May 18, 2013

ခေါက်ရိုးကျိုး ကဗျာဆရာ

လမ်းကပဲ ရှည်လျားလာလို့လား ခြေထောက်တွေကပဲ လေးလံလာလို့လား
ကျုပ် ခရီးတွေ နှေးကွေး ဝေးလံလာ... ဖင့်နှေး ကြာညောင်းလာ..
ကျုပ်ဟာ အိမ်ဆိုတဲ့ ဝေါဟာရကို မျက်ကွယ်ပြု ကျောခိုင်းလာတဲ့ “လူ”
“လူ” တွေ လက်ညှိုးထိုးကြတယ် မေမေ “လူ” တွေ မေးငေါ့ကြတယ် ဖေဖေ
“လူ” တွေ ဟားတိုက်ရယ်ကြ ပျက်ရယ်ပြုလှောင်ပြောင်ကြတယ် ညီမလေး ရဲ့ သိလား
(သားက လူမိုက်တဲ့.. သားက အလေနတော တဲ့... ကိုကို့ကို လူဆိုးလူပေ တဲ့ကွယ်...)
တကယ်တော့ ကျုပ် ဟာ လူငယ်တစ်ယောက်ဆိုတာထက် ဘာမှ ထူးပြီး
ဝူးဝူးဝါးဝါး လုပ်ခဲ့တဲ့ “ကောင်” မှ မဟုတ်တာ...
(သား မုန်းလိုက်တာ ဖေဖေတို့ မေမေတို့ရယ်၊ ကိုကို သူတို့ကို ရွံလိုက်တာ ညီမလေးရယ်)
ကျုပ်တို့ မိသားစု က “ကိုင်း” လား.. ပတ်ဝန်းကျင် အသိုင်းအဝိုင်းကရော “ကျွန်း” လား
ဘယ်သူတွေက ဘယ်သူတွေကို “မှီ” သလဲ.. 
ကိုယ့်ဘ၀ က သူတို့ ပါးစပ်ဖျားနဲ့ ပက်သက်ဆက်နွယ်သလား
သစ်တစ်ပင် ဝါးတစ်ပင်အောက်မှာ ကျုပ်က
လင်းပတောက်ပြောင် မနေတာတော့ သိရဲ့.. သိပါရဲ့ကွယ်..
ဒါကိုပဲ လူမှုဝန်းကျင်လို့ ခေါ်သလား.. ဒါကိုပဲ လူနေမှုစနစ်လို့ ခေါ်သလား
အလကားပဲ အမေ..  အလကားပဲ အဖေ အလကားပဲ ညီမလေးရဲ့
(ကိုယ့်လေးကိုင်းနဲ့ကိုယ် ခုံးညွတ်နေတဲ့ သားက
အမေ့ အံဆွဲကို မသမာတဲ့ မျက်လုံးနဲ့ မကြည့်ဖူးဘူး...
ဖေဖေ့ကို ခက်ထန် ရိုင်းစိုင်းပြီး တစ်ခွန်းပြန်မပြောဖူးဘူး
ကိုကို ညီမလေးကို မရိုက်ဖူးဘူး မငေါက်ဖူးဘူး.. မဟုတ်လား)
တကယ်ပါ... ကျိန်စာ တိုက်လို့ရရင် ကျုပ်မျက်ရည် စူးပါစေ..
ခုတော့ ကျုပ် လမ်းပေါ်တွေ့သမျှ ခဲလုံးတွေ လိုက်ကန်နေရုံကလွဲ
ကျုပ် ကဗျာတွေနဲ့ အသက်ဆက်နေရုံကလွဲ...
ကျုပ်က မေတ္တာမွဲပြီ.. ကျုပ်က မိသားစု ငတ်ပြီ
“မိသားစု ဂုဏ်သိက္ခာ ကျဆင်းအောင် အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါသောကြောင့်”
ကျုပ်ကို အိမ်ရာမဲ့ တစ်ယောက်ဖြစ်ဖို့ အဲ့ဒီ ခေါင်းစဉ် တပ်လိုက်တော့ရော..
မိသားစု ဆိုတဲ့ ဖေဖေတို့ မေမေတို့ ညီမလေးတို့ အိမ်လေးက ပြည့်စုံသွားရောလား..
(သားရဲ့ အခန်းထဲက ဂစ်တာသံ ဒေါင်ဒင်ကို မကြားရတော့ နားအေးသွားကြရောလား
“ထမင်းစားချိန် ကို မလွတ်စေနဲ့ သား” လို့ သတိပေးစရာ မလိုတော့ အေးချမ်းသွားရောလား
“ကိုကို.. ညဥ့်နက်ပြီ အိပ်တော့” လို့ ပြောစရာ မရှိတော့.. ညီမလေး အိပ်ရေးမပျက်တော့ဘူးလား..)
ထားပါ.... ကိုယ့်မိသားစု ရဲ့ ဘုန်းတန်ခိုးကို ကျုပ် မုန်းရိုးထုံးစံ မရှိချင်ပါဘူး...
လွယ်အိတ်တစ်လုံးရယ်၊ စာရွက်တစ်ထပ်ရယ်၊ ဘောလ်ပင် တစ်ချောင်းရယ်
လခပေးနေရတဲ့ အဆောင်တစ်ဆောင်ရယ်၊ ဖလက်တံ ကောက်နေတဲ့ ဂစ်တာတစ်လက်ရယ်
ကျုပ် “လူ” မည် ပါတယ်... ကျုပ် နေလို့ထိုင်လို့ အဆင်ပြေပါတယ်...
“အမွေပြတ် စွန့်လွှတ်လိုက်သည်” “................................”
“အမွေ” ကို သား မကိုးစား ပေမယ့် “စွန့်လွှတ်” ဆိုတဲ့ သတင်းစာ စာလုံးလေးကိုတော့
ရင်နာနာနဲ့ နေ့တိုင်း ကြည့်ဖြစ်ပါတယ်..
(အဲဒီ စာလုံးလေးပေါ်ကို နေ့တိုင်း မျက်ရည်စက်တစ်စက် ပုံမှန်ကျတယ်)
သား... အမေဆီဆမ်းကျွေးတဲ့ ထမင်းပန်းကန်ကို လွမ်းတယ် မေမေ
သား... ဖေဖေ့ဆီက ငှားငှား ဝတ်တဲ့ ပုဆိုးတွေကို သတိရတယ်
ညီမလေး ကို ရှင်းမပြရတာ ကြာပြီ ဖြစ်တဲ့ ကျောင်းစာတွေကို ကိုကို တမ်းတတယ်..
မေမေတို့ ဖေဖေတို့ သားကို သတိမရနဲ့နော်..
ညီမလေး ကိုကို့ကို မလွမ်းနဲ့နော်...
(သားက လူမိုက်၊ သားက အလေနတော၊ ကိုကိုက လူဆိုးလူပေ ကွဲ့)
လက်ကြောမတင်းတဲ့ကောင်ပေါ့၊ ဆန်ကုန်မြေလေးတဲ့ ဆံပင် ဘုတ်သိုက်နဲ့ ကောင်ပေါ့
ခု..... ပတ်ဝန်းကျင်ကြောင့် ဘေးထွက်ရပ်နေရတဲ့ ကောင်ပေါ့
အိမ် ငတ်တဲ့ကောင်၊ မိသားစုအသက်ကလေး ဆုံးပါးသွားတဲ့ကောင်
တကယ်ပဲ.. အိမ်လွမ်းနေတဲ့ ကောင်
ကျုပ်ကို “ယောင် ခြောက် ဆယ်” လို့ ခေါ်ရင်တော့ ကျုပ် ရင်နာမိမှာပဲ
ကျူပ် ကဗျာဆရာ။ ။


