Mar 10, 2013

ဝေး... လွင့်...

တစတစနဲ့ 
 ညတွေဟာနက်သထက်နက်လာတယ်
 အိပ်ရေးတွေလည်း ပျက်သထက်ပျက်လာတယ်
... ဆက်ဆံရေးတွေ စိမ်းသထက်စိမ်းလာသလို
ငါ့မျက်လုံးတွေလည်း ကျိန်းသထက်ကျိန်းလာတယ်
အဲဒီလိုပဲ နင့်အချစ်တွေလည်း
တိမ်းလွယ်ယိမ်းလွယ်လာတယ်။
 
 
 
အဲဒီလိုပဲ...
.စိမ့်စိမ့်ဝင်လာတဲ့ သံသယတွေကို...
လမ်းလွှဲစီးဆင်းစေဖို့ ..
ယုံကြည်မှု ကလေးကို ရေလောင်းပေါင်းသင်...
ဘဝတစ်ခုဟာ... ဒီတစ်ညလုံးနဲ့
လာပြီး ညီမျှနေပုံမျိုး
ငါတို့ ရိုးရိုးလေး... ...
တကယ့် ကို ရိုးရိုးလေး...
မနက်ခင်းလေး... မဝေးအောင်..
ဆွဲဆွဲ ကြည့်နေရတယ်...။
 
ဒါပေမယ့်
ဒါပေမယ့်ပေါ့ကွယ်
မျှော်ကြည့်မိတဲ့မျက်စိတဆုံးရဲ့ အဝေးမှာ
မျက်ကြည်လွှာကိုလာလာကပ်တဲ့အရာ
အဲဒီအရာကို ဖမ်းဆုပ်လိုက်တိုင်း
လက်ထဲပါလာခဲ့တာအက္ခရာတစ်ခု
သက်သေပြုမိဖို့ အရေး
ငါ့ညတွေလည်းခဏတိုင်း ဝေး... ဆွေး..ရပါတယ်လေ..။
 
 
ကင်းကွာ.. ဝေးလွင့်မှုမှာ....
ငါဟာ.. ဘယ်တော့မှများ နေသားကျမှာလဲ..
တစ်ဖက်သတ်ရူးသွပ်မှုဟာ...
ငါ့ဖက်ကို လာသတ်နေပြီ...
ဒီလိုပဲ... ငါ....
ငါ့ကိုယ်ငါ ပျောက်ဆုံးပစ်နေရသလိုမျိုး...
ရင်တစ်ခွင်လုံး... ပြုန်းတီးနေရသလိုမျိုး..
တစ်မိုးအောက်မှာ.. တစ်ယောက်မှ မရှိတော့ဘူးကွယ်...။
 
နေသာသလိုသာနေလိုက်ပါတော့ချစ်သူ
မညာတမ်းဝန်ခံရကြေးဆိုရင်
တွေးမိတိုင်း ဟောဒီဘယ်ဘက်ရင်ခြမ်းက တဆစ်ဆစ်နာတယ်
တဖျစ်ဖျစ်မြည်သံတွေက သက်သေပေါ့
ကြိုးမှားတပ်မိတဲ့ ဂီတာအိုတစ်လုံးမို့ 
 သံစဉ်မညီတာဟာ ဆန်းတော့မဆန်းပါဘူးလေ
အလွမ်းတွေ ကြမ်းသထက်ကြမ်းလာတာလေးပဲ ခက်နေတာ
အဲဒါလေးပဲ ခက်နေတာကွဲ့ ..။
 
