Mar 24, 2012

မီးမလာ၍ ပူသည်..

ကဗျာလဲ ရေးလို့ မရဘူး။ မရဆို နေ့ခင်းဖက် နေကလဲ အတော်လေးပူလာပြီကိုး။ ညည ကျလဲ မီးကမလာတော့ မှောင်ထဲမည်းမည်းမှာ ဘာမှလဲ လုပ်မရဘူး ခက်ပါသဗျာ။ ပြောပြချင်တာလေး ရှိလို့ နည်းနည်း လေကန်မလို့..။ သည်းတော့ ခံ ဗျ။ ပြောချင်ရာ ပြောမှာရယ်။ ဒီကနေ့ နေ့လည်ခင်းလေး အကြောင်းပြောချင်လို့။
ကျွန်တော် အလုပ်က မနက်ပိုင်းပြီးတော့ ၁၂ နာရီမှာထမင်းစားနားတယ်။ နေကလဲ ပူလိုက်တာ လွန်ရော..။ လမ်းပေါ်ဆိုတာ.. ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတဲ့ လူတွေကလွဲရင် ရှင်းလို့.. လင်းလို့။ ပူတာကိုးဗျ.။ အိမ်ရောက် တော့ ၁၂ နာရီ မှ နားတာဆိုတော့ ၈ နာရီကတည်းက နေနေရတာ ဆာဆာနဲ့ စားလိုက်တာ. ဘယ်ပြောကောင်းမလဲ..။ ၂ ပန်းကန်လောက် ပစ်အုပ် ပစ်လိုက်တယ်..။ ဒါနဲ့ ထမင်းစားပြီး ထမင်းလုံးစီရင်း ခဏ လှဲနေလိုက်တယ်။ မီးမလာဘူး..။
အဲဒီ မီးမလာတဲ့ အကြောင်းလဲ ပြောရဦးမယ်။ မလာ.. မလာ.. နဲ့..။ အစ ကတော့ ဆယ်တန်းစာမေးပွဲတွင်းမို့ ကျယ်ကျယ်ကျယ်ကျယ်နဲ့ ဆောင်းဘောက်စ် တွေ ဘာတွေ ဖွင့်ရင် ကျောင်းသားလေးတွေ အနှောက်အယှက်ဖြစ်မှာစိုးလို့ ပဲ နေ့ခင်းဖက် မီးဖြတ်ထားတာ လိုလို.. ဘာလိုလို.. ညာလိုလို နဲ့ ..  ခုတော့ ဆယ်တန်းစာမေးပွဲ ပြီးသွားလို့ နဲ့ တူရဲ့.။ နေ့ရော ... ညရော.. မလာတော့ဘူး.။ အင်း.. ရွေးကောက်ပွဲကလဲ နီးလာပြီမလား..။ မီးမလာတာကြီးကိုကြည့်ပြီး ကုလားထိုင်ပေါ် လှဲရင်းကနေ အတွေးထဲမှာ.. ဘာလိုလို ညာလိုလို..။ နီးပြီဆိုတော့လေ..။ အင်း.။ ဆိုင်ဆိုင်မဆိုင်ဆိုင် ဆွဲ စပ် ပြီး တွေးလိုက်မိတာပါ..။ ထားပါတော့။
ဆိုလိုချင်တာက  မီးမလာဘူးပေါ့ဗျာ.။ တစ်ရပ်ကွက်လုံးလဲ တိတ်ဆိတ်လို့.။ ကိုယ်တုန်းလုံးကြီး အိပ်တဲ့ သူတွေကအိပ်.။ ယပ်တဖျပ်ဖျပ်နဲ့ ပက်လက်လှန်သူကလှန်။ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတဲ့ နေ့လည် ကြီးပါ။ တစ်ချို့ဆို တုန်းလုံးကြီး နေတာတောင် တစ်ကိုယ်လုံး ချွေးတွေလုံးလို့.။ ကျွန်တော်လဲ ပက်လက်ကုလားထိုင်ပေါ်လှဲရင်း ၃ နာရီမှ ပြန်သွားရမှာ ဆိုတော့ မှေးကနဲ ခဏ ပျော်သွားတယ်.။
မကြာပါဘူး.။ အုန်းအုန်းဒိုင်းဒိုင်း ဖွင့်နေတဲ့ ဆောင်းဘောက်စ် သံကြီး ကြားလိုက်ရတယ်။ လန့်နိုးသွားတယ်။ မီးလာတာလား ဆိုပြီး ဘေးနားက ပန်ကာ ခလုတ် ကောက်နှိပ်ကြည့်တယ်.။ မလာ...။ ဘာပါလိမ့် ဆိုပြီး စောစောက အသံ ကို ပြန်နားထောင်လိုက်တယ်.။ လားလား...။ သီချင်းသံမှ.. ဘာသီချင်းမှတ်နေတုန်း။
“အမေအောင်ဆန်းစုကြည် ယှဉ်ပြိုင်မည်..။ ပြည်သူရဲ့ ရှေ့ဆောင် NLD..။ တိုင်းနိုင်ငံအနှံ့ ခွပ်ဒေါင်းပြန်လာပြီ” ဆိုတာ..လေ။ တော်တော်လေး မြိုင် တဲ့ စည်းရုံးရေး သီချင်းလေး။ ဆောင်းဘောက်စ်နဲ့ အကျယ်ကြီးဖွင့်ထားတာ .။ အစကတော့ ရက်ကွက်ထဲ စည်းရုံးရေးလာဆင်းတာထင်တယ်ပေါ့.။ ရက်ကွက်ထဲက လူတွေလဲ ကျွန်တော့်လိုပဲ နိုးလာကြ.။ အိပ်မှုံ စုံမွှားနဲ့ ထကြည့်ကြနဲ့.။ ကျွန်တော်လဲ ထ ကြည့် ရတော့ သပေါ့။ မမြင်ရသေးဘူး အိမ်ရှေ့ကနေ။ အိမ်ရှေ့တွေမှာတော့ လူတွေ ထကြည့်နေကြတယ်။ ရပ်နေရင်းနဲ့ အသံနီးနီးလာတော့.. စည်းရုံးရေးကားလို့ ထင်ထားတာ မဟုတ်ဘူးဗျို့.။ ထီတွန်းလှည်းကြီး။ ကိုယ်တော်ချောက အဲဒီ သီချင်းတစ်ပုဒ်ထဲကိုပဲ ရီပိဒ် လုပ်ပြီး ဖွင့်လာတာ...။ 

