May 18, 2013

ခေါက်ရိုးကျိုး ကဗျာဆရာ

လမ်းကပဲ ရှည်လျားလာလို့လား ခြေထောက်တွေကပဲ လေးလံလာလို့လား
ကျုပ် ခရီးတွေ နှေးကွေး ဝေးလံလာ... ဖင့်နှေး ကြာညောင်းလာ..
ကျုပ်ဟာ အိမ်ဆိုတဲ့ ဝေါဟာရကို မျက်ကွယ်ပြု ကျောခိုင်းလာတဲ့ “လူ”
“လူ” တွေ လက်ညှိုးထိုးကြတယ် မေမေ “လူ” တွေ မေးငေါ့ကြတယ် ဖေဖေ
“လူ” တွေ ဟားတိုက်ရယ်ကြ ပျက်ရယ်ပြုလှောင်ပြောင်ကြတယ် ညီမလေး ရဲ့ သိလား
(သားက လူမိုက်တဲ့.. သားက အလေနတော တဲ့... ကိုကို့ကို လူဆိုးလူပေ တဲ့ကွယ်...)
တကယ်တော့ ကျုပ် ဟာ လူငယ်တစ်ယောက်ဆိုတာထက် ဘာမှ ထူးပြီး
ဝူးဝူးဝါးဝါး လုပ်ခဲ့တဲ့ “ကောင်” မှ မဟုတ်တာ...
(သား မုန်းလိုက်တာ ဖေဖေတို့ မေမေတို့ရယ်၊ ကိုကို သူတို့ကို ရွံလိုက်တာ ညီမလေးရယ်)
ကျုပ်တို့ မိသားစု က “ကိုင်း” လား.. ပတ်ဝန်းကျင် အသိုင်းအဝိုင်းကရော “ကျွန်း” လား
ဘယ်သူတွေက ဘယ်သူတွေကို “မှီ” သလဲ.. 
ကိုယ့်ဘ၀ က သူတို့ ပါးစပ်ဖျားနဲ့ ပက်သက်ဆက်နွယ်သလား
သစ်တစ်ပင် ဝါးတစ်ပင်အောက်မှာ ကျုပ်က
လင်းပတောက်ပြောင် မနေတာတော့ သိရဲ့.. သိပါရဲ့ကွယ်..
ဒါကိုပဲ လူမှုဝန်းကျင်လို့ ခေါ်သလား.. ဒါကိုပဲ လူနေမှုစနစ်လို့ ခေါ်သလား
အလကားပဲ အမေ..  အလကားပဲ အဖေ အလကားပဲ ညီမလေးရဲ့
(ကိုယ့်လေးကိုင်းနဲ့ကိုယ် ခုံးညွတ်နေတဲ့ သားက
အမေ့ အံဆွဲကို မသမာတဲ့ မျက်လုံးနဲ့ မကြည့်ဖူးဘူး...
ဖေဖေ့ကို ခက်ထန် ရိုင်းစိုင်းပြီး တစ်ခွန်းပြန်မပြောဖူးဘူး
ကိုကို ညီမလေးကို မရိုက်ဖူးဘူး မငေါက်ဖူးဘူး.. မဟုတ်လား)
တကယ်ပါ... ကျိန်စာ တိုက်လို့ရရင် ကျုပ်မျက်ရည် စူးပါစေ..
ခုတော့ ကျုပ် လမ်းပေါ်တွေ့သမျှ ခဲလုံးတွေ လိုက်ကန်နေရုံကလွဲ
ကျုပ် ကဗျာတွေနဲ့ အသက်ဆက်နေရုံကလွဲ...
ကျုပ်က မေတ္တာမွဲပြီ.. ကျုပ်က မိသားစု ငတ်ပြီ
“မိသားစု ဂုဏ်သိက္ခာ ကျဆင်းအောင် အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါသောကြောင့်”
