Mar 18, 2014

ပျံလွှားရဲ့ တောင်ပံ

ကြာတော့ ကြာပါပြီ။ သက်တမ်းဝက် မျိုးစိတ်နဲ့ ကာလပေါ် သံယောဇဉ် အမျှင်တစ်ချို့၏ အမည်နာမ ကို အချစ်၏ နောက်ကွယ်တွင် ကျွန်တော် တိတ်တဆိတ် ဝှက်သိမ်းထားမိသည်။ ထိုမှ ဤမှ ပျံသန်းမြူးတူးကြသည့် နူးညံ့သိမ်မွေ့မှုတို့သည် ပျံလွှားငှက်ကလေးများနှင့် တူသည်။ နက်ရှိုင်းသည်။ ကျယ်ပြောသည်။ သို့သော် မမာထန်၊ မရိုင်းစိုင်းသော ကျွန်တော့် အဘိဓမ္မာတစ်ရပ်ဖြစ်သည့် ထိုပျံလွှားကလေးများသည် ကျွန်တော့် မိတ်ဆွေများ ဖြစ်ကြသည်။ ထို နူးညံ့သိမ်မွေ့မှု ပျံလွှားလေးများသည် ကျွန်တော် ဝှက်သိမ်းထားသော အမည်နာမ၏ ဂုဏ်သတ္တိ ရှိသော တောင်ပံကလေးများဖြင့် သွက်လက်မြန်ဆန်စွာ ရုန်းခတ် ပျံသန်းကြသည်။ တိမ်လွှာချည်မျှင်စကလေးများကို တစ်မျှင်ချင်း ဆွဲကြည့်နေချင်သည့် ရူးမိုက်မိုက် ကောင်လေးတစ်ယောက် (သို့မဟုတ်) ကောင်းကင်ကို လက်ဆစ်ကလေးများဖြင့် ခပ်ဆတ်ဆတ်လေး ခေါက်ကြည့်လျှင် ဘာသံများထွက်မလဲဟု သိချင်နေရှာသော စပ်စပ်စုစု ငနဲလေး တစ်ကောင်ဟု သူမက မြင်ကောင်းမြင်ပါလိမ့်မည်။ သိပ်တော့လဲ မထူးဆန်းလှပါ။ ကျွန်တော်က ကျွန်တော့်တောင်ပံလေးတွေနဲ့ ကျွန်တော် ပျော်နေသည့် ကောင်လေးတစ်ယောက် ဟု ကိုယ့်ကိုယ်ကိုယ် မြင်ပါသည်။ အမြင်ချင်းကွာဟမှု နည်းလွန်းသည်ဟု ယူဆသောကြောင့် ဖြေရှင်းမနေတော့ပါ။ ဘာပဲ ဖြစ်ဖြစ် သူမနဲ့ ကျွန်တော်ကလဲ ချစ်သူတွေပဲ မဟုတ်လား။ ပျံလွှားလေးတွေက ပြောပြသည့် တိမ်တွေ ကောင်းကင်တွေ အကြောင်း၊ နေရောင်အကြောင်း၊ လေအဟုန် အကြောင်း၊ လူ့လောကကို အပေါ်စီးမှ ကြည့်မြင်ရသည့် ဘဝင်စိတ်အကြောင်း များကို သူမကို ပြန်ပြောပြတော့ သူမ ငြိမ်သက်စွာ နားထောင်တတ်သည်။ ထို့နောက် ကျွန်တော့်ကို တိမ်လိုကြည့်၍ ကောင်းကင်လိုပြုံးပြတတ်လာသည်။ နေရောင်လို မျက်နှာချင်းဆိုင်၍ လေအဟုန်လို စကားပြောတတ်လာသည်။ ထို့ကြောင့်ပင် ကျွန်တော့်ကို အပေါ်စီးက ကြည့်၍ သဘောတွေ ကျနေသော သူမကို ကျွန်တော် အံ့သြမနေတော့ပါ။ အမှန်တော့ ပျံလွှားငှက်များ၏ ယုံကြည်ချက်အကြောင်း သူမကို ကျွန်တော် ဝါဒဖြန့်သည့် သဘောနှင့် ပြောပြခဲ့ခြင်း မဟုတ်ပါ။ အခန့်မသင့်စွာ ပျံလွှားဝါဒီမလေး တစ်ယောက် ဖြစ်သွားသည်ကိုတော့ ကျွန်တော့် အပြစ်ဟု ယူဆ၍ ရနိုင်ပါသည်။