လက်ဝဲ

3 comments:

  1. ဟဲ့ ဘာတုန်း ကျုပ်က ရှင့်ကဗျာတွေဆိုရင် ကဗျာလို့ မမြင်ပဲ ရင်ဘတ်တစ်ခုလို့ မြင်တတ်တော့ ဖတ်ရတာ နင့်ကနဲပဲ ကျုပ် ဖုန်းဆက်ပါဦးမယ်။

    ReplyDelete
  2. Creation သက်သက်ပါပဲ.. နန်းရေ...
    တကယ် အိမ်က နှင်မချပါဘူး.. :)

    ReplyDelete
  3. အော် အမလဲ အဲဒါ အဖြစ်မှန်ထင်နေတာ ......
    အဖြစ်မှန်မဟုတ်တောင် အနီးစပ်ဆုံးဖြစ်မယ်ထင်နေတာ .....
    မဟုတ်ဘူးလားးးးးးးးး ? နန်းပြောတာ ဟုတ်တယ်...
    ဖတ်ရတာ ရင်ထဲနင့်လိုက်တာ စိတ်မကောင်းတောင်
    ဖြစ်မိသွားတယ်....creation သက်သက်ပဲလို့
    ဆိုပြန်တော့ စိတ်သက်သာရာရမိတယ်..ဒါပေမဲ့
    လက်ရာမြောက်တဲ့ ပန်းချီကားတစ်ချပ်လို အသက်ဝင်တယ်လေ...
    ခံစားလို့တော့ ကောင်းပါပေ့ :)
    ဆက်လက်ထုဆစ်နိုင်ပါစေ ၀ဲဝဲရေ....
    ဂွတ်နိုက်ထ်ပါ ချစ်မောင်ရေးးးးးးးးးးးးးးးး
    ခင်တဲ့....အမမိုးနတ်

    ReplyDelete