ကျုပ်ကို အိမ်ရာမဲ့ တစ်ယောက်ဖြစ်ဖို့ အဲ့ဒီ ခေါင်းစဉ် တပ်လိုက်တော့ရော..
မိသားစု ဆိုတဲ့ ဖေဖေတို့ မေမေတို့ ညီမလေးတို့ အိမ်လေးက ပြည့်စုံသွားရောလား..
(သားရဲ့ အခန်းထဲက ဂစ်တာသံ ဒေါင်ဒင်ကို မကြားရတော့ နားအေးသွားကြရောလား
“ထမင်းစားချိန် ကို မလွတ်စေနဲ့ သား” လို့ သတိပေးစရာ မလိုတော့ အေးချမ်းသွားရောလား
“ကိုကို.. ညဥ့်နက်ပြီ အိပ်တော့” လို့ ပြောစရာ မရှိတော့.. ညီမလေး အိပ်ရေးမပျက်တော့ဘူးလား..)
ထားပါ.... ကိုယ့်မိသားစု ရဲ့ ဘုန်းတန်ခိုးကို ကျုပ် မုန်းရိုးထုံးစံ မရှိချင်ပါဘူး...
လွယ်အိတ်တစ်လုံးရယ်၊ စာရွက်တစ်ထပ်ရယ်၊ ဘောလ်ပင် တစ်ချောင်းရယ်
လခပေးနေရတဲ့ အဆောင်တစ်ဆောင်ရယ်၊ ဖလက်တံ ကောက်နေတဲ့ ဂစ်တာတစ်လက်ရယ်
ကျုပ် “လူ” မည် ပါတယ်... ကျုပ် နေလို့ထိုင်လို့ အဆင်ပြေပါတယ်...
“အမွေပြတ် စွန့်လွှတ်လိုက်သည်” “................................”
“အမွေ” ကို သား မကိုးစား ပေမယ့် “စွန့်လွှတ်” ဆိုတဲ့ သတင်းစာ စာလုံးလေးကိုတော့
ရင်နာနာနဲ့ နေ့တိုင်း ကြည့်ဖြစ်ပါတယ်..
(အဲဒီ စာလုံးလေးပေါ်ကို နေ့တိုင်း မျက်ရည်စက်တစ်စက် ပုံမှန်ကျတယ်)
သား... အမေဆီဆမ်းကျွေးတဲ့ ထမင်းပန်းကန်ကို လွမ်းတယ် မေမေ
သား... ဖေဖေ့ဆီက ငှားငှား ဝတ်တဲ့ ပုဆိုးတွေကို သတိရတယ်
ညီမလေး ကို ရှင်းမပြရတာ ကြာပြီ ဖြစ်တဲ့ ကျောင်းစာတွေကို ကိုကို တမ်းတတယ်..
မေမေတို့ ဖေဖေတို့ သားကို သတိမရနဲ့နော်..
ညီမလေး ကိုကို့ကို မလွမ်းနဲ့နော်...
(သားက လူမိုက်၊ သားက အလေနတော၊ ကိုကိုက လူဆိုးလူပေ ကွဲ့)
လက်ကြောမတင်းတဲ့ကောင်ပေါ့၊ ဆန်ကုန်မြေလေးတဲ့ ဆံပင် ဘုတ်သိုက်နဲ့ ကောင်ပေါ့
ခု..... ပတ်ဝန်းကျင်ကြောင့် ဘေးထွက်ရပ်နေရတဲ့ ကောင်ပေါ့
အိမ် ငတ်တဲ့ကောင်၊ မိသားစုအသက်ကလေး ဆုံးပါးသွားတဲ့ကောင်
တကယ်ပဲ.. အိမ်လွမ်းနေတဲ့ ကောင်
ကျုပ်ကို “ယောင် ခြောက် ဆယ်” လို့ ခေါ်ရင်တော့ ကျုပ် ရင်နာမိမှာပဲ
ကျူပ် ကဗျာဆရာ။ ။