=============================================

တစ်ရက်တွင် သူမ ကျွန်တော့်ကို ကျယ်ပြန့်သော ကွင်းပြင်ကြီးတစ်ခု အနီးသို့ လာဖို့ ချိန်းဆိုခဲ့သည်။ ကျွန်တော် ရောက်တော့ သူမက ရုပ်ရှင်တွေထဲကလို သစ်ပင် အုပ်အုပ်ကြီးတစ်ပင် အောက်တွင် ကျွန်တော့်ကို ကျောပေးရပ်ပြီး ကွင်းပြင်ကြီး၏ ဟိုးအစွန်းကို ငေးကြည့်နေသည်။ ကျွန်တော်လဲ ရုပ်ရှင်တွေထဲကလိုပဲ သူမ ခါးကို နောက်ကျောမှ သိုင်းဖက်၍ သူမ ပုခုံးကို ကျော်ကာ ပါးချင်းအပ်ထားလိုက်သည်။ သူမ ပြုံးသည်။ (အရင်နေ့တွေကထက် ပို၍ ကောာင်းကင်ဆန်သော အပြုံး ဖြစ်သည်။) သူမ အပြုံးဆီမှ ပြုတ်ကျလာသော ကျွန်တော့်ကို လေအဟုန်ဖြင့် ဆွဲဖမ်းလိုက်သည်။
“ငါ ပျံလွှား အစစ်တစ်ကောင် ဖြစ်နေတာ နင်သိလား”
ကျွန်တော် ဘယ်ကိုမှန်းမသိ လွင့်ပါသွားသည်။ သူမက ပျံလွှားဆိုတော့ ကျွန်တော် ဘယ်ကိုပဲ လွင့်လွင့် ပျံ၍ လိုက်လာနိုင်သည်။
“အဲဒါ နင့်ကြောင့်”
ကျွန်တော် မျက်ရည်တွေ ဝဲလာသည်။ စိတ်ထဲမှာ လှိုက်ကနဲ ဖြစ်သွားသည့် ခဏမှာပဲ ကျွန်တော် မြေပြင်သို့ ထိုးကျသွားသည်။ ကျွန်တော် ဘာမှ မပြောနိုင်။
ခြေပစ်လက်ပစ်ထိုင်ချလိုက်သော ကျွန်တော့် ပုခုံးပေါ်မှာ သူမ လာနားပြီး တောင်ပံလေးများကို ဖျပ်ကနဲ ခါလိုက်သည်။ ကျွန်တော့် ပါးပြင် အေးကနဲ ဖြစ်သွားသည်။ သူမ ကျွန်တော့်ကို နမ်းတာလား။
“ငါ နေ့တိုင်း ငါ ပျံသန်းရတဲ့ အကြောင်းတွေကို တခြားပျံလွှားတွေလိုပဲ နင့်ကို လာ ပြောပြမှာပါ”
ချစ်သူရယ်.............................................................။ ကျွန်တော် အာခေါင်တွေခြောက်လာသည်။ ချွေးစီးတွေ ပြန်လာသည်။ ချစ်သူ (ပျံလွှားမလေး) ကို ကျွန်တော် ဝေဝေဝါးဝါး ပဲ မြင်ရသည်။
“ငါ တကယ် ပြောတာ၊ နင် မယုံဘူးလား”
ကျွန်တော် ဗြုန်းကနဲ ထရပ်၊ အင်္ကျီကြယ်သီး ကို ဆွဲဖြုတ်၊ မျက်စိမှိတ် အံကြိတ်ကာ ကျွန်တော့် ရင် အလယ်တည့်တည့်ကို ဓါးမြမြဖြင့် ထိုးခွဲလိုက်သည်။ အဖြစ်အပျက်တို့က မြန်လွန်းလှသည်။
နားမလည်သော မျက်လုံးများဖြင့် သူမကျွန်တော့်ကို ကြောင်ငေးကြည့်နေသည်။ ကျွန်တော့် ရင်ဘတ်အကွဲကြောင်းကို အနည်းငယ် ဖြဲဟ ပြလိုက်တော့... သူမ မျက်လုံးအပြူးသားဖြင့် နောက်ကို ခြေတစ်လှမ်းဆုတ်သွားသည်။
“မဖြစ်နိုင်ဘူး.... မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး....”

