May 31, 2012

မိဿရာသီမှာ ငါရွာထားတဲ့ မိုး

ကိုယ့်ကိုယ်ကိုယ် ပြန်ရေးမှ
ကိုယ်လက်ရေးမလှတာ ကို အလိုမကျတွေဖြစ်ရ
ငါဟာ... တေလေတစ်ကောင်
ငါဟာ.. အမှိုက် တစ်စ
ငါဟာ.. ဖုန်မှုန့်လေး တစ်စက်
ဘယ်လိုပဲ ဖြစ်ဖြစ် လွင့်ခဲ့ပြီးပြီ။

`လူဟာ
ကိုယ့်ရက်စွဲနဲ့ကိုယ် သင်ကြားတတ်ရမယ်´
ကောင်းကင်ရဲ့ မှာသံဟာ..
ငါ ခေါင်းညိတ်ခဲ့တဲ့ စာရင်းထဲ ပါ မပါ
ပြက္ခဒိန်ထဲမှာ ဘာမှမတွေ့တဲ့နေ့က
နှစ်နှစ်လောက် ခြ စားခံခဲ့ရ။

ငါ
တောင်ပံအသစ် တစ်စုံအဖြစ်
ငှက်အသစ်တစ်ကောင် အဖြစ်
မီးခြစ်ဆံလေး တစ်ချောင်းစာလောက်
ကိုယ့်ရင်ထဲကိုပဲ ပြန်ပြီးလွတ်ကျ ဖြစ်ခဲ့တယ်။

ငါ့ကိုယ်ငါ တူးဖော်မိတော့..
ငါဟာ.. မြေသားအလွှာတွေထဲမှာ
ငါ့ကိုယ်ငါ ရွက်လွှင့်မိတော့
ငါဟာ.. ပင်လယ်ဆန်ဆန်
လှိုင်းတွေထန်နေပြန်ရော..
အဲဒါနဲ့
ငါ့ကိုယ်ငါ မွေးဖွားပစ်ဖို့ ဆုံးဖြတ်လိုက်ရတယ်။

ကိုယ့် အသိစိတ်နဲ့ကိုယ် တန်ဖိုးထားမိတဲ့
မိုးကောင်းကင်ဟာ
သိမ်မွေ့ ၀ပ်တွားစွာ ငါ့ကို...
သက်ဆင်းစေခဲ့
သူအုပ်မိုးထားတဲ့ နေရာမှာ..
ယဉ်ကျေးမှု ထွန်းကားစေမတဲ့။

အဲဒီလိုနဲ့
တိမ်ကိုစီးပြီး ယီးလေး ခိုခဲ့ဖူးတဲ့ငါဟာ...
ခု ကိုယ့်ဗီဇနဲ့ကိုယ် ငွေ့ရည်ဖွဲ့ထားတဲ့
တိမ်ကလေး တစ်စပေါ့
ငါ့ဖြစ်တည်မှုကိုငါ ကျေနပ်နိုင်ပြီ။

အဲဒီလိုနဲ့
တစ်နေ့..
ပန်ဒိုရာဘောက်(စ်) ထဲကနေ
တစ်စုံတစ်ရာ အငွေ့ပျံတက်လာမဲ့ တစ်နေ့
မေ့လို့ မရတော့လောက်အောင်
လူရှေ့သူရှေ့မှာ...
ငါ့ကိုယ်ငါ ရွာချ ပစ်လိုက်ပါ့မယ်။    ။


လက်ဝဲ

No comments:

Post a Comment