Sep 22, 2014

ဇီဇဝါပင်လေး ပြောပြတဲ့ မောင့်အကြောင်း ပုံပြင်

ထာဝရပါ မောင်။ မောင်ဟာ ဖြူ့ရဲ့ ထာဝရပါ။ ဖြူဟာ မောင်တန်ဖိုးထားရတဲ့ မောင် မြတ်နိုးရတဲ့ မောင်ချစ်ရတဲ့ အရာတွေ စုပြုံရှိနေတဲ့ လူသားမိန်းမတစ်ယောက် ဖြစ်ခွင့်ရတာ ဖြူ သိပ် ကြည်နူးတယ်။ မောင် ဖြူ့ကို ချစ်တဲ့ အချစ်ကို ဖြူ ရင်ခုန်လှိုက်မော အံ့သြမင်သက်ရပါတယ် မောင်။ ဖြူလို မိန်းမတစ်ယောက် မောင့်ဘဝထဲမှာ ဖြူဖြူစင်စင် ရှိနေတဲ့ အချိန်တွေက မောင့်ကို သာယာချမ်းမြေ့စေသတဲ့လား မောင်ရယ်။ တကယ်ပဲ ဖြူ့ရဲ့ ထာဝရပါ မောင်။
မောင်ချစ်တဲ့ ဖြူဆိုတဲ့မိန်းမမှာ မောင်နဲ့တူတဲ့ ဇီဇဝါပင်တစ်ပင် ရှိခဲ့ဖူးတယ် မောင်။ မောင် ဖြူ့ကို တန်ဖိုးထားသလို ဖြူလဲ မောင့်ကို တန်ဖိုးထားတယ်၊ မောင် ဖြူ့ကို မြတ်နိုးသလို ဖြူလဲ မောင့်ကို မြတ်နိုးတယ်၊ မောင် ဖြူ့ကို ချစ်သလို ဖြူလဲ မောင့်ကို ချစ်တယ် ဆိုတာ အဲဒီ ဇီဇဝါပင်လေးအကြောင်း ပြောရင်း သိစေချင်လို့ နားထောင်ပေးပါလား မောင်။

