Feb 29, 2012

အရင်လိုပဲ.. သား ပြင်တုန်း ဆင်တုန်းပါ... အမေ

မနက်ဖြန်က စိတ်ပျက်လက်ပျက် ဘတ်စကားမှတ်တိုင်မှာ ရပ်နေတုန်း
မနေ့က ကျပ်ကျပ်ညပ်ညပ် လှောင်ပိတ်နေတဲ့ ဘတ်စကားအဟောင်းကြီးထဲ ပါသွားရဲ့...
ထီးလဲမပါဘူးအမေ.. သား ထမင်းချိုင့်လဲ ယူမသွားဘူး
ဘာကို အာခေါင်ခြစ်ပြီး ကျုံးဝါးနေရတာလဲ.. ဘာကို လက်သီးလက်မောင်းတန်းပြီး အားမွေးရမှာလဲ...
သားမှာ.. အနာဂါတ်ရှိလား အမေ...
မျှော်လင့်ချက်ကြီး သက်သက်နဲ့ အသိုင်းအဝိုင်းတစ်ခုထဲမှာ မတ်တပ် ရပ်နေရတာ..
အလံဖြူစော် နံလွန်းလို့ပါ...
ကိုယ်ခံအားတွေ လေတိုးခံထားရလို့... အအေးပတ်နေတယ်.... မနေ့က မနက်က
အနွေးထည်မဝတ်ပဲ အလုပ်သွားမိတယ်.. အမေ..။
စိတ်ထဲမှာလဲ နိမ့်လိုက်မြင့်လိုက်နဲ့ မရင့်ကျက်မှုတွေလို့ ထင်တာပဲ အမေ..
သူတို့တွေ သားဘဝကို ကန်ကျောက်ပြီး ကစားနေကြတယ်..
လေတွေ တိုက်တိုင်း စစ်ကိုင်းတံတားကြီးပေါ် ရောက်ရောက်သွားတယ် ...
တစ်လောကလုံး ကို အဲဒီမြစ်ပေါ်မှာ ကြောက်လွန်းလို့ ငိုဖူးတယ်.. အဲဒီနေ့က လေ ကလဲ ကြမ်းပါတယ်..
သိမ်ငယ်လို့ ဇွဲမရှိတာလား.. ဇွဲမရှိလို့ သိမ်ငယ်တာလား... ကြောက်တယ်..
ဘာလို့ ကြောက်ရမှာလဲ သားရယ်.. ဟင့်အင်း မဖြေရဲဘူး ကြောက်တယ်..
အဲလို.. ကြောက်ခဲ့ဖူးတာ အမေသိတယ်မဟုတ်လား အမေ.. အနီရောင်ကို ငယ်ငယ် ကကြောက်တယ်.။
ကျားကြီးတွေ ကိုကြောက်တယ်.. သရဲကြီးတွေကို ကြောက်တယ်.
ကပ္ပိယကြီး ဦးသိုက်ထင် ကို ကြောက်တယ်..။
ခုတော့ သိပ်ညစ်ပတ်တဲ့ ခွေးဝဲစားလေး တစ်ကောင် ပုံစံနဲ့... လေလွင့်လို့...
တစ်ခါတစ်ခါ လက်ဖက်ရည်ဆိုင်ထဲ ရောက်သွားလိုက် လမ်းပေါ်ရောက်သွားလိုက်..
မာနဆိုတာတွေက ကျောင်းသားတစ်ယောက်က စာတစ်ပုဒ်ကို
နှစ်ရက်လောက် ကျက်လို့မှ မရနိုင်သေးတဲ့ ဝေဒနာမျိုးနဲ့ ရေလိုက်ငါးလိုက်...
လမ်းပေါ်လိုက်သွားတယ်.. လက်ဖက်ရည်ဆိုင်လိုက်ထိုင်တယ်..
 ညည အိပ်မပျော်တာ စိတ်ကျရောဂါ လက္ခဏာလား..
အချိန်ပြည့် ထိုင်းမှိုင်းနေတာကရော.... တက်ကြွမှုတွေ ပျောက်ဆုံးနေတာကရော..
လမ်းပေါ်မှာ ခေါင်းငိုက်စိုက် လျှောက်နေရတာကရော..
သား စိတ်ကျရောဂါ ဝေဒနာ ခံစားနေရလားအမေ..
သား ကမ်းပါးယံမှာ.. ငေးနေရင် စိတ်ကူးတွေက မြစ်ထဲကို ခုန်ချနေတယ်..
လက်ဖက်ရည်ဆိုင်ပဲထိုင်မိပြန်ပြီ.. ဆေးလိပ်တွေပဲ သောက်မိပြန်ပြီ အမေ..
သားကိုကြည့်ပါဦးအမေ.. အရင်လို ပိန်တုန်းပဲလား.. မျက်တွင်းတွေ ခွက်နေတုန်းပဲလား..
