Jan 31, 2012

ခေတ်ပြိုင်ကဗျာ နှင့် ကျွန်တော့် အတ္တနောမတိ

“သိုးကလေ၊ ပုပ္ပါးနတ်တောင်
အခေါင်မြင့်ဖျား၊ စုံတောပြား၌
နံ့ရှားကြိုင်လွင့်၊ ခါတန်ပွင့်သည့်
ရွှေနှင့်ယိုးမှား၊ ပန်းစကား” အစချီ မင်းမဟာဂီရိ နတ်မင်းကို တိုင်တည်ခဲ့သော ပုပ္ပါးတောင်အလှဖွဲ့ ပုဂံကဗျာက စတင်၍ ပျို့၊ လင်္ကာ၊ ရတု၊ ရကန်၊ လေးချိုး၊ ဒွေးချိုး၊... စသဖြင့် စသဖြင့်သော ကဗျာ အမျိုးအစား များစွာကို ကျွန်တော်တို့ ရင်းနှီးခဲ့ကြသည်။ မြန်မာကဗျာသည် ခေတ်အဆက်ဆက်တွင် လု့အဖွဲ့အစည်း၊ လူတန်းစားအလွှာပေါ်တွင် မူတည်၍ အဖွဲ့အနွဲ့ အမျိုးအစားများစွာ ပေါ်ထွက်လာခဲ့သည်။ ကဗျာသည် ခေတ်ကို ထင်ဟပ် စေသည်။ ကဗျာများသည် ခေတ်အကြောင်းကို ပြောနေကြသည်။ ပုဂံခေတ် အနန္တသူရိယ အမတ်၏ “သူတည်းတစ်ယောက်” လင်္ကာ၊ ပင်းယခေတ် စတုရင်္ဂဗလ အမတ်၏ “ရွှေဖဝါးတော်အောက် ကျွန်၏လျှောက်ဖြင့်” အစချီ ရတု၊ အင်းဝခေတ်က ကိုးခန်းပျို့၊ တောင်ငူခေတ် က နတ်ရှင်နောင် ရတုများ စသည့် ကဗျာများသည် ခေတ်ကို မီးမောင်းထိုးပြနိုင်ခဲ့သော ကဗျာများဖြစ်သည်။ ညောင်ရမ်းခေတ် ဝန်ကြီးပဒေသရာဇာ တျာချင်းများ၊ ရှင်ငြိမ်းမယ် အိုင်ချင်းများလည်း အလားတူပင် ဖြစ်သည်။ ပြောလိုသည်မှာ ခေတ်၏ ပြောင်းလဲ မှုနှင့် အတူ ကဗျာ အရေးအဖွဲ့လည်း ပြောင်းလိုက်လာသည်။ 
ယနေ့ကဗျာများတွင်.......
တစ်ပါဒ လျှင် စကားလုံး (၄)လုံး၊ အဖျားချ (၇)လုံး ရှိလျှင် လင်္ကာ၊ ၂ပိုဒ် နှင့် ၂ ချိုးပါပြီး အဖျားချ ကာရံတစ်စုံ ညီလျှင် ဒွေးချိုး၊ ၄ပိုဒ် ၄ချိုး ပါပြီး အဖျားချ ကာရန် ၂ စုံညီလျှင် လေးချိုး စသည့် ကဗျာ အရေးအဖွဲ့ စည်းမျဉ်းစည်းကမ်း တို့၏ အပြင်ဖက်သို့ ဖောက်ထွက်လာမှု၊ ကဗျာဆရာတို့၏ လွပ်လပ်စွာ ဖန်တီးခြင်းကို နှစ်သက်မှု တို့မှ စတင်ပြီး ယနေ့ ခေတ်ပြိုင်ကဗျာများ ဖြစ်လာသည်။
ရှေးရိုးကဗျာများတွင် ကဗျာဆရာသည် မိမိတွေ့မြင်ရသည်တို့၏ ဂုဏ်ပုဒ်များကို ချီးကျူးဖွဲ့ဆိုကြသည်။ စကားလှ စကားဆန်းများထည့်သွင်းတတ်သည်။ ကိုလိုနီခေတ်နောက်ပိုင်း ခေတ်စမ်းကဗျာ ပေါ်ထွက်လာသောအခါ လမ်းဟောင်းကို စွန့်လွှတ်၍ စိတ်ခံစားမှု အသားပေးသည့် လူ့သဘော လူ့သဘာဝ ကိုဖွဲ့ဆိုသည့် ပုံစံသစ်ကို ဖောက်ထွက်လာခဲ့သည်။ ကဗျာဆရာတို့သည် ပြည်တွင်းအပြင် ပြည်ပ ကဗျာများကိုပါ ဖတ်ရှု လာရာမှ ယနေ့ မော်ဒန်၊ ပို့စ်မော်ဒန် ခေတ်များဆီ ကူးပြောင်းလာခဲ့သည်။
