Jan 14, 2013

ဒီ ပြတင်းပေါက်သေးသေးလေး

ဘယ်သူမှ ဒီ ပြတင်းပေါက်သေးသေးလေးကို ငုံ့မကြည့်ဖြစ်ကြလို့ ဖြစ်မယ်... (ဖြစ်တယ်)
ကျွန်တော်ဟာ ဘယ်သူနဲ့မှ အဆက်အသွယ် ပြတ်တောက်/ ဖြတ်တောက် ပြီး မနေခဲ့ပါဘူး
လူ့ယဉ်ကျေးမှုဟာ ကျွန်တော့်ဘေးဝဲယာ/ အထက်/အောက် မှာ သာမန်ကာလျှံကာပဲ စိမ့်ဝင်စီးမျောနေပေမယ့်
ဖက်လဲတကင်းမရှိလှတဲ့ ကျွန်တော် ခိုစီးမိတော့မဲ့ဆဲဆဲ ကာလယန္တရားကို ကျွန်တော့်မှာ ထိတ်လန့်စွာပါပဲ
ချစ်သူ..... ချစ်သူ...... ကိုယ့်ခေါ်သံကို ကိုယ်ပဲ... ပြန်ပြီး... အက်ကိုး (ECHO) လိုက်ပေးရတော့မလိုလို
တစိမ့်စိမ့် ရှက်ရတဲ့ နှလုံးသားရဲ့မျက်နှာ ဘယ်မှာမှ သွားထားမနေနဲ့တော့...
ဒါ.............
ဒီ ပြတင်းပေါက်သေးသေးလေးကို သူမ  ငုံ့မကြည့်ဖြစ်လို့ ဖြစ်မယ်... (ဖြစ်တယ်)
ဒီလိုပါပဲ... ကင်းကွာ... ဝေးလွင့်... "မင်းတို့ ကဗျာဆရာတွေဟာဖြင့်........"
ကျွန်တော် လွင့်စင် သွားခဲ့ရပေါ့... (စကားရဲ့ အဆုံးထိ)  ကျွန်တော့စကားလဲ တစ်ခါတည်း ဆုံးပါးသွားတယ်
ဒီလိုနဲ့ ကျွန်တော့် ဝန်းကျင် ဟာ... ဟွန်းသံ ကင်းမဲ့လာ.... လူခြေတိတ်လာ....
ဒါ အနုပညာက လုပ်ယူလိုက်တဲ့ ကျွန်တော့် ပုံစံ/ ကျွန်တော့် ဟန် ဖြစ်မယ် (ဖြစ်တယ်)
ကဗျာ ကို ပုဒ်ဖြတ်၊ ပုဒ်ရပ် တွေထဲ လွှတ်ချ၊
ကဗျာကို ဆေဗယ်လိုက်ဇေးရှင်း (CEVILIZATION) ထဲ လွှတ်ချ၊
ကဗျာကို အာလုပ်စကားတွေထဲ ပစ်ချ၊
ကဗျာဟာ ပုံစံခွက်ထဲ ဝင်ထိုင်နေရ၊ ကဗျာ က သွားလာလှုပ်ရှားနေရ..
သူ့ခမျာ... မာကြောင်း၊ သာကြောင်း တွေ ပြုံးပြုံးကြီး ပြောနေရ...
ဘယ်သူမှ ဒီ ပြတင်းပေါက်သေးသေးလေးကို ငုံ့မကြည့်ဖြစ်ကြလို့ ဖြစ်မယ်... (ဖြစ်တယ်)
ပြောစမ်းပါဦး.... မင်း ရဲ့... အရည်မရ အဖတ်မရတွေ...
ပြစမ်းပါဦး မင်းရဲ့... တောင်စဉ်ရေမရတွေ....
ဒါပဲ....... နောက်ဆုံး....
"ငါ့စကား နွားရ" မှာ ဒါ.... ဝုန်းဒိုင်းကြဲ ဖြစ်တည်မှုပဲ... ပရမ်းပတာ ပျက်စီးမှုပဲ..
ဒီစကား၊ ဒီစာ၊ ဒီဖန်တီးမှုဟာ... သူ/ သူမ/ သူတို့အတွက်.. အလကားပဲ..
ဒါ................
ဒီ ပြတင်းပေါက်သေးသေးလေးကို ငုံ့မကြည့်ဖြစ်ကြလို့ပဲ
ကျွန်တော် ဟာ .. အချိန်ကြာကြာ ယူနေတယ်... အရှိန်များများ ယူနေတယ်..
တစ်နေ့... ဒီပြတင်းပေါက် သေးသေးလေးကနေ...
ခင်းကျင်းတင်ဆက်မှု (INSTALLATION) တစ်ခု  ပစ်ချ/ လွှတ်ချ/ ဖွင့်ပြရဦးမယ်...
ဒီ ပြတင်းပေါက်သေးသေးလေးကို  - ငုံ့- ကြည့် - ဖြစ် - ကြ - ဖို့ -  ဖြစ်တယ်။    ။

လက်ဝဲ

1 comment:

  1. ခင်းကျင်းတင်ဆက်မှုတွေ အဆက်မပြတ် ပြုလုပ်နေတဲ့ ပြတင်းပေါက်လေး ဖြစ်စေ..
    အဲဒီလို ပြတင်းပေါက်လေးတွေကိုမှ အများသူဌာက ငုံ့ ကြည့် ဖြစ် ကြ လိမ့် မယ်...

    ချစ်ခင်တဲ့
    အမသဒ္ဓါ

    ReplyDelete