ညည အိပ်လို့ မရလို့ပါအမေ... သားအိပ်ယာထဲမှာ... အိပ်မက်ဆိုးကြီး အိပ်နေတယ်.
အမေ... သူနဲ့ တူတူ သားမအိပ်ရဲလို့.. မနက်ခင်းကို အနားယူမှု မရှိပဲ မျက်နှာသစ်သစ် ပေးနေရတယ်..
အထိတ်တလန့်... သတိပေးခံရ.. သားဟာ ကြောက်နေရတုန်းပဲတဲ့.. အမေ...
သား အံ့သြတယ်... အမေ အားလုံးကို သိနေတာပဲ.. အမေက သားရဲ့ အကြားအမြင်ဆရာမကြိးပေါ့..
ညည စောစောပြန်အိပ်ပါ.. ပိုက်ဆံတွေ ခြွေတာသုံးပါ.. မျက်တွင်းတွေခွက်တယ်.. သားအရမ်းပိန်တယ်...
အိပ်ရေးဝဝ အိပ်ပါ.. သားရယ်.... ဆေးလိပ်တွေမသောက်ပါနဲ့..
 သားကို အမေ့စကားတွေက လှိုက်လှိုက်ပြီးစားတယ်...
သားက အမေ့အကြည့်တွေကို အိပ်မက်မက်ပြီး ရှိုက်ကြီးတငင်ငိုတယ်....
သား ချောင်းတွေဆိုးတယ်.. ဆေးလိပ်ဖြတ်ထားတယ် အမေ....
သားရဲ့... သက်ရှိဒိုင်ယာရီတစ်အုပ်က သွေးစစ်ကြည့်ဖို့ ပြောထားတယ် အမေ...
တစ်ယောက်တည်းနေပြီး ကိုယ့်ကိုကိုယ် အဖော်လုပ်ရတယ်.. သားမှာ ရည်းစားမရှိပါဘူး.. အမေ..
အမှန်အတိုင်းပြောရရင်.. စောစောက မျှော်လင့်ချက်လိုပါပဲ.. သားကိုက... သူ့ဇာတာထဲမှာ.
လက္ခဏာ အရေးအကြောင်း တစ်ခု မဖြစ်ခဲ့ဘူးနဲ့ တူပါရဲ့ အမေရယ်.. . အချစ်ဆိုတာ........
ကျွန်တော်အရှည်ထားခိုင်းရတဲ့ သူ့ ဆံပင်လေးတွေ.... အမေရဲ့.. (ထားပါတော့)
နေ့ခင်းဖက် အိပ်အိပ်ကြည့်လဲ သား ဝမလာပါဘူး အမေ.. ညဖက် သား ဂရုစိုက်ပြီးအိပ်ပါ့မယ်..
လမ်းအဟောင်းကို ဖိနပ်အသစ်နဲ့ ပြန်လျှောက်ဖို့ လိုအပ်နေသေးတယ်.. အမေ..
သားခြေရာ အဟောင်းတွေ ကိုတော့ လိုက်ဖျက်နေရသေးတာပေါ့.. အလုပ်မှာ သားအဆင်ပြေပါတယ်..
အရင်လိုပဲ.. ရင်ခံနေရတာပဲ... ရင်မောနေရတာပဲ.. လှိုက်လှိုက် လှိုက်လှိုက်နဲ့.. အောင့်နေသေးတာပဲ... အမေ..
ထီးလဲ မပါသေးဘူး .. ထမင်းချိုင့်လဲ မယူချင်သေးဘူး... အရင်လိုလဲ ကြောက်နေရတုန်းပဲ...
ခု... လမ်းပေါ်မှာပဲ လက်ဖက်ရည်ဆိုင်ထဲမှာပဲ... အသုံးအဖြုန်းကြီးတုန်းပဲ...
သူ့ ဆံပင်လေးတွေက သားကို မေ့ထားတုန်းပဲ... သား အရင်လိုပဲ....
အမေ.... သား ကိုယ့် ဘဝလေးနဲ့ကိုယ်... အသားပိုတွေကို ဖဲ့ဖဲ့ချနေတယ်..
အနံ့ဆိုးတွေကို ရေချိုးနေတယ်... ညည ပျော်အောင်အိပ်နေတယ်..
ဒါပေမယ့်.. အရင်လိုပဲ.. အရင်လိုပဲ... အ... ရင်... လို... ပဲ...
သားမှာ ... အားမရှိတဲ့ စကားတစ်ခွန်းပြောစရာ ရှိတယ်.. အမေ...
စိတ်မပူပါနဲ့ ... အမေ... သားအဆင်ပြေပါတယ်..
သား... အရင်လိုပါပဲ......................။     ။