လက်ဝဲ

သူ့နာမည်လေးကို တမ်းတပြီး မရေးရက်ခဲ့ဘူးကွယ်


ကိုယ့် အာရုံတံတိုင်းကို ပန်းစူးစူးတွေ ဝင်စိုက်တယ်
ဝင်လာတုန်းက အတိုင်း ပြန်ထွက်သွားတဲ့ အတွေးရိုင်းရိုင်းတွေက
ကိုယ့်ကို တံတွေးခွက်ထဲမှာ မျှောလိုက်ကြတယ်
ကိုယ့်မျက်နှာကိုယ် ခြေထောက်နဲ့ နင်းပြီး ဝှက်ထားရတော့မလို..
အရင်လို မဟုတ်တော့တဲ့ ဘာသာစကားတွေက
ကိုယ့်ကို လာပြီး အထေ့ထေ့အငေါ့ငေါ့တွေ လုပ်ပြနေတယ်..။

သွားပြီ......................
ဘယ်နားကို သွားပြီး နောက်တစ်ခေါက် စွန်းပေနေပါသလဲ...
ဘယ်လို အချိန်မျိုးတွေမှာ..
ကိုယ့်ကို နာနာကြည်းကြည်း တောက်ခေါက်နေပါသလဲ..။

သေဆုံးပျောက်ကွယ်လု ဆဲဆဲ အချစ်က
အသက်ငင်နေသေးသလား
ဖုတ်လှိုက်ဖုတ်လှိုက် ဖြစ်နေသေးလား...
ဒရစ်(ပ်) ပိုက်တွေ အကြောပေါင်းစုံထဲထည့်ပြီး..
နှလုံးခုန်သံ ပြန်နားထောင်ဖို့ ကြိုးစားနေသေးသလား..
ဒါမှမဟုတ်
အသက်ကို တစ်မျှင်ချင်းဆွဲထုတ်ပြီး..
သတ် သေ နေသလား..။

ကိုယ့်မှာတော့ လမ်းလျှောက်ရင်းလဲသေ အိပ်ရင်းလဲ သေ..
အသက်ရှူရင်းနဲ့လဲ... သေ (ရှင်သန်ရင်းလဲ သေမြဲ သေဆဲပဲ)
ဝင်္ကပါတစ်ခုလိုပဲ... ရှုပ်ထွေးဆန်းပြားလှပါတယ်လေ...
မတိုးဝင်ခဲ့ချင်စမ်းပါနဲ့... (ဟင့်အင်း ... သွားပါကွယ်...)။

နော်.... တို့တွေ.......
အို.......... ကြည့်စမ်း
ဒီအချိန်မှာ..
ငါ.........
ဘာစကားကို အပြောသင့်ဆုံးပါလိမ့်...
(ခက်တယ်ကွယ်)။ ။



-လက်ဝဲ-

May 14, 2013

ခိုနားရာ

ညနေလှလှလေးတွေဆို
နင့်နင့်သီးသီး စူးဝင်နေတဲ့
ခံစားချက်တွေ ငိုတယ်
တိမ်ရောင် နီစိုစိုလေးတွေလဲ
...
တဖွဲဖွဲ ပြိုအိ ညွတ်ဆင်း
လွမ်းဆွတ်ခြင်းတွေ
ရင်ပြင်တစ်ခုလုံးမှာ
ဖြန့်ခင်းထားလိုက်တယ်။

ဘတ်စ်ကား ပြတင်းပေါက်လေးကနေ
ချေင်းချောင်းကြည့်တတ်တုန်းပဲကွယ်
မှတ်တိုင်ရှေ့ ပလပ်ဖောင်းစွန်းလေးမှာ
ခြေစုံရပ် လက်ပြနှုတ်ဆက်မဲ့သူ မရှိဘူး
ကျွန်တော့် အာရုံ အလီလီ တို့က
အဲ့ဒီနေရာမှာ ငြီးစီစီကြီး ရပ်ကျန်နေခဲ့
အဲ့ဒီလို ပလပ်ဖောင်းစွန်းမှာ ကျွန်တော် ရပ်ကျန်နေရင်း
ဘတ်စကားပေါ်မှာ အသက်မဲ့စွာ ကျွန်တော် ပါသွားရင်း
ကျွန်တော် ပြင်းရှရှ သတိရလိုက်တယ်။