အဲဒီ ဇီဇဝါပင်လေးကလေ ဖြူ့ဆီမှာ ဇီဇဝါပင်အဖြစ် မရှိခင်တည်းက (တခြား ဇီဇဝါပင်တစ်ပပင်ရဲ့ အကိုင်းအခက်ကလေး တစ်ကိုင်း ဘဝကတည်းက) မျှော်လင့်ချက်တွေ တစ်သီကြီးနဲ့ ဖြူ့ရင်ထဲကို ရောက်နေခဲ့တာ။ ဇီဇဝါ ကိုင်းလေး တစ်ကိုင်းကို ဖြူပိုင်တဲ့ ဇီဇဝါပင် ဖြစ်အောင် ဖြူ မတတ်တဲ့ ကိုင်းကူးစိုက်ပျိုးနည်းနဲ့ စိုက်ပျိုး မွေးမြူဖို့ ဖြူစပြီး ပြင်ဆင်ခဲ့တယ် မောင်။ ဖြူတို့မြို့ရဲ့ ဈေးထဲက ပျိုးပင်တွေရောင်းတဲ့ အန်တီကြီးတစ်ယောက်ဆီမှာ ကိုင်းကူးစိုက်တဲ့ နည်းကို သင်ယူတယ်။ ပြီးမှ ဖြူ့ ဇီဇဝါပင် ဖြစ်လာမယ့် အဲ့ဒီ ဇီဇဝါကိုင်းလေးကို ကူးယူစိုက်ပျိုးဖို့ အဲ့ဇီဇဝါပင်ကြီးပေါ်မှာပဲ စပြီး ပြင်ဆင်ခဲ့ရတာ မောင်ရဲ့။ အဲဒီ ဇီဇဝါပင်ကြီးပေါ်က ဖြူ့စိတ်ကြိုက် အကိုင်းကလေးကို အသားတွေ ပေါ်လာအောင် အကိုင်း အပေါ်ယံလွှာ ပတ်ပတ်လည်ကို ဓါးနဲ့ ခြစ်ထုတ်ပစ်တယ်။ ဇီဇဝါ ကိုင်း အသားလေးတွေ ပေါ်လာရော။ နောက်တစ်ဆင့်အနေနဲ့ အုန်းခွံတွေကို ရေဆွတ်၊ မြေဆွေးနည်းနည်းကို အဲ့အုန်းခွံတွေကြားထဲ ရောညှပ်ပြီးထည့်၊ အဲ့ဒီ မြေဆွေး ညှပ်ထည့်ထားတဲ့ အုန်းခွံတွေကို စောစောက ကိုင်းသားလေးတွေ ပေါ်နေတဲ့ ဇီဇဝါကိုင်းနေရာမှာ ပတ်ထားပြီး လျှော်ကြိုးနဲ့ စည်းထားရတယ်။ လျှော်တွေဆွေးပြီး ပြတ်ထွက်ကုန်မှာစိုးလို့ သွပ်နန်းကြိုးနဲ့တောင် ထပ်စည်းထားလိုက်သေးတယ်။ အသားပေါ်အောင်ထွင် ပြီး မြေဆွေးအုန်းခွံ ပတ်ထားတဲ့ အဲဒီ ဇီဇဝါ ကိုင်းလေးကို ချိုးခုတ်မယူသေးပဲ အပင်မှာပဲ ဒီတိုင်းထားထားတယ်။ အဲဒီ အကိုင်းလေးကို ရေမှန်မှန်လောင်းပေးရတာပေါ့ မောင်ရယ်။ စိတ်ရှည်ရှည်နဲ့ နေ့တိုင်း ရေပုံမှန်လောင်းပေးရင် ဇီဇဝါကိုင်းသားထဲက အမြစ်တွေ မြေဆွေးအုန်းခွံတွေကြားထဲက ထွက်လာလိမ့်မယ်လို့ ပျိုးပင်ရောင်းတဲ့ အန်တီကြီးက သင်ပေးလိုက်လို့ ဖြူစိတ်ရှည်ရှည် စောင့်ခဲ့တယ်မောင်။ မောင့်ကို ဖြူ့ဘဝထဲမှာ ဖြူ့ချစ်သူ မဖြစ်ခင်ကတည်းက အဲ့ဒီ ဇီဇဝါ ကိုင်းလေးကို ချစ်သလို မောင့်ကို ချစ်ခဲ့တာ။ မောင့်ကို မောင်လို့ ခေါ်နိုင်အောင် ဖြူ စနစ်တကျ ပြင်ဆင်ခဲ့တာပါ မောင်။ ဒါကို မောင် သိမှာပါလေ။
ဖြူ မျှော်လင့်ထားတဲ့ အတိုင်းပဲ။ ဇီဇဝါကိုင်းထဲက အမြစ်လေးတွေ မြေဆွေး အုန်းခွံတွေကားထဲက အောင်အောင်မြင်မြင် တိုးထွက်လာတော့ ဖြူပျော်လိုက်တာများ ဘာနဲ့မှကို မတူဘူး မောင်ရယ်။ အဲဒီအကိုင်းကို အမြစ်ထွက်နေတဲ့ နေရာရဲ့ နောက်နား နည်းနည်းလေး တိုးပြီး ခုတ်ယူလိုက်တယ်။ ပြီးတော့ ဖြူကြိုပြီး ပြင်ဆင်ထားတဲ့ မြေဆွေးနိုင်နိုင်နဲ့ ပန်းအိုးလေးထဲ ပြောင်းပြီး စိုက်လိုက်တယ်။ မောင်သိလား။ အဲဒီနေ့က မောင့်ကို မောင်လို့ စခေါ်တဲ့နေ့ကလို ပြီးပြည့်စုံတဲ့ ကျေနပ်မှုတွေနဲ့ ဖြူ ကြည်နူးခဲ့ရတာ။ တခြား ဇီဇဝါပင်ရဲ့ အကိုင်းတစ်ကိုင်းဘဝ ကနေ ဖြူပိုင်တဲ့ ဇီဇဝါပင်လေးတစ်ပင် ဖြစ်သွားတဲ့ နေ့ပေါ့ မောင်ရယ်။
မောင်...
ဖြူ အဲဒီနေ့ကစပြီး ဖြူ့ဇီဇဝါပင်လေးအတွက် သီးသန့် ဥယျာဉ်မှူးတစ်ယောက် ဖြစ်သွားခဲ့တယ်။ မနက်မိုးလင်းလို့ မျက်စိနှစ်လုံး ဖွင့်ပြီ ဆိုတာနဲ့ ဇီဇဝါပင်လေးနား ရောက်သွားပြီ။ ဇီဇဝါပင်လေး ဘေးမှာ ငုတ်တုတ်ထိုင်ပြီး ရေလောင်းပေါင်းသင်တာတွေ ပြီးတော့မှ ဖြူ မျက်နှာသစ်တယ်။ နောက် တစ်နေကုန် ဇီဇဝါပင်လေးနဲ့ အတူတူ နေတယ်။ မနက်စာစားလဲ ဇီဇဝါပင်လေးနားမှာ၊ ကျောင်းသွားခါနီးလဲ ဇီဇဝါပင်လေးနားမှာ၊ ကျောင်းဆင်းလို့ အိမ်ပြန်လာရင်လဲ ဇီဇဝါပင်လေးနားမှာ၊ စာကျက်လဲ ဇီဇဝါပင်လေးနားမှာပဲ။ ပြောရရင် မောင်ရယ်...၊ ဇီဇဝါပင်လေးနဲ့ ဖြူနဲ့က တစ်သားတည်း ဖြစ်သွားခဲ့တာ။ ဖြူပြောတာကို နားထောင်ရင်း မောင့် စိတ်ထဲ မောင့်ဘေးမှာ မောင့်လက်လေးကို ချိတ်ပြီး တစ်ချိန်လုံး ရှိနေတဲ့၊ မောင်သွားရာနောက် တကောက်ကောက် လိုက်နေတဲ့ မောင့် အရိပ်ကလေး ဖြူ့ကို မြင်ယောင်နေမှာပေါ့နော်။ ဟုတ်တယ် မောင်ရဲ့။ ဖြူလေ.. ဖြူကိုယ်တိုင် ဇီဇဝါပင်လေးနေရာမှာ ဝင်ပြီး ရှင်သန်ကြည့်မိဖူးတယ်။ အဲ့ဒီအချိန်တုန်းက ဇီဇဝါပင်လေးဟာ အရင် ဇီဇဝါကိုင်းလေး ဘဝတုန်းက ရှိခဲ့တဲ့ ရှိရင်းစွဲ အရွက်၊ အခက် လေးတွေနဲ့ ဝေဆာ လှပနေခဲ့တာ။ ဖြူ ကြည့်နေရင်း ကြည့်နေရင်း နဲ့ တစိမ့်စိမ့် ကြည်နူးနေခဲ့ရတာပေါ့ မောင်ရယ်။ မောင့် မျက်နှာလေးကို မော့ကြည့်ပြီး ကျေနပ်နေတတ်တဲ့ ဖြူက အဲဒီတုန်းကလဲ အဲလို ကျေနပ်မှုမျိုး ရခဲ့ဖူးတယ် မောင်ရယ်။

