Oct 1, 2012

နာရီက ပင်လယ်လိုပြုံးတယ်

နာရီတစ်လုံးဟာ သူ့ အကွဲအရှပေါင်းများစွာရယ်..
သူချန်ထားခဲ့တဲ့/ သူ ဟောင်းနွမ်းစေခဲ့တဲ့ သမိုင်းပေါင်းများစွာကို
တရံတခါမှာ အသစ်ပြန် တည်ဆောက်လေမလား/ အသစ်ပြန်ဖြစ်စေလေမလား
ငါဟာ စိတ်ကူးယဉ်ဆန်စွာ ပြောင်းပြန်လည်နေ/ လှည့်နေခဲ့သူပါ။

မင်းကြားဖူးသလား “လင်းသန့်ဖြူ”
“မြစ်တစ်ဆုံးပဲ ရေချိုမှာပါ” တဲ့
ငါသာဆို ရယ်နေမိမှာ/ လှောင်နေမိမှာ မဟုတ်ဘူး
ကိုယ်ကိုယ်တိုင် ငန်နေရ/ ငန်ခဲ့ရတဲ့ ပင်လယ်ဖက်ကနေ
ခံပြင်းတယ်။

နာရီတစ်လုံးရှိတယ် မြစ်တစ်စင်းရှိတယ်
ဟိုးရှေးရှေးတုန်းကပေါ့/ တစ်ခါတုန်းကပေါ့ “လင်းသန့်ဖြူ”
မြစ်တစ်စင်းရှိတယ် နာရီတစ်လုံး ရှိတယ်
ပင်လယ်ထဲရောက်မှ ငန်သွားတဲ့ မြစ်ရေတွေရဲ့ အကြောင်းဟာ
ပုံပြင်ထဲကို ဖြတ်ပြီး စီးဆင်းသွားတယ်။

ထုံးစံအတိုင်းပေါ့
နောက်ဆုံးမှာ
မြစ်ရေက ငန်သွားတယ်
ပင်လယ်က ဗီလိန်ဖြစ်သွားတယ်။

ဒါနဲ့ “လင်းသန့်ဖြူ”
နင် သတိထားမိလား
ပုံပြင် ပြီးခါနီးမှာလေ.....
နာရီက
ပင်လယ်လို ပြုံးတယ်။ ။


လက်ဝဲ

1 comment:

  1. ကိုယ်တွေက နဲနဲဝေးတယ်...နတ်နတ်ရ.....လိုက်မမှီဘူး....၊ဖတ်လို့တော့ကောင်းတာအမှန်ပဲ......။

    ReplyDelete