မျက်လုံးလေး မှိတ်ထားရင် သူ့ကို မြင်တယ်
မျက်လုံးလေး ပြန်ဖွင့်လိုက်တော့
သူ့ကို တခုတ်တရ လွမ်းမိသွားရော..
ဒီလိုနဲ့ ကျွန်တော်
အုတ်အရောရော ကျောက်အရောရော
သူနဲ့ စီးမျောမိပါလေရော။

စကားတွေ အများကြီး ပြန်ကြားတယ်
နက်မှောင် ယဉ်ကျေးတဲ့ ဆံပင်ရှည်လေးကို ပြန်တွေ့တယ်
ထီးအပြာလေးအောက်ကို ပြန်ရောက်တယ်
မျက်ရည်ဝဲနေတဲ့ မျက်ဝန်းအိမ်စိုစိုလေးကို ပြန်မြင်တယ်
အို.. မငိုပါနဲ့ ကွယ်... လို့...
အဲလိုနဲ့ ကျွန်တော်..
မျက်ရည် ကျမိပြန်ရော။

လက်အစုံတို့နဲ့ ကျွန်တော့် ဘဝကို
ယူငင်ခေါ်ဆောင်ပါ
ကျွန်တော် လေးမြတ်ကြည်စင်ရတဲ့ သူကလေးရယ်
ကျွန်တော့် ညတိုင်း
ကျွန်တော့် နေ့တိုင်း
ကိုင်းညွတ် ရိုသေ ပါရစေကွယ်။
လက်ဝဲ

Apr 5, 2013

ပန်းဦးသစ္စာ ကမ္ဘာတည်စေ

ထက်မြသော ဓါးအစင်းစင်းတို့သည်
ငါ့ရင်၌ နိမ့်လိုက်မြင့်လိုက်
လှိုက်ဖိုစွာ.. ရှအက်ကြေကွဲကြလေသည်။

ငါသည် ထိုအက်ကွဲကြောင်းများမှ ပေါက်ဖွားသော
သူမ၏ ရင်ခုန်သံ အထူအပါးတို့အား
သိမ်မွေ့ ယုယစွာ ဖက်တွယ်ပိုက်ထွေး၏။

သူမသည် ငါ့ရင်၌
ကလေးငယ် တစ်ဦးလိုလည်း အိပ်စက်၏။
ကချေသည် တစ်ဦးလိုလည်း ကခုန်၏။
မိုးဥတု တစ်ရာသီလိုလဲ ရွာသွန်း၏။

အသက်သည်
သူမ၌ တည်၏
ဘဝသည်
သူမ၌ သံသရာလည်၏
ညသည်
သူမ၌ အိတ်စက်၏
နေ့သည်
သူမ၌ နိုးထ၏။

ဤမှန်သော သစ္စာစကားကြောင့်
မွှေးပျံ့ ကြည်စင်ကြသော
ပန်းလှလှပေါင်းများစွာတို့
ငါချစ်သော သူမ၏ အနံ့အာရုံ၌
ထာဝရ တည်ပါစေသား။

 
လက်ဝဲ

Apr 2, 2013

လက်ဆောင်ပေးကြသူများ

ကျွန်တော့်မွေးနေ့မှာ ကဗျာရေးပေးကြသူများကို ကျေးဇူးအများကြီးတင်ပါတယ်။
ရရှိတဲ့  ကဗျာတွေကတော့...