ဒါပေမယ့် မောင်ရယ်...
ဇီဇဝါ ပင်လေးက ဖြူ့ကို ပြီးပြည့်စုံတဲ့ ပျော်ရွှင်မှုကို အမြဲတမ်း မပေးနိုင်ခဲ့ဘူး မောင်... ။ သိလား.။ အရွက်သစ်တွေ ဝေလာပြီး အဖူးအပွင့်သစ်တွေ မြင်လာမယ်လို့ မျှော်လင့်ထားတဲ့ ဇီဇဝါ ပင်လေးက လေ... ဖြူ ရေလောင်း ပေါင်းသင်ပြီး အရိပ်တကြည့်ကြည့်နေ နေ တဲ့ ကြားထဲကပဲ ရှိရင်းစွဲ အရွက်တွေ တစ်နေ့တစ်နေ့ ညှိုးလျော် လာပြီး တစ်ရွက်ပြီးတစ်ရွက် ကြွေကျကုန်တယ်။ ဖြူ့ မျှော်လင့်ချက်တွေ၊ ဖြူ့ အိပ်မက်တွေ ဝေဝါးကုန်အောင် ဇီဇဝါ ပင်လေး နှိပ်စက်တယ်။ တစ်နေ့ တစ်နေ့ အရွက်တွေ ဖြည်းဖြည်းချင်း ကြွေနေတဲ့ ဇီဇဝါ ပင်လေးကို မျှော်လင့်ချက် လက်ကျန်လေးနဲ့ ရေလောင်းရတဲ့ နေ့တွေဟာ ဖြူ့အတွက် အပင်ပန်းဆုံး ဝမ်းအနည်းရဆုံး နေ့ရက်တွေပါ မောင်။ အဲဒီနေ့တွေဟာ မောင်နဲ့ ပက်သက်ပြီး မောင့် ချစ်သူ ဘဝမှာ မောင်အဆင် မပြေမှုတွေ၊ ကျပ်တည်းမှုတွေ၊ အခက်အခဲတွေနဲ့ ဖြူ့နားမှာ စိတ်ဓါတ်ကျ၊ နွမ်းလျနေတဲ့ အချိန်တွေနဲ့ အတူတူပါပဲ မောင်။ မောင် အဆင်ပြေလာမယ့် တစ်နေ့၊ မောင့် စိတ်တွေ ပြည့်ဝ ပျော်ရွှင် လာမယ့် နေ့ကို ဖြူ မျှော်လင့်ရင်း ဖြူ မောင့် ဘေးမှာ အားပေး နှစ်သိမ့်ခဲ့ရသလို မျိုးပေါ့။
မောင့် ဘဝရဲ့ နာကျင်ချိန်တွေဟာ ဖြူ့ နှလုံးသားရဲ့ မွန်းကျပ် ကြေကွဲရတဲ့ အချိန်တွေပါပဲ...။ ခေါင်းငိုက်စိုက် နဲ့ အဆင်မပြေတဲ့ မောင် က အရွက်တွေ မရှိတော့တဲ့ ကိုင်းကူးထားတဲ့ ဇီဇဝါပင်လေးနဲ့ သိပ်တူတာပဲ။ မောင် အတတ်နိုင်ဆုံး စိတ်ခွန်အားတွေ ပြည့်ဝ နေအောင် ပြုပြင်တည်ဆောက်ပါ မောင်ရယ်နော်...။