ခေတ်ပြိုင်ကဗျာတို့၏ ကာရန်လွတ်လပ်မှု(Free Verse) အပေါ် အငြင်းပွားမှုများ ရှိသော်လည်း ကဗျာဆရာတို့သည် မိမိတို့၏ အရေးအဖွဲ့ အပေါ် သံသယ ကင်းမဲ့စွာ ရေးဖွဲ့လာကြသည်။ အမှန်တကယ်တွင် ကာရန်မဲ့သည်ဟု ထင်ရသော ခေတ်ပြိုင်ကဗျာတို့တွင် မမြင်နိုင်သော ကာရန်များ ရှိနေသည်။ တခါတရံ ကဗျာများက စိတ်နယ် ၏ အပြင်ဖက်ထိ ဆွဲခေါ်သွားတတ်ကြသည်။ ကဗျာဆရာ၏ ကိုယ်ပိုင်အတ္တများ၊ တက်ကြွမှု၊ စိတ်သိမ်ငယ်မှု၊ ခြောက်ခြားမှု၊ အထီးကျန်ဆန်မှု တို့ ကဲ့သို့သော ခံစားချက် များကို ကဗျာများတွင် မြှုပ်နှံထားကြသည်။ တင်ပြပုံ အသစ်များကို ဖန်တီးရာတွင် နိုင်ငံခြား ကဗျာများကို ပါ ဆင့်ပွားလေ့လာရာမှ မော်ဒန်လောကတွင်ပင် ကဗျာအယူအဆ များစွာ ကွဲပြားလာသည်။ ဒဿန ဆန်သော အဖွဲများ၊ လွပ်လပ်သောကာရန်ဖြင့် လွပ်လပ်သော စကားလုံးများသည် မြန်မာစာဖတ်ပရိတ်သတ်ဆီသို့ သူစိမ်းဆန်စွာ ဝင်ရောက်လာသည်။စာဖတ်သူ အများစု သည် ခေတ်ပြိုင် မော်ဒန်ကဗျာများကို ပစ်ပယ်ခြင်းလဲ မပြု၊ ဖက်တွယ်ခြင်းလဲ မပြုပဲ ဘာသိဘာသာ လက်ခံထားကြသည်။ စာဖတ်သူထံမှ ကဗျာဆရာတို့သည် ကောက်ချက်တစ်စုံတစ်ရာ မရရှိခဲ့ကြ။ စာဖတ်သူ အနည်းစုကတော့ ကဗျာကို ကဗျာလို အလိုက်သင့် ခံစားကြသည်။ အချို့ က အမြင် အမျိုးမျိုးဖြင့် အဓိပ္ပါယ် အမျိုးမျိုး ဖွင့်ဆိုကြသည်။ ထိုဖွင့်ဆိုမှုများသည် သဘောထားကွဲလွဲမှုဖြင့် စပြီး သဘောထားကွဲလွဲမှု ဖြင့်သာ အဆုံးသတ်သွားတတ်သည်။ မော်ဒန်ကဗျာသည် မြန်မာစာဖတ်သူများကြားတွင် ဗီလိန်တစ်ယောက်ဖြစ်လာသည်။ အချို့ က ခေတ်ပြိုင်ကဗျာတို့ကို လက်မြောက်ကြသည်။ ကန့်ကွက် ရှုတ်ချသည်။ 
ဘယ်လိုပဲ ဖြစ်နေပါစေ ခေတ်ပြိုင်ကဗျာရေးနေကြသော ကဗျာဆရာများသည် ကဗျာတွေကို ရေးနေကြဆဲပဲ ဖြစ်ပါသည်။ အချို့က စာဖတ်သူကို ဥိးတည်၍ ဖြေရှင်းချက် ပေးလိုကြသည်။ အချို့က မိမိ ကဗျာ ဝိဥာဉ်လေးတစ်ခုထဲဖြင့် ကဗျာရေးနေကြသည်။ မည်သို့ ဖြစ်ပါစေ.. ယနေ့ ခေတ်ပြိုင်ကဗျာများသည်လဲ ခေတ်အဆက်ဆက် ကဗျာများကဲ့သို့ပင် မျက်မှောက်ခေတ်ကို ထင်ဟပ် နေလိမ့်ဥိးမည် ဖြစ်ပါသည်။ 
သေချာတာ တစ်ခုတော့ ရှိပါသည်။ “ကဗျာဆရာများသည် ကဗျာများကို ရေးနေကြသည်။”