လက်ဝဲ

Feb 26, 2012

နင်ဟာ ငါ့ချစ်သူဖြစ်တယ်

ပြုံးတိုင်း ရယ်တိုင်းမှာ ငါ့အတွက် ကဗျာတစ်ပုဒ်စီ ချန်ရစ်ခဲ့
နင် ဟာငါ့ချစ်သူ ဖြစ်တယ် ဇင်။
သိလားဇင်.. အချစ်က နင်၊ အချစ်က နင် ငယ်ငယ်က စီးခဲ့တဲ့ စက်ဘီးလေး၊
အချစ်က အိတ်ဆောင်နာရီလေးတစ်လုံး၊ ငါမရခဲ့ဖူးတဲ့ ဆင်တူအင်္ကျီလေးတစ်ထည်၊
နင့်ကို စာလိုက်ပေးဖူးတဲ့ လမ်းလေး၊ အချစ်က နင်အိမ်မှာ ရှိတဲ့
အမွှေးပွ ခွေးလေးပဲ.. ဇင်..  နင်နဲ့ ပက်သက်သမျှဟာ တကယ်တော့ အချစ်ပဲ။
ချိုမြိန်သာယာမှုတွေကို အရမ်းကာရော ငါ ပေးချင်တာပေါ့ ဇင်.. ဘဝကို
ဘယ် သံလိုက်အိမ်မြှောင်နဲ့ ကြည့်ကြည့် နင်ရှိတဲ့နေရာနဲ့ 
လမ်းမသင့်ဘူးတဲ့လား... နင်ပဲ ဓူဝံကြယ် ဖြစ်လိုက်စမ်းပါတော့ ဇင်ရယ်။
ကျူရှင်လှေကားထက်က ဇင်၊ ကျောင်းပေါက်ဝ က ဇင်၊ လျှာထိုးဦးထုပ် အနီရောင်လေးနဲ့ ဇင်၊
ကျောင်းစိမ်းအင်္ကျီကို ငါ ဂျီးစော်နံအောင် ဆော့တတ်တဲ့ ခေတ် ကတည်းက
နင်ဟာ ငါ့ချစ်သူ ဖြစ်တယ် ဇင်။
ငါဟာ စာသင်ခန်းဝမှာ နင်ပေးခဲ့တဲ့ စာအုပ်ပြာလေး ဖြစ်တယ် ဇင် ..
ခဲတံနဲ့ ရေးထားတဲ့ “လွမ်းတယ်” ဆိုတဲ့ စကားလုံးလေးထဲမှာ ငါနေထိုင်တာပေါ့။
ခုကော လွမ်းမနေဘူးလား ဇင်.. နင့်ကို ငါချစ်တယ်။
လူတကာ လျှာပေါ်က မြက်တွေကို ငါ ထွန်ယက်စိုက်ပျိုးခဲ့တာ မဟုတ်ရိုး အမှန်ပါ။
သံသယတွေ စိမ့်ဝင်ကြပေါ့... ငါ့အိပ်မက်ကလေး တစ်ရေးနိုးရပေါ့။
ပန်းနုရောင်စာအိတ်လေးထဲ ငါ အလည်ရောက်ခဲ့သေးတယ် ဇင်ဇင်..
စာအိတ်ဖြူလေး ရောက်တဲ့နေ့ကပေါ့။ “ခွဲနေကြရအောင်”ရဲ့ နောက်မှာ ဒီကဗျာခေါင်းစဉ်ကို