ဇီဇဝါ ပင်လေးအကြောင်း ဆက်ပြောရဦးမယ် မောင်ရဲ့...။

အဲဒီလိုနဲ့ ... အကိုင်းငုတ်တို ဇီဇဝါပင်လေးဟာ ဖြူ စိတ်လက်မသာမယာ လောင်းနေတဲ့ ရေတွေကို သောက်သုံးရင်း အချိန်တွေ ကုန်လာပြီး နွေနှောင်းလို့ မိုးပြောင်းချိန်ထိတောင် ရောက်လာရော..။ မိုးရေ စိုစွတ်နေတဲ့ ပန်းရုံလေးတွေ ကြားထဲမှာ ဇီဇဝါပင်လေး ရဲ့ ပူပြင်းသွေ့ခြောက်နေတဲ့ အချိန်တွေ ကုန်ဆုံး လွန်မြောက်ချိန် ကိုလဲ ရောက်လာပြီပေါ့မောင်။ ဇီဇဝါပင်လေးမှာ အရွက်သစ်လေးဟာ ကိုင်းထိပ်ဖျားလေးမှာ အစိမ်းရောင် အဖုလေး ပြူတစ်တစ်နဲ့ ထွက်လာတယ်..။ အိုး... ပျော်လိုက်တာဆိုတာလေ..။ ဖြူ့ ဘဝမှာ အဲလောက် ပျော်ရွှင်မှုမျိုး သိပ်မရခဲ့ဖူးပါဘူး။ မျှော်လင့်ချက် အသစ်နဲ့ ရေလောင်းရတာ ဘဝင်ကျ သွားတဲ့ ဖြူ့အတွက် ဇီဇဝါ ပင်လေးကလဲ သူ့ ရှိရင်းစွဲ အရွက်တွေ မဟုတ်ပဲ.. အရွက်သစ်လေးတွေနဲ့ ဘဝသစ် တစ်ခု ကို ဖြတ်သန်း ရှင်သန်ပေးလာတယ်။ ရွက်သစ်ဝေတဲ့ ဇီဇဝါကိုင်းလေးဟာ အခု သူ့ ဘဝ သစ် ဇီဇဝါပင် အစစ်လေးပေါ့။
 ဒါ ဖြူ့အတွက် ပေါ့။ ဒါ ဖြူ့ မျှော်လင့်ချက်တွေကို ဇီဇဝါ ပင်လေးက ဖြည့်ဆည်းပေးနေတာ မောင် .. သိလား။ မောင့်လိုပဲလေ.. ဖြူ့ အားငယ် ဝမ်းနည်းမှုတွေကို ဘယ်သူနဲ့ မှ မတူတဲ့ အားပေးနှစ်သိမ့်မှုတွေ၊ အလိုလိုက် ဂရုစိုက်မှုတွေနဲ့ မောင် ဖြူ့ကို ချစ်ခဲ့တာလေ။ ဖြူ့ အချစ်နဲ့ ထိုက်တန်တဲ့ စိတ်ချမ်းသာမှုမျိုးကို မောင်လဲ ကြိုးစား ရုန်းကန်ရင်း မောင့် ဘဝ တစ်ခု ဖြူ့အတွက် ပေးခဲ့တယ်လေ။
ဖြူ ရခဲ့ဖူးတဲ့ မျှော်လင့်ချက် တွေထဲမှာ...
ဇီဇဝါ ပင်လေးရယ်... မောင် ရယ်...
မောင် ရယ်... ဇီဇဝါ ပင်လေးရယ်....
ဇီဇဝါပင်လေးကို ချစ်တယ်...
ပြီးတော့ ....
မောင့်ကို ချစ်တယ်..။    ။

မောင် ...
အဲဒီ ဇီဇဝါ ပင်လေး အရွယ်ရောက် လာတယ်..။ အဖူး အပွင့်တွေ ဝေဝေ ဆာဆာ အရွက် တွေ ဖားဖား သန်သန်မာမာနဲ့ ဖြူ့ လက်ထဲမှာ ဇီဇဝါပင် ကောင်းကောင်း တစ်ပင် ဖြစ်လာခဲ့တယ်။ ဖြူ ကိုယ့်ကိုယ်ကိုယ် သိပ်တော်တဲ့ ဥယျဉ်မှူးပါလား လို့တောင် ဘဝင်လေဟပ် မိသေးတာပေါ့ မောင်။ ဖြူ့ ခြံထဲမှာ ဖြူ့ ဇီဇဝါပင်လေး ပွင့်တဲ့ အချိန် ဘုရားပန်းကပ်တယ်။ အများ သူငါ ငေးလောက်တဲ့ ဇီဇဝါ ပန်းလေးတွေဟာ ဖြူ့ ခြံထဲမှာ ရောက်လာတဲ့ လူတိုင်းကို မွှေးပျံ့ ကြည်နူး ပြုံးရွှင်စေတယ်။
ဖြူ ယုံကြည် အားကိုးတဲ့ မောင် ကလဲ ဖြူ့ကို မောင့်လက်မောင်းမှာ မှီတွယ် ပြီး မောင့် ဘေးမှာ ပြုံးရွှင် ရယ်မောပြီး မောင်နဲ့ အတူ လျှောက်လှမ်းသွားလာနေနိုင် အောင် ဖြူ့ကို ချစ်ခဲ့တာပဲ။ ဇီဇဝါ ပင်လေးလိုပဲ မောင့်ကို ချစ်တယ်။

ခု နောက်ဆုံး ပြောမယ့် စကားကို မောင် ယုံမှာတောင် မဟုတ်ဘူး။
အဲဒီ ဇီဇဝါ ပင် လေးကို ဖြူ စွန့်လွှတ်ခဲ့တယ်။
................
...............
..................
ဟုတ်တယ်.. မောင်။ ဖြူ အဲဒီ ဇီဇဝါပင် လေးကို ဖြူ သိပ် ခင်မင်ရတဲ့ သူငယ်ချင်းတစ်ယောက်ကို မွေးနေ့ လက်ဆောင် ပေးခဲ့တာ။ ဖြူ့ အရပ် လောက် ရှိနေတဲ့ အဲဒီ ဇီဇဝါပင်ကြီးကို ဆိုက်ကားနဲ့ တင်ပြီး သူငယ်ချင်းအိမ် ကို ယူသွားပြီး ဖြူကိုယ်တိုင် သူ့ ခြံထဲမှာ သွားထားပေးခဲ့တာ။ သူကတော့ ဇီဇဝါပင်လေး လက်ဆောင်ပေးတယ် လို့ ထင်မှာပဲ။
မဟုတ်ဘူး မောင်။ ဖြူ သူ့ကို ဇီဇဝါပင် လက်ဆောင် ပေး တာ မဟုတ်ဘူး။ ဖြူ့ရဲ့ ပြုစုပျိုးထောင်မှု၊ ဖြူ့ရဲ့ ယုယကြင်နာမှု၊ ဖြူ့ ရဲ့ မျှော်လင့် ရင်ခုန်မှုတွေ ကို လက်ဆောင် ပေးခဲ့တာ။
ဒါပေမယ့် ဖြူ ကျေနပ်ပါတယ်။ ဇီဇဝါပင်လေးကို သူ ဝမ်းသာအယ်လဲ လက်ခံပြီး ဖြူနဲ့ ဖြူ့သူငယ်ချင်းလေးရဲ့ ကြားထဲက ခင်မင်မှု နှေင်ကြိုးကို ဇီဇဝါပင်လေးကို လောင်းတဲ့ ရေတစ်ခွက် အဖြစ် သဘောထားပြီး လက်ဆောင်ပေးခဲ့တာ ဆိုတော့ ဖြူတို့ နှစ်ယောက်ရဲ့ သံယောဇဉ်တွေကို အဲဒီ ဇီဇဝါပင်လေးရဲ့ အပွင့် လှလှလေးတွေ အဖြစ် ပြန်မြင်ရတယ်လေ။ ဖြူ ပျော်တာပေါ့။