အဲဒီအချိန် မှာ ရက်ကွက်ထဲက လူတွေက ပူတာတွေ အိုက်တာတွေ ခဏမေ့သွားပြီး ထီတွန်းလှည်းကြီးကို ထွက်ကြည့်သူကကြည့်.၊ ထီထိုးသူကထိုးနဲ့.. တိတ်ဆိတ်နေတဲ့ စပ်ဖျင်းဖျင်း နေ့လည်ခင်းကလေး အတော်လေး စိုပြည် သွားတယ်.။ ဦးလေးကြီးတစ်ယောက်ဆို ထွက်တောင် က တယ်..။
တစ်ချို့က ဝယ်ရုံတင်မဟုတ်ဘူး..။ ထီသည်ကို “လာ.. ဟိုဖက်လမ်း လိုက်ခဲ့ဦး .. ငါလိုက်ရောင်းပေးမယ်..” ဘာညာ နဲ့ ခေါ်သွားသေးတာ.။ ထီသည်လေးကလဲ တောင်ပြေးလိုက် မြောက်ပြေးလိုက်နဲ့ အတော် ပျော်နေပုံရတယ်.။ သူကလဲ ဒီသီချင်းလေးကို မိုးလင်းတည်းက ဖွင့်ထားတယ်နဲ့ တူပါရဲ့..။ တစ်ခြား ရက်ကွက်တွေတော့မသိ။ ကျွန်တော်တို့ ရက်ကွက်ထဲတော့ အဲဒီ ထီသည် တော်တော် ရောင်းလိုက်ရတယ်.။ 