(၁) ကဗျာဆရာ လက်ဝဲ - ဆုဂျေ
(၂) ဖန်တီးနိုင်သူ - သွန်းသက်ငြိမ်
(၃) တူတော်မောင်အတွက် - မိုးညချမ်း

ပထမဆုံး ရရှိတဲ့ ကဗျာကတော့ ကဗျာမောင်နှမ ဖြစ်တဲ့ ဆုဂျေ (ဂျေရီး) ရေးပေးတဲ့ ကဗျာပါ။ သူက ကျွန်တော့် နာမည် ကို ခေါင်းစဉ်တပ်ပြီးရေးပါတယ်။ "ကဗျာဆရာ လက်ဝဲ" ဆိုပြီးတော့....
 
 
 
**ကဗျာဆရာလက်ဝဲ**





မထင်မှတ်ဘဲ

နာမ်စားလေးတစ်ခုနဲ့ ခလုတ်တိုက်မိခဲ့…။


... သူက

ထူးခြားမှုများစွာနဲ့ ထူးမခြားနား လူတစ်ယောက်

သူက ကဗျာဆိုတာကို

ပင်မသွေးကြောလွှာထဲရေးထိုးထားတဲ့သူ

သူက ကဗျာနဲ့ ပတ်သက်လာရင်

ပရမတ္တသစ္စာတရားကို အရိုးစွဲနေတဲ့သူ

ကဗျာတွေကိုသူချစ်သလို

ကမ္ဘာမြေကိုလည်း သူချစ်တယ်….။


နာမ်စားလေး

အဲဒီနာမ်စားလေးအတိုင်း

အချိန်တိုင်းကို ကဗျာနဲ့ ထုပ်ပိုး

သူ့ အတွေးတိုင်းမှာ ကဗျာကျပ်ခိုးတွေနဲ့ ဝေ့သီလို့ 

(ကဗျာများ ရွတ်နေရရင်)

ဘေးဘီကိုလည်း မေ့နေတတ်သူ…။


က ဗျာ ဆ ရာ..

အဲဒီပိုင်ဆိုင်မှုလေးထဲမှာ

နေသားကျနေသူ

သူ့ အတွေးတွေ လှမ်းလှမ်းခွပ်သမျှ

ကဗျာတွေမှန်းမှန်း ရွတ်တတ်သူ

သူ့ ဥပစာမှာ ဗြဟ္မစိုရ်တရားလက်ကိုင်ထားလို့ 

သူ့ နှလုံးသားကို အပ္ပမာဒေဓ လှစ်ဟပြတတ်သူ..။


သူ

အဲဒီသူဟာ

ကဗျာနဲ့ ပတ်သက်လာရင်

ခေါင်းအစခြေအဆုံး

ရင်ခွင်ထဲထွေးပိုက်ထားချင်သ

သူက

ကဗျာများရွတ်နေရရင် ထမင်းမေ့ဟင်းမေ့

(တစ်ခါတလေ)

သူ့ ကိုယ်သူတောင်ပြန်မေ့သွားတတ်သူ…။


သူက

သူ့ ကိုယ်ထဲစီးနေတဲ့ ကဗျာသွေးမျိုးဆက်တွေအတွက်

အမြဲဂုဏ်ယူနေတဲ့သူ

သူက

မွေးနေ့ ဆိုတာ သေနေ့ ရဲ့နိဒါန်းအစပဲလို့ ခံယူထားတဲ့သူ

အဲဒီလို

အဲဒီလို

ဝိသေသတွေထူးကဲနေတဲ့သူ

သူ…

………………

…………………………..။



(2.4.2013 တွင်ကျရောက်မယ့် သွေးသောက်သူငယ်ချင်း

မောင်နှမတစ်ယောက်ဖြစ်တဲ့ ကဗျာဆရာလက်ဝဲရဲ့ မွေးနေ့ အမှတ်တရ)


ချစ်ခင်လေးစားလျှက်

ဆုဂျေ

1.4.2013
 
 
 
**********************************
 
 
နောက်တစ်ပုဒ်ကတော့ အမ သွန်းသက်ငြိမ် ရေးပေးတဲ့ "ဖန်တီးနိုင်သူ" ဆိုတဲ့ ကဗျာလေးပါ။ ကျွန်တော့်ကို မေးလ်ကနေ ပို့ပေးပါတယ်။


ဖန်တီးနိုင်သူ....