ဇီဇဝါပင်လေးကို ဖြူ စွန့်လွှတ်လိုက် ရပြီး ပျော်ရွှင်နိုင်ပေမယ့် မောင် ဆိုတဲ့ ဖြူ့ နှလုံးသား ကိုတော့ ဖြူ မစွန့်လွှတ်နိုင်ပါဘူး မောင်....။
မောင့်ကို ဖြူ ဘယ်လိုပုံစံနဲ့ပဲ စွန့်လွှတ်ရ စွန့်လွှတ်ရ.. ဖြူ ပျော်နိုင်မှာ ကျေနပ်နိုင်မှာ မဟုတ်ဘူး ဆိုတာ မောင် သိတယ်မဟုတ်လား။
ဖြူ့ဘဝ ဟာ မောင်ပါ။
မောင် ဟာ ဇီဇဝါပင်လေး ဖြစ်နေတယ် ဆိုရင် ဖြူ ချက်ချင်း အဲဒီ ဇီဇဝါပင်လေး အမြစ်တွယ်နေတဲ့ ပန်းအိုးလေးကို ခွဲပြီး ဖြူ့နှလုံးသားထဲမှာ ကျင်းနက်နက်လေးတူးပြီး ပြောင်းစိုက်ထားလိုက်မှာ မောင်ရဲ့.. သိလား။
ဖြူ့ နှလုံးသားထဲကို မောင့် ချစ်ခြင်း အမြစ်တွေကို တွယ်ရစ် နှောင်ဖွဲ့ပြီး သက်ဆုံးထိ ချစ်မယ် မဟုတ်လား။

ဖြူ ဘဝမှာ မောင် ဆိုတဲ့ ဇီဇဝါ ပင်လေး မရှိလို့ မဖြစ်ဘူးမောင်။
မောင့်ကို ချစ်တယ်။



လေးစားလျက်
လက်ဝဲ

Aug 30, 2014

ဘလော့ဂါ အကျော် နတ်ဆိုးလေး၏ ဘလော့(ဂ်)ဒေး နှစ်ပတ်လည် စာတမ်းတော်ကြီး

လွန်ခဲ့သော လေးနှစ်ခန့် က မြန်မာပြည် အလယ်ပိုင်း မန္တလေးရွှေမြို့တော်ကြီးတွင် အညာဒေသ ဖုန်လုံးချင်းမြို့လေးတစ်မြို့မှ နိုင်ငံခြားဘာသာ တက္ကသိုလ် တက်ရန် လာရောက် တည်းခိုနေထိုင်လျက်ရှိသော နတ်ဆိုးလေး (ယခု ကဗျာဆြာကြီး လက်ဝဲ - ဤကား စကားချပ်၊ စကားမွှန်း၊ စကားကြွား) ဟု အမည်သညာ ခေါ်တွင်ပါသော ငတိတစ်ကောင် ရှိပါသတတ်။ ယင်း ငတိသည် လူငယ်ပီပီ ကွန်ပျူတာ ဟု ခေါ်သော သိပ္ပံယန္တယားပညာရပ်ကို သင်ယူတတ်မြောက်ပြီးသကာလ အင်မတိအင်မတန်ဇိမ်ကျလှသော ဆိုက်ဘာကဖေးဟူသော ဌာနတစ်ခုရှိ ဆုံလည်ကုလားထိုင် တစ်လုံးတွင်ထိုင်ကာ အင်တာနက် ဟူသော ကမ္ဘာ့ ကွန်ယက်ကြီးထဲသို့  ခြေဆန့် လမ်းသလားခြင်းအမှုကို နေ့စဉ်နှင့်အမျှ မက်မက်စက်စက် ပြုမူသော ဟူ၏။ သို့နှင့် ငတိ သည် ကမ္ဘာ့ကွန်ယက် တွင် ချက်တင်ဝင်ခြင်း၊ ဇယားခင်းခြင်းအမှုများဖြင့် နယ်မြေကျွမ်းကျင်လာသော အခါ (((ဤကမ္ဘာ့ကွန်ယက်၌ ငါ သည် လည်ဝယ် ပါးနပ် ပိုင်နိုင်သူတစ်ဦး ဖြစ်ပေဂျိမ့်))) ဟု ကြွားဝါ မော်ကြွားနိုင်ရန် အလို့ငှာ ဘလော့(ဂ်) ဟူ သည့် ရပ်ကွက်အတွင်းသို့ စမ်းတဝါးဝါး ဟိုမေးသည်မေးဖြင့် ယောင်လည် ယောင်လည်ဖြင့် နယ်မြေချဲ့ထွင်လေတော့သည်။ သူသည် ဤရပ်ကွက်တွင် ဝင်ဆန့် သွားလာနိုင်သူတစ်ဦး ဖြစ်ကြောင်း မိန့်မိန့်ကြီး ပြောပြလျှင် ကမ္ဘာ့ကွန်ယက်မှ ရောင်းရင်းဘော်ဂျွတ်များမှ အထင်ကြီးလေးစားမှုကို ရလာလတ္တံ့ ဟု အနှီ ငတိက တွေးထင်ကြံစည်လေ၏။
ဤတွင် ဘလော့(ဂ်) ဟူသော ဝေါဟာရကို ရှင်းလင်းရန် လိုပေမည်။ ဘလော့(ဂ်) ဟူသည်ကား ကမ္ဘာ့ကွန်ယက်ကြီးထဲတွင် နေရာတစ်နေရာ ရယူကာ ကိုယ်နှစ်သက် ရာ စာ၊ ကဗျာ၊ နည်းပညာ၊ ဓါတ်ပုံ အစရှိသဖြင့် ရေးသားပြီးသကာလ အများအား ကြည့်ရှုခံစားစေသည့် နည်းပညာ အသုံးပြု ဒိုင်ယာရီ တစ်အုပ် ဖြစ်ပေသည်။ ဘလော့ဂ် အသုံးပြုသူများကိုကား ဘလော့ဂါ ဟု အမည်နာမ မှည့်တွင် ခေါ်ဝေါ်သမုတ်ကြလေ၏။ (ဤတွင် ဘလော့(ဂ်)နှင့် ဘလော့ဂါ အဓိပ္ပာယ်ဖွင့်ဆိုခြင်း ပြီး၏။)
များမကြာမီပင် အနှီ ငတိ သည် ဘလော့(ဂ်) အသုံးပြုခြင်းများကို စတင်ကာ ၎င်း၌ မွေးရာပါ ပါလာသော အနုပညာ အကြည်ဓါတ်ခံဖြင့် စာတို၊ ကဗျာတို များ တောင်တောင်အီအီ ရေးခြစ်ခြင်းအမှုကို စတင်ပါတော့သတတ်။
ဤကား နောင်တွင် မဟာ့မဟာ ကဗျာဆြာကြီး လက်ဝဲ ဖြစ်လာမည့် လောင်းလျာ နတ်ဆိုးလေး (နတ်စုတ်နတ်ပဲ့ ဟု လဲ ခေါ်ကြ) ၏ ဘလော့ဂါ ဘဝ နိဒါန်း ဖြစ်ပါပေဂျိမ့်တကား။

