May 11, 2012

သိင်္ဂါရီ မနက်ဖြန်များသို့

သက္ကရာဇ်တစ်ခု ထဲမှာ
လူသားရဲ့ လူသားဆန်မှု တွေနဲ့
သင်
ဘယ်အသက်အရွယ်ကို ခြေချမလဲ။

ထီးနဲ့ ဖိနပ်လို ခံယူချက်တွေနဲ့
နွေခေါင်ခေါင်လဲ
လျှောက်စေ။
ဆူးခင်းလမ်းလဲ
ရောက်စေ။

သင် ဟာ တကယ်ပဲ
ရင့်ကျက်လူငယ်တစ်ယောက်
ဖြစ်သင့်ဖြစ်ထိုက်စွာ
ဖြစ်စေ။


လက်ဝဲ

May 5, 2012

ကြမ်းပေါ် ပုံထားတဲ့ မာန

ချွေးနဲ့ ဆောက်ထားတဲ့ ခနော်ခနဲ့ အိမ်လေးလေ
ကနုတ်ပန်းဆွဲတွေ မရှိတော့ရော
ဘာဖြစ်သေးလဲ။

ဘ၀ ဆိုတာ ရုန်းကန်နေရမှ
သူ့ရုပ်လုံးပေါ်လာတတ်သတဲ့
ကျုပ်ဟာ
နေပူု ကျဲကျဲမှာ ဖြစ်ဖြစ် မိုးသည်းထဲမှာ ဖြစ်ဖြစ်
သူ့ကို ထုဆစ်တဲ့ ပန်းပုဆရာတစ်ယောက်
ဖြစ်ချင်ခဲ့/ ဖြစ်နေခဲ့ရပြန်တယ်။

အောက်ခြေလူတန်းစား ဆိုတာ
အပေါ်ယံလေးပဲ ကြည့်ချင်တယ် ဆိုရင်တောင်
ငုံကြည့်မှ မြင်ရမယ့် အမျိုးဆိုတော့
ကျုပ်က ဘယ်သူ့ကိုမှ
အိမ်ထဲကို ဖိနပ်ချွတ်ဝင်လာဖို့ မတိုက်တွန်းပါဘူး။

ကိုယ့်စွမ်းအင်ကိုယ် ချနင်းရလို့
သိပ်မလင်းပါဘူး မိတ်ဆွေ
ဒီလိုပဲ ကျုပ်တို့
အုတ်အရောရော ကျောက်အရောရော
နေနေကြရတာ။

ဒါလဲ အမြင်ပိုင်းဆိုင်ရာ သက်သက် ပါလေ
ရင်ထဲမှာ နှလုံးထဲမှာ...
(ပြောရရင် ကြီးကျယ်ရာတော့ ကျတယ်)
လမင်းလောက်သာ မခမ်းနားတာပါ
ကြယ်လေးလောက်တော့
တောက်ပချင်စိတ် ပြင်းပြပါတယ်။    ။

လက်ဝဲ

Apr 13, 2012

ကြယ်ကိုစွဲပြီး ကြွေတဲ့လူ

မေမေပြောဖူးတဲ့ ပုံပြင်တွေထဲ
ဇာတ်လိုက်တွေက
ကြယ်တွေပဲ ဖြစ်သွားကြ...
သူတို့ ကြွေလွင့်မှုတွေ
လှ လို့  ပ လို့...။


မေမေရေ...
ပုံပြင်တွေကလဲ လင်းပြတယ်
သမိုင်းတွေကလဲ ကဆုန်ပေါက်ပြတယ်
သူတို့ ရာဇဝင်တွေက
သားရင်ဘတ်ကို တပ်လှန့်နေကြတယ်။

အိပ်မက်တွေ အလံတလူလူနဲ့
ကျူ တစ်ရိုးနဲ့ ဖြစ်ဖြစ်
ကြာ တစ်ရွက်နဲ့ ဖြစ်ဖြစ်
တစ်ခေတ် တစ်ခါမှာ..
သားက...
လူပီသ ပစ်လိုက်ချင်တာ မေမေရဲ့။