=============================================

သူမ ခေါင်းကိုပဲ တွင်တွင် ယမ်းနေတော့သည်။ ကျွန်တော့် ရင်ဘတ်ထဲမှ သူမမြင်နေရသည့် အရာကို လက်မခံနိုင်စွာ အထပ်ထပ်အခါခါ စောင်းငဲ့ကြည့်နေသည်။ သူမ အံကိုကြိတ်လိုက်ပေမယ့် ဘယ်ဖက်မျက်လုံးမှ မျက်ရည်တွေ စတင်စီးကျလာသည်။
“ငါ မယုံဘူး”
ထိုသို့ ပြောပြီး ကျွန်တော့် ရင်ဘတ်ထဲမှ အရာကို နောက်တစ်ကြိမ် ထပ်မကြည့်တော့။ ဒါပေမယ့် တကယ် ရှိနေသည်ပဲလေ။ ယုံယုံ မယုံယုံ၊ လက်ခံခံ မခံခံ ထိုအရာသည် တကယ် ဖြစ်ပျက်ခဲ့သည်။ တကယ် ရှိနေခဲ့သည်။ ရှိလဲ ရှိနေဆဲ၊ ဖြစ်လဲ ဖြစ်နေဆဲ။ ထပ်လဲ ရှိနေဦးမှာ၊ ထပ်လဲ ဖြစ်နေဦးမှာ ဆိုတာကိုတော့ သူမ ထိတ်လန့်စွာ တွေ့လိုက်ရပြီးပါပြီ။ သူမသည် ကျွန်တော့် ရင်ဘတ်မှ စီးကျနေသော သွေးတွေကို မျက်ရည်တွေ ပြည့်နေသော မျက်ဝန်းများဖြင့် တွေတွေကြီး ငေးကြည့်နေသည်။ မငိုတော့သော်လည်း တစ်ချက်တစ်ချက် ရှိုက်သံက ကျယ်လောင်လွန်းသည်။ သူမ မောနေပြီ။ ကျွန်တော့် ရင်ဘတ်အကွဲကြောင်းကို ပြန်စေ့ထားလိုက်ပြီး သူမကို ကျွန်တော့် ရင်ခွင်ထဲ ဆွဲပွေ့ထားလိုက်သည်။ သူမတောင်ပံလေးများကို အသာအယာ ပွတ်သပ်ပေးတော့ ကျွန်တော့် ပါးကို နမ်းသည်။ နာကျင်ကြတာချင်းအတူတူ ဘယ်သူပိုနာသလဲ ဆိုတာ ငြင်းချက်မထုတ်ကြေး ဟူသော အဓိပ္ပာယ်အပြည့်ပါသည့် အနမ်း။ သူမကို ကျွန်တော်ချစ်ရသော အကြောင်းရင်းများစွာထဲမှ တစ်ခု သည် ထိုအနမ်း ဖြစ်ပါသည်။
“ငါ တကယ် ပျံလွှားကလေး ဖြစ်သွားပြီ ထင်ထားတာဟ”
“ငါ နားလည်ပါတယ်”
သူမ ကျွန်တော့်ကို မော့ကြည့်ပြီး ကြည်နူးစွာ ပြုံးပြပါသည်။ ထို့နောက် စကားလုံးတို့ကို တစ်လုံးချင်း ပြောနေတော့သည်။
“နင် ငါ့ကို အဲဒီ နားလည်ပါတယ် ဆိုတဲ့ စကားတစ်ခွန်းပဲ ခဏခဏ ပြောနေတာကို အစက ငါ နားမလည်ဘူး၊ အခု နင့် ရင် ဘတ်ထဲကို ငါ တွေ့လိုက်တော့ ပထမ ငါ ထိတ်လန့်သွားတယ်”
“နောက်တော့... ??”
“နောက်တော့ အဲဒီ နားလည်ပါတယ် ကို ငါ နားလည်သွားတယ်”
ကျွန်တော် ပြုံးပြီး ပြန်ပြောလိုက်သည်။
“အေး.. ငါ နားလည်ပါတယ်”
“ပြီးတော့ ငါ လက်ခံလိုက်ပြီ”
“ငါ နားလည်ပါတယ်”