အနှီ ဂျူနီယာ ဘလော့ဂါလေး နတ်ဆိုးလေး သည် အခြား ဘလော့ဂါများ ၏ ဘလော့များသို့ ဟိုစပ်စပ် ဒီစပ်စပ် သွားလာပြီး အငြိမ်မနေ ဆတ်ဆော့လတ်ဆော့ ဝေဖန်ပြောဆိုခြင်းတည်းဟူသော ကွန်းမန့်ပေးခြင်း အမှုများကို ပြုရာမှ ဘလော့ဂါရှိရာ ဘလော့ဂါလာ ဆိုသည့်အတိုင်း ဘလော့ဂါ အသိုင်းအဝိုင်း ထဲသို့ ဖုန်းးးး ကနဲ မြည်အောင် ပြုတ်ကျခြင်းသို့ ရောက်လေ၏။ စီနီယာ ဘလော့ဂါများနှင့် ကျွမ်းဝင်ရခြင်းကို မစားရ ဝ ခမန်း အခြား ဘော်ဂျွတ်များကို လက်ဖက်ရည်တိုက်၍ ကြွားဝါရလေ၏။ အနှီ ဘော်ဂျွတ်များလည်း ဘလော့(ဂ်) ဟူသည်ကိုပင် လိပ်ပတ်လည်အောင် မသိရကား ဘလော့ဂါ ကြီးက သကြားနဲ့ တို့စားရသလား။ ဘလော့ဂါ ကြီးက စီးလို့ ကောင်းလား။ အစရှိသည့် မေးခွန်းများ မေးကာ သန်းဝေရင်း အညောင်းဆန့်ရင်း လက်ဖက်ရည် မျက်နှာဖြင့် အီလည်လည်ကြီး နားထောင်ကြရသော ဟူ၏။ ကိုယ့် ဂျူနီယာ ဘလော့ဂါများနှင့် ဆုံသော် အားပေးစကားပြောကြားခြင်း၊ မတောက်တခေါက် တတ်သမျှကို ဟိတ်ဟန် အပြည့်ဖြင့် တတ်ယောင်ကား ရှင်းပြခြင်းအမှုဖြင့် မြေတောင်မြှောက်ပေးရသေးပေ၏။ ဘလော့ဂါ ဘဝကား အူကြောင်ကြောင် နိုင်သလောက် နှစ်သက်စုံမက်ဖွယ်လဲ ကောင်းလှပေ၏။

