Feb 8, 2013

လက်ဖက်ရည်ဆိုင်က အက်ဆစ်များ

မဆူပေမယ့် ညံနေတဲ့ အနံ့တွေကြားမှာ ခုံလွတ်တစ်လုံးယူထိုင်တယ်
စုဝေးနေကျ ဗရုတ်သုတ်ခည ကို ချိုကျနဲ့ မိတ်ဆက်တယ်.....။
အပျင်းပြေဆိုတဲ့ခေါင်းစဉ်အောက်မှာ ငုတ်တုတ်လေးတွေထိုင်ရင်း
ဇွန်းနဲ့ ခွက်ထဲမှာ မွှေသူမွှေကျ နီကိုတင်းကို ခပ်ပြင်းပြင်း ရှိုက်သူရှိုက်ကြ...။
တောင်စဉ်ရေမရတင်မက အလာပသလာပ ကောလဟာလ ပုံမကျ ပန်းမကျ
အရေမရအဖတ်မရ အချိုး မကျတကျ စကားတွေကို အားရပါးရ ပြောကြဆိုကြ ရယ်ကြမောကြ....။

အဲဒိထဲမှာ
မနက်က ပြောင်လိုက်တဲ့ ကောင်မလေးအကြောင်းပါမယ်
မနေ့က ရုပ်ရှင်ထဲက မင်းသမီး အကြောင်းပါမယ်
လမ်းထဲက ပခုံးချင်းတိုက်မိနေကြလူတွေ အကြောင်းပါမယ်
အီဂျစ်ပြည်က ကလီယို ပါထရာ အကြောင်းပါမယ်
ရက်ကွက်ထဲက စကားများတဲ့ အပျိုကြီး အကြောင်းပါမယ်
သံစဉ်လှလှလေးတွေ ဆိုရင်း က,တတ်တဲ့ ရှက်ကီရာ အကြောင်းပါမယ်
ကျောင်းမှာ ငြိလာတဲ့ ရန်ပွဲအကြောင်း ပါမယ်
အမေရိကားက လမ်းဘေး မှောင်ခို နပမ်းပွဲတွေ အကြောင်းပါမယ်
တလောက ကြားလိုက်တဲ့ လင်လုပွဲအကြောင်းပါမယ်
ခုညကန်မယ့် ပရီးမီယားလိဂ် အကြောင်းလဲ ပါမယ်..။

..............................ပါမယ်
..............................ပါမယ်
................................ပါမယ်
....................................ပါမယ်။

အဲဒီလိုနဲ့
လက်ဖက်ရည်တွေ တစ်ခွက်ပြီးတစ်ခွက်
ဆေးလိပ်တွေ တစ်လိပ်ပြီးတစ်လိပ်
ပြောသူတွေ တစ်ယောက်ပြီးတစ်ယောက်
နားထောင်သူတွေ တစ်ယောက်ပြီးတစ်ယောက်
ပါးစပ်တွေ တစ်ပေါက်ပြီးတစ်ပေါက်
နားရွက်တွေ တစ်စုံပြီးတစ်စုံ
စကားတွေ တစ်ခွန်းပြီးတစ်ခွန်း
အကြောင်းအရာတွေ တစ်ခုပြီးတစ်ခု...။

အဲဒါနဲ့ပဲ
လက်ဖက်ရည်ခွက်တွေ များပြီးရင်းများ
ဆေးလိပ်ပြာတွေ ပွပြီးရင်းပွ
လူတွေ စိတ်လေပြီးရင်းလေ
ညဥ့်တွေနက်ပြီးရင်းနက်..။

အဲဒိနောက်တော့
အချိန်တွေ
တစ်စက္ကန့်ပြီးတစ်စက္ကန့်
တစ်မိနစ်ပြီး တစ်မိနစ်
တစ်နာရီပြီးတစ်နာရီ။

နောက်
ပိုက်ဆံတွေ
တစ်ရွက်ပြီး .... တစ်ရွက်.............။


လက်ဝဲ
(ဟိုးတုန်းက ကဗျာတွေ)

3 comments:

  1. အင်းးးးးးးးးး
    သေချာတယ် လက်ဝဲရေ...
    ပိုက်ဆံတွေကတော့ တစ်ရွက်ပြီး တစ်ရွက်ပဲဟာ :)

    ReplyDelete
  2. ကွက်ကွက်ကွင်းကွင်းပဲ...

    ReplyDelete
  3. ဘဝပုံရိပ်တွေကို ကဗျာလေးနဲ့ ပုံဖေါ်ထုဆစ်နိုင်လို့ ချီးကျူးလေးစားတယ်.......
    ကြိုးစားကြစို့.......
    ချစ်ခင်တဲ့
    အမ

    ReplyDelete