ ဘောလ်ပင် တစ်ချောင်းရယ်
လခပေးနေရတဲ့ အဆောင်တစ်ဆောင်ရယ်၊ ဖလက်တံ ကောက်နေတဲ့ ဂစ်တာတစ်လက်ရယ်
ကျုပ် “လူ” မည် ပါတယ်... ကျုပ် နေလို့ထိုင်လို့ အဆင်ပြေပါတယ်...
“အမွေပြတ် စွန့်လွှတ်လိုက်သည်” “................................”
“အမွေ” ကို သား မကိုးစား ပေမယ့် “စွန့်လွှတ်” ဆိုတဲ့ သတင်းစာ စာလုံးလေးကိုတော့
ရင်နာနာနဲ့ နေ့တိုင်း ကြည့်ဖြစ်ပါတယ်..
(အဲဒီ စာလုံးလေးပေါ်ကို နေ့တိုင်း မျက်ရည်စက်တစ်စက် ပုံမှန်ကျတယ်)
သား... အမေဆီဆမ်းကျွေးတဲ့ ထမင်းပန်းကန်ကို လွမ်းတယ် မေမေ
သား... ဖေဖေ့ဆီက ငှားငှား ဝတ်တဲ့ ပုဆိုးတွေကို သတိရတယ်
ညီမလေး ကို ရှင်းမပြရတာ ကြာပြီ ဖြစ်တဲ့ ကျောင်းစာတွေကို ကိုကို တမ်းတတယ်..
မေမေတို့ ဖေဖေတို့ သားကို သတိမရနဲ့နော်..
ညီမလေး ကိုကို့ကို မလွမ်းနဲ့နော်...
(သားက လူမိုက်၊ သားက အလေနတော၊ ကိုကိုက လူဆိုးလူပေ ကွဲ့)
လက်ကြောမတင်းတဲ့ကောင်ပေါ့၊ ဆန်ကုန်မြေလေးတဲ့ ဆံပင် ဘုတ်သိုက်နဲ့ ကောင်ပေါ့
ခု..... ပတ်ဝန်းကျင်ကြောင့် ဘေးထွက်ရပ်နေရတဲ့ ကောင်ပေါ့
အိမ် ငတ်တဲ့ကောင်၊ မိသားစုအသက်ကလေး ဆုံးပါးသွားတဲ့ကောင်
တကယ်ပဲ.. အိမ်လွမ်းနေတဲ့ ကောင်
ကျုပ်ကို “ယောင် ခြောက် ဆယ်” လို့ ခေါ်ရင်တော့ ကျုပ် ရင်နာမိမှာပဲ
ကျူပ် ကဗျာဆရာ။ ။


လက်ဝဲ

သူ့နာမည်လေးကို တမ်းတပြီး မရေးရက်ခဲ့ဘူးကွယ်


ကိုယ့် အာရုံတံတိုင်းကို ပန်းစူးစူးတွေ ဝင်စိုက်တယ်
ဝင်လာတုန်းက အတိုင်း ပြန်ထွက်သွားတဲ့ အတွေးရိုင်းရိုင်းတွေက
ကိုယ့်ကို တံတွေးခွက်ထဲမှာ မျှောလိုက်ကြတယ်
ကိုယ့်မျက်နှာကိုယ် ခြေထောက်နဲ့ နင်းပြီး ဝှက်ထားရတော့မလို..
အရင်လို မဟုတ်တော့တဲ့ ဘာသာစကားတွေက
ကိုယ့်ကို လာပြီး အထေ့ထေ့အငေါ့ငေါ့တွေ လုပ်ပြနေတယ်..။

သွားပြီ......................
ဘယ်နားကို သွားပြီး နောက်တစ်ခေါက် စွန်းပေနေပါသလဲ...
ဘယ်လို အချိန်မျိုးတွေမှာ..
ကိုယ့်ကို နာနာကြည်းကြည်း တောက်ခေါက်နေပါသလဲ..။