ဘလော့ဂါများ အချင်းချင်း အပြင်မှာ တွေ့ဆုံရခြင်းသည် တခြားဂြိုလ်မှ ဂြိုလ်သားတစ်ဦး နှင့် တွေ့ဆုံရသကဲ့သို့ ရင်တွင်း၌ ဖြစ်၏။ ဘလော့ဂါများ အချင်းချင်း အခါအခွင့်သင့်သည့်အခါ တွေ့ကြ၏။ တွေ့ချင်သော အကြောင်းပြချက်သက်သက်ဖြင့် ချိန်းဆို ကာ သွားရောက်တွေ့ဆုံ၍ အတူတကွ စားသောက်ပြောဆိုခြင်း အမှုကို ပြုကြ၏။ တစ်ခါသော် ဘလော့ဂါ တွေ့ဆုံခြင်းသမိုင်းတွင် မှတ်တိုင်တစ်ခု စိုက်ထူသွားသူ အမျိုးသမီး တစ်ဦးလဲ ရှိလေ၏။ ယင်း ဘလော့ဂါ အမျိုးသမီးကြီးသည် အနှီ ဂြိုလ်သားများကို (အဲလေ ဘလော့ဂါများ) ကို တကူးတက အချိန်ပေး၍ စွန့်စားခန်း ခရီးရှည်ကြီးသဖွယ် အံ့သြဆန်းကြယ်လှစွာသော ရင်းနှီးကျွမ်းဝင်စိတ်ဖြင့် လိုက်လံ ရှာဖွေကာ တွေ့ဆုံလေ့ရှိ၏။ သူမ သည် ဂြိုလ်သားပေါင်း (အဲလေ ဘလော့ဂါပေါင်း) ရာနှင့်ချီ၍ တွေ့ဆုံ ကာ ဘလော့ဂါတို့၏ အချစ်တော်၊ နာမည်ကြီး ဘလော့ဂါ၊ ဘလော့ဂါ ဂုရုကြီး ဘဝသို့ အလိုအလျောက် ရောက်လေ၏။

ဘလော့ဂါတစ်ဦး ရေးသော စာကို အခြားဘလော့ဂါများမှ ဝိုင်းဝန်း ဖတ်ရှုကာ မြှောက်ပင့် အားပေးသော ယဉ်ကျေးမှုသည်လည်း ချစ်စရာပါပေ။ ဘလော့ဂါသည် နေမကောင်း ဖြစ်သော အခါလည်း နေမကောင်း ဖြစ်ကြောင်း ရေးသား တတ်လေရာ အခြားဘလော့ဂါ များမှ ဘလော့ဂ်မှပင် လူနာလှမ်းမေးရ၏။ ဘလော့ဂါသည် ချက်ပြုတ်သော ဟင်းလျာများအကြောင်းလည်း ရေးသားတတ်လေရာ အခြားဘလော့ဂါများလည်း ဘလော့မှပင် လှမ်းစားကြရ၏။ ဘလော့ဂါသည် အိမ်သာတက်မရကြောင်း လည်း ရေးသားတတ်လေရာ အခြားဘလော့ဂါများလည်း ဘလော့မှပင် ဝိုင်းညှစ်ပေးရတတ်သော အခါများလည်း ရှိ၏။ ဘလော့ဂါများသည် ယင်းသို့ စည်းလုံး ချစ်ခင်ကြသော အသိုင်းအဝန်းတစ်ခု ဖြစ်ခဲ့ဖူး၏။

တစ်ခါသော် ဖေ့စ်ဘုတ်ဟူသော လူမှုကွန်ယက် ရပ်ကွက်တစ်ခုကို ထပ်မံတိုးချဲ့တွေ့ရှိလာချိန်တွင် ဘလော့ဂါများသည် ရပ်ကွက်ပြောင်းရွှေ့ခြင်းအမှုကို အများအပြား ပြုလုပ်လာလေရာ ဘလော့ဂါ ရပ်ကွက်သည် ခဏတွင်းမှာပင် လူသူအရောက်အပေါက်နည်းပါးသော တောခေါင်ခေါင် ရက်ကွက်တစ်ခုအဖြစ်သို့ လျှင်မြန်စွာ ရောက်ရတော့၏။ အချို့ စီးပွားရေးအတွက် ဘလော့ဂ်ကို စွန့်လွှတ်ကြ၏။ အချို့ ကျန်းမာရေးကြောင့် ဘလော့ဂ်ကို စွန့်လွှတ်ကြ၏။ အချို့ လင်ယူသားမွေးအလုပ်ကြောင့် ဘလော့ဂ် ကို စွန့်လွှတ်ကြ၏။ အချို့လည်း ပျင်းရိငြီးငွေ့လာဟန် တူပါသည်။ ယုံကြည်ရာ ကို သွားရင် ဘလော့ဂ် ရက်ကွက်ကလေး မှ အထောက်အပံ့များစွာ ရကာ နာမည်ကျော်ကြားသော စာရေးသူများအဖြစ် ရောက်သွားသူများလည်း ဒုနှင့်ဒေး ပါပေ။ ယခုအချိန်ထိ ဘလော့ဂ် ရေးသားနေကြသူများ ရှိသေးသော်လည်း လူသူ ပြတ်လတ်နေဆဲ ဆိုသည်ကိုတော့ ဘလော့ဂါများ သိမြင်နေကြရပြီ ဖြစ်သည်။