ဒီလိုပါပဲ...။
ဘဝအမောလေးတွေ.. ခဏလေးပြေပျောက်သွားတဲ့ အိုက်စပ်စပ်နေ့လည်ခင်းလေးပေါ့ဗျာ..။ ထီသည်လေးအသံ ဝေးသွားတာနဲ့ အရင်လိုပဲ ပြန် တိတ်ဆိတ်သွားပြန်ရော..။ ကိုယ့်ယပ်တောင်လေးကိုယ် ပြန်ကိုင်..။ အင်္ကျီ ပြန်ချွတ် ..။ ပြန်အိပ်...။ 

အဲဒီလို ခဏအပျော်လေးတွေနဲ့ ကျွန်တော်တို့ ရပ်ကွက်ကလေးက.. ထူသားပေသား ကျနေကြပေါ့...။

အစတည်းက ပြောပြီးသားပါ..။ ပြောချင်ရာ ပြောပါမယ်လို့..။ ခုတော့ ပြောလို့ပြီးသွားပြီ.။

လေးစားလျက်
လက်ဝဲ

9 comments:

  1. ရင်ထဲကအပူတွေ မပူဖို့ အရေးကြီးပါတယ် ။ ထီရောင်းတဲ့သူရဲ့ ပီတိမျက်ဝန်းကိုလည်း မြင်လိုက်ရတယ်။ ထီဝယ်ချင်စိတ်ဖြစ်လာအောင် နှိုးဆော်ပေးတဲ့ အရာလေးတစ်ခုရဲ့ စွမ်းအားကြောင့်..ပေါ့..။ ထီရောင်းတဲ့သူရဲ့ ရောက်တဲ့အရပ်မှာ အပူတွေ လျော့သွားမှာ အမှန်ပါပဲ...။ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ.. သဘာဝကြောင့် ပူတဲ့အပူ.. သက်ရှိမဆန်မှုတွေကြောင့် ပူတဲ့အပူ.. အားလုံး အမြန်ဆုံး အေးချမ်းကြပါစေ.။
    ခင်တဲ့
    အမသဒ္ဓါ

    ReplyDelete
  2. ကောင်းတယ်အစ်ကို. ။ ဒီမှာတော့ မီးလာသော်လည်းချမ်းနေပါသည်.။

    ReplyDelete
  3. နဲနဲတွေးစရာရသွားတယ်...တစ်ခုခုကိုပြော ချင်နေသလား......:)

    ReplyDelete
  4. တီတင့်တို့ဆီမနေ့ကလည်းတစ်နေ့လုံးမီးပျက်တယ် ညကလည်းတစ်ညလုံးမီးပျက်တယ် လက်ဝဲရေး)
    အပြင်ကဘယ်လောက်ပူပူ ဝမ်းစာအတွက် ရှာနေတဲ့ထီရောင်းသမားလေးရဲ့ရင်ထဲမှာ အေးချမ်းနေပုံပဲ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  5. မီးခဏ ခဏ လာသည်(အပြုသဘောဆောင်စွာရေးသည်)

    ReplyDelete
  6. မီးမလာပါ
    ... ပူသည်
    .....ထို့ကြောင့် ကဗျာ မရေးပါ....... ။
    အဲဒီလိုလား......း))))

    ReplyDelete
  7. သြော် နွေရောက်ပြီကိုး..ယပ်တောင် ဆောင်ထား..လက်ဝဲရေ...

    ReplyDelete
  8. အေးမွန်May 5, 2012 at 9:07 PM

    ဟုတ်တယ် မီးမလာလို့ ပူတယ်။ မီးလာလည်း မအေးဘူး။ " နွေရောက်ပြန်ပြီလေ ... ရိုးတံကျဲကျဲ ပင်အိုတို့ အလှချင်းလည်းပြိုင် ..." ဗစ်တာခင်ညိုသီချင်းလေ သိလား သီချင်းက မရတော့လို့ ။ ပြောချင်ရာပြောရတာ ကောင်းလိုက်တာ။ ငါ May လထုတ် teen မဖတ်ရသေးဘူး။ ဖတ်လိုက်အုံးမယ်။

    ReplyDelete