သွေးရူးသွေးတန်းနဲ့ရေးခဲ့ ဖူးပါတယ်.. နင်ဟာ ငါ့ချစ်သူဖြစ်တယ် ဇင်။
နင့်လမ်းထဲကို ငါ ပြန်လျှောက်တယ် နင့်အရိပ်ကို ငါ ပြန်ရှာတယ်..
“ရင်ခွင်သစ်” သီချင်းကို ချွေးသီးချွေးပေါက်တွေနဲ့ အိပ်မက်မက်တယ် ....
ငါ့ရင်တွေ ကျိုးရပေါ့.... ငါ့ခြေလှမ်းတွေ ချိနဲ့ ရပေါ့... ဇင်..
ဘာပဲဖြစ်ဖြစ် ငါ သဝန်တိုချင်တယ်။
အရူးတစ်ယောက်လို တောင်စဉ်ရေ မရတွေလဲ ရေးခဲ့..
“မိုးရေစက်တို့ နှင်းစက်တို့ ... ငါ့ ကျောင်းတက်ချိန်လေးကို ပြန်လာခေါ်ပါ”
နင့် အငွေ့အသက်မရှိတဲ့ နှစ်တွေကို ငါ မချစ်ဘူး နင့်အနံ့မရတဲ့
ညတွေကို ငါ မုန်းလွန်းလို့ မအိပ်ချင်ဘူး ဇင်..
သက္ကရာဇ် အချို့က ငါသေပြီလို့ ကြေငြာကြလိမ့်မယ်.
ခု နင့်ရှေ့မှာ ငါလျှောက်လာနေတာ နင်မကြိုဘုးလား.. ငါလဲကျချင်နေပေမယ့်
ချစ်နေသေးလို့ စကားလုံးလေးတွေ အစိုဓါတ်ကျန်နေသေးတယ်..ဇင်...
နင်ဟာ ငါ့ချစ်သူ ဖြစ်တယ်။
ခုတော့ ငါ  ကြယ်အသေတွေ သင်္ဂြိုလ် နေတယ်။ သက္ကရာဇ်ဖြိုချင်နေတယ်
သံစဉ်သစ်တွေ မရှိတဲ့ သီချင်းဟောင်းကို ပဲ ဂစ်တာ အသစ်နဲ့ ပြန်တီးမယ်...
အရင်လိုပြန်ချစ်ရအောင် ဇင်။
င့ါကိုယ်ပွားလေးတွေ နင့်ဘေးနားက ဘယ်တုန်းကမှ နင်နဲ့ ဝေးရာကို ထွက်မသွားဖူးဘူး မဟုတ်လားဇင်..
ပြုံးပါ ဇင်.. နင်ရယ်ပါ... ငါ ကဗျာတွေ ရေးနေမယ်..
နင်ကြိုက်တတ်တဲ့ သီချင်းတွေပဲ ရွေးနားထောင်မယ်... နင့်ညတွေကိုပဲ..
ရွေးပြီး အိပ်မက်မက်မယ်.. နင့်နှလုံးသားကို ငါ မက်မက်မောမော မွေးစားမယ်
ပန်းရိပ်ကို ခိုမိမှတော့ မိုးပြိုမယ် ဆိုလဲ ပြိုစေတော့ ဇင်....
နင်ဟာ ငါ့ချစ်သူ ဖြစ်တယ်။    ။