ကာလယန္တရားတစ်ခုရဲ့
တိုတောင်းတဲ့ ရွေ့လျားမှုတစ်ခုမှာ
တေးသွားချင်းတူသူအတွက်...
ခေတ်ကို
ပုံဖေါ်ကြည့်မိ..

မေတ္တာတရားအတုနဲ့ ခေတ်
နှလုံးသားအတုနဲ့ ခေတ်
နှုတ်ထွက်စကားလုံးအတုနဲ့ ခေတ်
ဝတ်ရုံ အတုနဲ့ ခေတ်
မျက်နှာဖုံးတွေနဲ့ ခေတ်
သစ္စာတရား ချနင်းတဲ့ ခေတ်
လောကပါလ ပါးရှားတဲ့ ခေတ်
ထွေးပြီးသား မျိုချတဲ့ ခေတ်
အတုတွေ ဗရပွနဲ့.. ခေတ်
ခေတ်...
...........

ထိုခေတ်တွေထဲက
စစ်မှန်မှု တရားနဲ့
ရုန်းထွက်နိုင်လေသော
လောကကောင်းကျိုးအတွက်
ကလောင်နဲ့ ဖန်တီးပေးနိုင်သော
လက်တစ်စုံ ပိုင်ဆိုင်တဲ့
လာခြင်းကောင်းသူ တစ်ယောက်ဖြစ်စေ...။

(ဧပြီလ ၂ ရက် ၂၀၁၃ ခုနှစ် မောင်ငယ်လေးလက်ဝဲ မွေးနေ့အမှတ်တရ...)

သွန်းသက်ငြိမ်
 
 
 
*******************************



နောက်ထပ် ကဗျာတစ်ပုဒ်ကတော့ တီလေး မိုးညချမ်းရဲ့ "တူတော်မောင် အတွက်" ဆိုတဲ့ ကဗျာပါ။


“တူတော်မောင်အတွက်”



*လွန်ခဲ့သော နိုင်တီး နိုင်တီတူး
“အူဝဲ”ဆိုတဲ့ ငိုသံလေးနဲ့အတူ
သူ လူ့လောကထဲရောက်လာခဲ့တယ် …။
*အဖြူအစိမ်းလေးနဲ့
လွယ်အိတ်လေးလွယ်လို့
ကျောင်းတက်ချိန်လေးတွေကို
သူကျော်လွန်ခဲ့တယ် …။
*ပညာ့ကျောင်းတော်ကြီးဆီက
စာပေပညာတွေသင်ယူခဲ့တယ် …။
*ဘ၀ကျောင်းတော်ကြီးမှာ
လောကကြီးအကြောင်းသင်ခန်းစာတွေ
သင်ယူလေ့လာနေရင်းနဲ့
ရင့်ကျက်အရွယ် နှစ်ဆယ်ကျော်ပြီ …။
*ရလာတဲ့သင်ခန်းစာအသိတွေနဲ့
ကဗျာလှလှလေးတွေ ထုဆစ်ပုံဖော်ရင်း
ရှေ့ဆက်ဘ၀ခရီးလမ်း
ကြမ်းတမ်းခက်ခဲလည်း
အားမာန်တင်းကာ အနုပညာလက်သစ်
ကဗျာအိမ်ကောင်းတွေ
ဆက်လက်ထုဆစ်နိုင်စေသော် …။

မိုးညချမ်း
1.4.2013(11:32 p.m)


*********************************


လေးစားလျက်
လက်ဝဲ