 
ဟိုးမှာ ကြည့်စမ်း ချစ်သူ.....
အပေါ့ပါးဆုံး လွင့်မျောခဲ့တဲ့ လေတံခွန်လေးပေါ့..
ကြိုးပြတ်သွားတာတောင်... ပေါ့လို့... ပါးလို့....
ငါတို့ဟာ... ကစားမလား နားမလား စိတ်ဓါတ်မျိုး...
ငါတို့ဟာ... သုညထဲမှာ ရောက်နေတဲ့ ဗလာနယ် လိုမျိုး..
ထုံဆေးအထိုးခံထားရတဲ့ ပင်လယ်ပြင်ကြီးပဲ..
မီးလင်းဖို ရှေ့က အေးစက်စက် မျက်လုံးတွေပဲ...
ငါတို့ဟာ အနန္တ ကို ခံစားမိခဲ့ကြတာပဲ...
မျက်တောင်မခတ်ပဲ ကြည့်နေလိုက်ပါ ချစ်သူ
အဲဒီ လေတံခွန်လေး...
ဝး... ဝေး..... လွင့်.... လွင့်....
မြေပြင်ပေါ် အရင်ဆင်းနှင့်ခဲ့တာ
ငါတို့ နှစ်ယောက်တည်း
အဲဒီ လေတံခွန်လေးကတော့
ဝေး... ဝေး..... လွင့်.... လွင့်....
ဝေး... ဝေး....
လွင့်... လွင့်...။ ။
 
 
 


(ကျွန်တော်တို့ မောင်နှမနှစ်ယောက် ပျင်းပျင်းနဲ့ စပ်ထားတာလေးပါ ခံစားကြည့်ပါဦးနော်..)
 

ချစ်ခင်လေးစားလျှက်
ဆုဂျေ၊ ကဗျာဆရာလက်ဝဲ

7 comments:

  1. ထပ်ဖတ်မိတော့ ထပ်ကြိုက်မိပါအိ
်ဖဘမှာဖတ်ပြီးပြီ...ဒါပေမဲ့
    ကြိုက်လို့ ခဏခဏထပ်ဖတ်မိတယ် :)
    အဲ့မောင်နှမနှစ်ယောက်က တော်တော်
    အရေးကောင်းတာပဲ :P

    ReplyDelete
  2. မိုက်တယ်ဟ...
    ဒါမဲ့ ဘယ်သူဘယ်အပိုဒ်ရေးမှန်းမသိရဘူးအေ့ :(

    ReplyDelete
  3. 2 ခေါက်ပြန်ဖတ်တယ် ... တစ်ပုဒ်လုံးကြိုက်တယ် “နေသာသလိုသာနေလိုက်ပါတော့ချစ်သူ
    မညာတမ်းဝန်ခံရကြေးဆိုရင်
    တွေးမိတိုင်း ဟောဒီဘယ်ဘက်ရင်ခြမ်းက တဆစ်ဆစ်နာတယ် ” ဒီသုံးကြောင်းက ရင်ကိုထိတယ် ... :)

    ReplyDelete
  4. နွယ်လေးMarch 13, 2013 at 7:22 PM

    အမှန်အတိုင်းပြောရရင် ဒီကဗျာလေးက နွယ်နဲ့ တစ်ပုဒ်လုံး လိုလိုကို တိုင်ဆိုင်မှုတွေရှိနေပါတယ်....
    တစတစနဲ့ 
    ညတွေဟာနက်သထက်နက်လာတယ်
    အိပ်ရေးတွေလည်း ပျက်သထက်ပျက်လာတယ်
    ...ဆက်ဆံရေးတွေ စိမ်းသထက်စိမ်းလာသလို
    ငါ့မျက်လုံးတွေလည်း ကျိန်းသထက်ကျိန်းလာတယ်
    အဲဒီလိုပဲ နင့်အချစ်တွေလည်း
    တိမ်းလွယ်ယိမ်းလွယ်လာတယ်။

    အားပေးနေပါတယ်ရှင်...

    ReplyDelete
  5. ကဗျာလာဖတ်သွားတယ် ညီငေးနဲ့ ညီမငေးတို့ရေး)


    မောင်ဘကြိုင်

    ReplyDelete
  6. ငါတို့ ဟာ ကစားမလားနားမလား စိတ်ဓါတ်မျိုး

    ReplyDelete