သေဆုံးပျောက်ကွယ်လု ဆဲဆဲ အချစ်က
အသက်ငင်နေသေးသလား
ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေသေးလား...
ဒရစ်(ပ်) ပိုက်တွေ အကြောပေါင်းစုံထဲထည့်ပြီး..
နှလုံးခုန်သံ ပြန်နားထောင်ဖို့ ကြိုးစားနေသေးသလား..
ဒါမှမဟုတ်
အသက်ကို တစ်မျှင်ချင်းဆွဲထုတ်ပြီး..
သတ် သေ နေသလား..။

ကိုယ့်မှာတော့ လမ်းလျှောက်ရင်းလဲသေ အိပ်ရင်းလဲ သေ..
အသက်ရှူရင်းနဲ့လဲ... သေ (ရှင်သန်ရင်းလဲ သေမြဲ သေဆဲပဲ)
ဝင်္ကပါတစ်ခုလိုပဲ... ရှုပ်ထွေးဆန်းပြားလှပါတယ်လေ...
မတိုးဝင်ခဲ့ချင်စမ်းပါနဲ့... (ဟင့်အင်း ... သွားပါကွယ်...)။

နော်.... တို့တွေ.......
အို.......... ကြည့်စမ်း
ဒီအချိန်မှာ..
ငါ.........
ဘာစကားကို အပြောသင့်ဆုံးပါလိမ့်...
(ခက်တယ်ကွယ်)။ ။



-လက်ဝဲ-

May 14, 2013

ခိုနားရာ

ညနေလှလှလေးတွေဆို
နင့်နင့်သီးသီး စူးဝင်နေတဲ့
ခံစားချက်တွေ ငိုတယ်
တိမ်ရောင် နီစိုစိုလေးတွေလဲ
...
တဖွဲဖွဲ ပြိုအိ ညွတ်ဆင်း
လွမ်းဆွတ်ခြင်းတွေ
ရင်ပြင်တစ်ခုလုံးမှာ
ဖြန့်ခင်းထားလိုက်တယ်။

ဘတ်စ်ကား ပြတင်းပေါက်လေးကနေ
ချေင်းချောင်းကြည့်တတ်တုန်းပဲကွယ်
မှတ်တိုင်ရှေ့ ပလပ်ဖောင်းစွန်းလေးမှာ
ခြေစုံရပ် လက်ပြနှုတ်ဆက်မဲ့သူ မရှိဘူး
ကျွန်တော့် အာရုံ အလီလီ တို့က
အဲ့ဒီနေရာမှာ ငြီးစီစီကြီး ရပ်ကျန်နေခဲ့
အဲ့ဒီလို ပလပ်ဖောင်းစွန်းမှာ ကျွန်တော် ရပ်ကျန်နေရင်း
ဘတ်စကားပေါ်မှာ အသက်မဲ့စွာ ကျွန်တော် ပါသွားရင်း
ကျွန်တော် ပြင်းရှရှ သတိရလိုက်တယ်။

မျက်လုံးလေး မှိတ်ထားရင် သူ့ကို မြင်တယ်
မျက်လုံးလေး ပြန်ဖွင့်လိုက်တော့
သူ့ကို တခုတ်တရ လွမ်းမိသွားရော..
ဒီလိုနဲ့ ကျွန်တော်
အုတ်အရောရော ကျောက်အရောရော
သူနဲ့ စီးမျောမိပါလေရော။

စကားတွေ အများကြီး ပြန်ကြားတယ်
နက်မှောင် ယဉ်ကျေးတဲ့ ဆံပင်ရှည်လေးကို ပြန်တွေ့တယ်
ထီးအပြာလေးအောက်ကို ပြန်ရောက်တယ်
မျက်ရည်ဝဲနေတဲ့ မျက်ဝန်းအိမ်စိုစိုလေးကို ပြန်မြင်တယ်
အို.. မငိုပါနဲ့ ကွယ်... လို့...
အဲလိုနဲ့ ကျွန်တော်..
မျက်ရည် ကျမိပြန်ရော။

လက်အစုံတို့နဲ့ ကျွန်တော့် ဘဝကို
ယူငင်ခေါ်ဆောင်ပါ
ကျွန်တော် လေးမြတ်ကြည်စင်ရတဲ့ သူကလေးရယ်
ကျွန်တော့် ညတိုင်း
ကျွန်တော့် နေ့တိုင်း
ကိုင်းညွတ် ရိုသေ ပါရစေကွယ်။
လက်ဝဲ