လက်ဝဲ

Feb 25, 2012

အကင်း တဖြုတ်ဖြုတ် ညနေ

တစ်နေ့တစ်နေ့
သံဝေဂ ဆန်တဲ့ လက်ဖျားလေးတွေနဲ့
ကိုယ့်မွေးနေ့ကိုယ် ပြန်ပြန် စမ်းတယ်
ညညဆိုလဲ ယောင်ယောင်ပြီးတော့ နမ်းတယ်
ပြန်မလာဘူး ဆိုပေမယ့် တောင်ပံကျိုးလေး
ဆေးထည့်ပေးဖူးတဲ့ ငှက်ကို
မပြောမဆို လွမ်းတယ်
အဓိပ္ပါယ် မဲ့တယ်ဆိုပေမယ့် လှေနံဘေးကို
ခြေတန်းလန်းချပြီး ရမ်းတယ်။
ဒီရုပ်ဒီနာမ် ဒီခန္ဓာ
ငါ့ဇာတိနဲ့ မရဏ အတွင်းက အကြားအလပ်ကာလလေးကို
ငါ့ဘာသာငါ ဝမ်းနည်းနေပြန်ပါတယ်
ဇရာကို ဘယ်သွားထားရမလဲ (ဗျာများဖူးတယ်)
ဝမ်းသာ အယ်လဲ ဘယ်နေရာက လက်ခံမလဲ (သိမ်ငယ်တယ်)
မရပ်တန့်ဘူးလို့ နာရီတွေ က့ ဖြဲခြောက်နေသလိုပဲ (ကြောက်တယ်)။
ခပ်စောစောလေး မိုးချုပ်လိုက်မယ်လေ
ဘယ်စမ်းရေမှာပဲ ပဋိသန္ဓေ နေရ နေရ။  ။

လက်ဝဲ

Feb 22, 2012

ဘူတာတွေသာ ဥသြဆွဲ သွားကြ

ယန္တယားစနစ် ရဲ့ ဈာပန အခမ်းအနားတက်ဖို့
ကျွန်တော် ခရီးထွက်လာခဲ့တာလို့ထင်တယ်
နောက်ကျောမှာ အိပ်မရတဲ့ ညကို လိပ်ပြီး ပိုးထားတယ်
အိပ်ကပ်ထဲမှာ အချီအချလှတဲ့ ကဗျာသုံးလေးပုဒ် က ရိက္ခာ
ဆေးလိပ်ပြာတွေကို ကျန်ခဲ့တဲ့ သံပတ်နာရီ ချောက်ချက်ချောက်ချက်
မြည်သံထဲကို ခြွေချခဲ့မိတယ် (ထင်တယ်)။


ဂိတ်ဆုံးထိ လက်မှတ်ဝယ်တော့ ဘဝတစ်ဝက်ကို
ပေတံနဲ့ ညှိပြီး ဗြိကနဲ ဖြဲပေးတယ်
လောကကြီးကပေးတဲ့ ဘယ် ဖြတ်ပိုင်းမှာမှ အပ်ပေါက်ရာမပါပဲကိုး
ရထားပေါ်တက်တော့ အပြင်မှာ လူပြတ်နေပြီ။


ဟက်ဟက်ပက်ပက်ရယ်ချလိုက်တော့လို့
သံလမ်းမကြီးက အချက်ပြတယ်
(ဖြစ်ချင်တော့)
ခရီးသေးသေးလေးပေါ်က ရထားသေးသေးလေးပေါ်မှာ
ကျွန်တော်ဆင်းရမယ့်မြို့ရော ကျွန်တော်ရော
နှစ်ဦးစလုံး ပါလာကြတယ်။

လက်ဝဲ

Feb 21, 2012

ဘဝ က...

မျှော်လင့်ချက်တွေ များတယ်
သတ်ပုံတွေမှားတယ်
သေချာတာတော့ အားလုံးက တဖက်သတ်ကြီးပဲ
အဟတ်...
“တောင်းပန်ပါတယ်”
ဒီစကားတခွန်းအောက်မှာ အရာအားလုံးပျက်သုန်း
ဘ၀ပါ နိဂုံးချုပ်ခဲ့တယ်...
ဂေါ့သစ်(gothic)