  • ကိုယ်ပိုင်အယူအဆ၊ ကိုယ်ပိုင် ထင်မြင်ချက် သာလျှင်ဖြစ်ပါသည်။ လွတ်လပ်စွာ သဘောထားကွဲလွဲ ပိုင်ခွင့် ရှိပါသည်။
လက်ဝဲ

3 comments:

  1. မြန်မာကဗျာတွေကိုပိုကြိုက်တယ်
    ကောင်းတဲ့ နားလည်တဲ့ မော်ဒန်ကဗျာတချို့ကို ကြိုက်တယ် တချို့တော်တော်ကောင်းတယ်
    လူနားမလည်အောင်ရေးတာကိုက မော်ဒန်ဆိုတဲ့ ငယ်ငယ်ကစကြားခဲ့တဲ့ ပေါ့ရွတ်ရွတ်စကားတခွန်း ကိုတော့မကြိုက်ခဲ့ဖူး။
    အခုနောက်ပိုင်းစာနယ်ဇင်းတွေ မြန်မာကဗျာအထည့် နည်းလွန်းလာတယ်လို့ ခံစားရတယ် တကယ် လည်းနည်းပါးသွားတယ်။ မြန်မာကဗျာရေးသူတွေနည်းပြီး မြန်မာကဗျာတွေ အသက်မဝင်တော့မှာ စိုးရိမ်မိတယ်။ လူငယ်တယောက်အနေနဲ့လည်း မော်ဒန်ကဗျာတွေလို လမ်းသစ်လျှောက်တာမျိုးကိုလည်း ကြိုဆိုချင်တယ်။
    အဝတ်စားနဲ့ယှဉ်ပြောမယ်ဆိုရင် ခေတ်ဆန်ဆန်နဲ့လုံလုံခြုံခြုံဝတ်တာမျိုးပေါ့လေ.....
း) အဲလိုလေးတွေးမိတာပါပဲ

    ReplyDelete
  2. အေးမွန်May 5, 2012 at 9:36 PM

    ကဗျာ ... အင်း.... ငယ်ငယ်တုန်းက ကဗျာ ကျက်ရရင် ပျော်တယ်။ ဆိုလို့ကောင်းတာရယ် ကျက်ရတာ မြန်လို့ ရယ်။ နောက် ငါ ကဗျာတွေနဲ့ ဝေးသွားတယ်။ တာရာမင်းဝေ ကြောင့် ကဗျာတွေနဲ့ ပြန်ရင်းနှီးလာတယ်။ ချစ်ဦးညို စင်္ကာပူမှာ ဟောတဲ့ စာပေဟောပြောပွဲကို ကြည့်လိုက်မိတဲ့ အဲ့ဒီအချိန်မှာ ကဗျာက ငါ့ကို ခံစားချက်မျိုးစုံ ပေးလာတယ်။ တဖြည်းဖြည်းနဲ့ ငါ ... ကဗျာ...ကို သိလာတယ်။ အခု ငါ ... ကဗျာ ကို ကဗျာ မှန်း ပြီးတော့ .... ကဗျာ ဟာ .... ယဉ်ကျေးမှု အဆင့်အတန်းတစ်ခုကို ဖေါ်ပြတယ် ဆိုတာ ငါ သိသွားပြီ။ ပြီးတော့ ကဗျာက ရိုးသားတယ် ပွင့်လင်းတယ် မကောက်ကျစ်ဘူး။

    ReplyDelete
  3. အော်..ကဗျာ..ကဗျာ

    ReplyDelete