=============================================

ကျွန်မ ထိတ်လန့်စွာ နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်မိသည်။
“မဖြစ်နိုင်ဘူး.... မဖြစ်နိုင်ဘူး... ဒါ လုံးဝ မဖြစ်နိုင်ဘူး....”
ထိုသို့လဲ ကျွန်မ အော်ဟစ်လိုက်မိသည်။ ကျွန်မ မယုံ။ ကျွန်မကိုယ် ကျွန်မ ပျံလွှား ဖြစ်သွားပြီလို့ ယုံကြည်လို့ ပျံသန်းပြီးကာမှ သူ့ရင်ဘတ်ထဲမှာ ကျွန်မက လူသားစင်စစ် ဖြစ်နေဆဲ၊ ပျံလွှားတွေအကြောင်း ဘာဆိုဘာမှ မကြားဖူးတဲ့ သိပ်ကို ဖြူစင်တဲ့ လူသားမိန်းမတစ်ယောက်အဖြစ် နှစ်ခြိုက်စွာ အိပ်နေဆဲ မြင်လိုက်ရသည်။ သု့သွေးကြောမျှင်တွေက ကျွန်မ ရုပ်ခန္ဓာကို ရစ်ပတ် ပွေ့ထိန်းထားသည်။ သူ့ နှလုံးသားသည် ကျွန်မရုပ်ခန္ဓာ၏ ဦးခေါင်း တင်ထားစရာဖြစ်သော ခေါင်းအုံးဖြစ်သည်။ သူ့နံရိုးများကြားတွင် သူ့ ဝမ်းတွင်းကလီစာများနှင့်အတူ ကျွန်မရုပ်ခန္ဓာသည် ပျံလွှားတစ်ကောင် ဖြစ်မနေပဲ လူသားစင်စစ် တစ်ဦး ဖြစ်နေဆဲ ဆိုတာ ထိတ်လန့်စွာ တွေ့လိုက်ရသည်။
ကျွန်မ သူ့ ရင်ဘတ်အကွဲကြောင်းကြားကို မရဲတရဲ ထပ်ကြည့်လိုက်သည်။ ကျွန်မကို အကြီးမားဆုံး အံ့သြသွားစေသော အချက်သည် ကျွန်မရုပ်ခန္ဓာ ခေါင်းအုံးထားသော သူ့နှလုံးသား အစား ကျွန်မ ကိုယ်တိုင်က ရင်ခုန်ပေးရခြင်းပင်ဖြစ်သည်။
“ငါ မယုံဘူး”
ကျွန်မ ငိုချလိုက်ပါသည်။ သို့သော်.....
.....
...
....
....
...
အငိုတိတ်တော့ ကျွန်မ က သူ့အတွက်ရော ကျွန်မကိုယ်တိုင်အတွက်ပါ နှစ်ယောက်စာ ရင်ခုန်နေရတဲ့ လူသားမိန်းမတစ်ယောက် ပြန်ဖြစ်သွားသည်။
အဲဒီနောက် ကျွန်မ သူ့ကို နမ်းလိုက်သည်။

=============================================

သူမ ကျွန်တော့်ကို နားလည်တယ် တဲ့။ ဘာပဲဖြစ်ဖြစ်ပေါ့လေ။ ပျံလွှားမလေး လို့ သူ့ကိုယ်သူထင်ထားတဲ့ သူ့ စိတ်အလျဉ်လေးကို ကျွန်တော် ပြန်သိမ်းပေးနိုင်ခဲ့ပြီ။ တကယ်တော့ ကျွန်တော် သူမကို ပျံလွှားမလေး တကယ် ဖြစ်သွားလဲ ချစ်မှာပါပဲ။ ခမ်းနားကြီးကျယ်တယ်လို့ ကိုယ့်ကိုယ်ကိုယ် ခံယူမထားပေမယ့် ကျယ်ဝန်းတောက်ပြောင်တဲ့ ပိုးကတ္တီပါ ကောဇောလို ကိုယ့်ကိုယ်ကိုယ် ခင်းပြီး သူမကို နင်းထားစေခဲ့တာဟာ ကျွန်တော့်ရဲ့ အသက်တမျှ ကြည်စင်မြတ်နိုးရတဲ့၊ အဖိုးထိုက်တဲ့ သူမ အတွက်ပါ။
သူမ ကျွန်တော့်ကို ပြောခဲ့တဲ့စကားတွေ ကျွန်တော့်အပေါ် ပြုမူတဲ့ အပြုအမူကလေးတွေက အစ အားလုံးကို ကျွန်တော် နားလည်ပါတယ်။ တစ်ချိန်မှာ ကျွန်တော့်ကို တကယ် ပျံလွှားကလေး ဖြစ်ချင်တယ်လို့ ပြောလာလိမ့်မယ်။ အဲဒီအခါကျရင်လဲ..
သူမကို ပျံလွှားလေးအဖြစ် ဖန်ဆင်းပေးပြီး သူမရဲ့ တောင်ပံမှာ ကျွန်တော်ပိုင်တဲ့ သက်တမ်းဝက် မျိုးစိတ်နဲ့ ကာလပေါ် သံယောဇဉ် အမျှင်တစ်ချို့ရဲ့ အမည်နာမ ကို ရေးထိုးပေးလိုက်ဦးမှာပါ။

ကျွန်တော် နားလည်ပါတယ်။




လက်ဝဲ

No comments:

Post a Comment