ကြေးစည်သံ ကြားတယ် မေမေ...
ရေအိုးခွဲသံ ငိုသံတွေထက်
ကြယ်ဖြစ်သွားတဲ့ သားအကြောင်းပုံပြင်ကို
မကြားရမချင်း သားဝိဥာဉ်က
တစ်ညချင်း တစ်ညချင်း
ချနင်းသွားရမှာပဲ မေမေ..။


လက်ဝဲ

Apr 6, 2012

အနုပညာလက်

အနုပညာလက်

လက်ချောင်းများရဲ့ ဖြစ်တည်မှုကို
သွန်ချလိုက်တယ် .... ။

လက်ချောင်းများရဲ့ ရာဇ၀င်ဟာ
သူတို့သမိုင်းကို သူတို့ထုဆစ်လို့ ... ။
လက်ချောင်းများဟာ ရှင်သန်လှုပ်ရှားလို့ .... ။

ကလောင်သွားကို သွေးတယ် ...
စုတ်တံကိုကိုင်တယ် ...
ဂစ်တာကြိုးကို ညှိတယ် ...
လက်ချောင်းတွေ ပြောတဲ့စကား ...
လှတယ် ... ။

ဗုံတိုပတ်စတွေပေါ်မှာ
လက်ချောင်းတွေ ပြေးလွှား
ဟောဟိုက ယမင်းလေးရဲ့ လက်ချောင်းများ
ဟင်္သာချိုးလေးသာ ချိုးထား .... ။

လက်ချောင်းစကား
လှတယ် ... ။

ပြည်သူ့လက်ချောင်းများ
အနုပညာကို လက်ခုပ်တီးကြတယ် ။     ။

လက်ဝဲ

Apr 3, 2012

အတွေးသမား ညစာ

နောက်ဆုံးကျန်ခဲ့တဲ့ ခိုလေးလဲ ပျံသွားပြီ
စကားပင်အိုကြီးပေါ်က နောက်ဆုံးအပွင့်လဲ ကြွေပြီ
သက်ရှိ ရုပ်တစ်ရုပ်ဟာ နာမ်တရားတွေ အများကြီးပေါ်မှာ
ရည်ရွယ်ချက်ရှိရှိ ခရီးနှင်နေရဲ့။

ရှစ်မျက်နှာဘုရား အင်္ဂါထောင့်က ဖယောင်းမီးလဲ ငြိမ်းပြီ
ဇရပ်ပေါ်က ပုတီးစိပ်နေတဲ့ ဥပုသ်သည် လဲ ပြန်ပြီ
ဝိဥာဉ်တစ်ခုဟာ ကမ္ဘာပေါင်းများစွာ အကြောင်း
အကျိုးသင့် အကြောင်းသင့် ခေါင်းစဉ်တွေ ဆင့်နေရဲ့။

နောက်အကျဆုံး အိမ်ဆိုင်လေးလဲ ပိတ်ပြီ
ခေါင်းပေါ်က ဓါတ်တိုင်မီးလဲ ပျက်သွားပြီ
ခြေတစ်စုံဟာ လမ်းပေါင်းများစွာရဲ့ ရာဇဝင်ကို
တခုတ်တရ ပြုစုပျိုးထောင်နေရဲ့။

ကြယ်ကြွေပြီ
လ တိမ်ဖုံးပြီ
ခေါင်မိုးမှာ ဇီးကွက်နားပြီ
ဒင်းကလေးခမျာ
ရုပ်နဲ့ နာမ်နဲ့ ထီးတွေ ဖိနပ်တွေနဲ့
ကမ္ဘာနဲ့ ဝိဥာဉ်နဲ့ ပြဌာန်းစာအုပ်တွေနဲ့
သူ့သမိုင်းကို သူ ခြေလှမ်းတွေနဲ့ ရေးတယ်
ညတိုင်း ညတိုင်း နက်ဖြန်ခါ တစ်ခွက် တစ်ခွက် မှာမှာ သောက်တယ်
မအိပ်ဘူုး... မငိုက်ဘူး။

သူတိုးတိုးလေး ဖွင့်ထားတဲ့ ထူးအိမ်သင်သီချင်းအယ်လ်ဘမ်
နောက်ဆုံးအပုဒ်လဲ ပြီးသွားပြီ။    ။


လက်ဝဲ