ကျွန်ုပ်၏ ဇာတ်ကောင် နတ်ဆိုးလေး ဟူသော ငတိ တစ်ကောင်မှာလဲ ယခုအခါ (ဖေ့စ်ဘုတ် အရပ်၌ ဆပ်စလူးထ လျက် နတ်တို့ စက်) ဟူသည့် စကားရပ်ထုံး နှလုံးမူကာ ကဗျာဆြာ ဟု ကိုယ့်ကိုယ်ကိုယ် ကင်းပွန်းတပ်ပြီးသကာလ ဖေ့စ်ဘုတ် ရေစီးကြောင်းအတွင်း ဖလန်းဖလန်းထနေပြီ ဖြစ်သည်။ အခြားအခြားသော ဘလော့ဂါများလဲ ဤနှယ်ပင် ဘလော့ဂါ ဟူသော မူလ ရပ်ကွက်ကလေးသို့ အလည်ပင် မပြန်ဖြစ်ကြ။ သို့သော်လည်း ထို ဘလော့ဂ်ရပ်ကွက်ကို လုံးဝဥဿုံ မစွန့်လွှတ်သူများ ရှိနေသေးသောကြောင့် ဘလော့ဂါ ဟူသော သတ္တဝါသည် ရှားပါးဂြိုလ်သား မျိုးစိတ် တစ်ခု အဖြစ် ယနေ့တိုင် ရှိနေဆဲပင် ဖြစ်၏။ မည်သို့ပင် ဆိုစေကာမူ ထိန်းသိမ်းအပ်သော အရာ ကို ထိန်းသိမ်းကြစတမ်း ဟု ဆိုလာပါလျှင် ဘလော့ဂါ မျိုးရိုး ပျောက်ပျက် မသွားရန်မှာ ဘလော့ဂါ တိုင်း၏ တာဝန်သာ ဖြစ်ပါကြောင်း တင်ပြရင်း အကျွန်ုပ်၏ ဘလော့ဂါ နတ်ဆိုးလေး ၏ ဘလော့ဂါ ဘဝ နောက်ခံဖြင့် ရေးသားစီရင်အပ်သော ဘလော့(ဂ်)ဒေး နှစ်ပတ်လည် စာတမ်း ကျမ်းပြုစုခြင်းအမှုသည် ဤ တွင် နိတ္ထိတံလေတော့သည် ဖြစ်ပါပေချိမ့်တကားဟု ဆိုလေတော့ သတည်း။ (ဟမ်မလေး မောထှာ........ :P :P :P)

ဘလော့ဂါ အားလုံးကို လေးစားလျက်
ဘလော့(ဂ်)ဒေး အမှတ်တရ
လက်ဝဲ

May 28, 2014

ဟောင်းဟောင်းကြီးတွေပေါ် လျှောက်လာမိ.. တော်လှန်မိသော ရန်ကုန် Land Mark များ

နယ်က သူငယ်ချင်းဟောင်း တစ်ယောက်နဲ့ ရန်ကုန်မှာ စကားအဟောင်းတွေ ပြော...
ရုပ်ရှင်အဟောင်းတွေ ကြည့်ဖြစ်တုန်းက နေရာဟောင်းတွေဟာ
ဒီဖက်ခေတ် ရန်ကုန်ကို ထားသွားတာ ကြာပြီ လို့ သူက ထင်ထားတာ ဆိုပဲ..
ရွှေတိဂုံဘုရားမှာ ကြွေပြား အသစ်တွေ၊ အင်းယားမှာ ခုံတန်းလျား အသစ်တွေ
စူပါမားကတ် ထိုးထိုးထောင်ထောင်တွေ၊ ဘိုအစားအစာ အဆန်းတွေ
မီးပွင့်မတတ် ဖက်ရှင်တွေနဲ့ လူ အဆန်းတွေ၊ မဟားဒယားကြီး လုပ်ယူထားတဲ့
ယိုယွင်းတဲ့ စိတ်ဓါတ် အခွံကြီးထဲမှာ တိုးကြိတ် တွယ်ကပ် ခရီးသွားနေတဲ့ လူနေမှုစနစ်တွေကို
ပိုက်ဆံ ၂၀၀ စီ လိုက်ကောက်နေတဲ့ စပယ်ယာ တွေ ကို သူတွေ့တယ် တဲ့...
နောက်တော့.. အဲဒီသူငယ်ချင်းဟောင်းက ဘတ်စကားအဟောင်းကို စီးပြီး
ဂိတ်ဟောင်းမှတ်တိုင်တွေမှာလဲ ဆင်းတတ်လာရော..
ပလပ်ဖောင်းအဟောင်းမှာ လျှောက်ပြီး လမ်းဟောင်းဟောင်းထဲက ကျွန်တော့်ကိုလာတွေ့တယ်..
ပိုက်ဆံဟောင်းဟောင်းကြီးပေးတာ.. မယူလို့တဲ့
လွယ်အိတ် အဟောင်းထဲကနေ ထပ်ထုတ်ပေးရတယ် ဆိုပြီး ငြီးတယ်..
ပြီးတော့ ယဉ်ကျေးမှု အဟောင်းတွေ အကြောင်းနဲ့ သူတို့ Revolution အကြောင်း
သိမ်ကြီးဈေးဟောင်းဟောင်း၊ လသာလမ်း ဟောင်းဟောင်း၊ ၁၉ လမ်း ဟောင်းဟောင်း
ဆူးလေ ဟောင်းဟောင်း ဟာ ၉၀ ခုနှစ် များဆီက စာအုပ်တွေထဲက နေ ခု ရောက်နေတဲ့ အချိန်ဆီကို ခုန်ဆင်းလာ
ဂျပ်ဆင်ဟောင်းဟောင်း၊ ကွန်ဗိုကေးရှင်း ဟောင်းဟောင်း၊ သစ်ပုတ်ပင် ဟောင်းဟောင်းတွေဟာ..
မိတ်ကပ်လိမ်းထားတဲ့ အဓိပတိလမ်းပေါ်ကနေ ရှစ်ဆယ့်ရှစ် နှောင်းပိုင်းဆီကို ကျွံကျနေတယ်..
စသဖြင့် သူငယ်ချင်းဟောင်းလေး ရန်ကုန်အဟောင်းကို မြင်စ ပြုလာတယ်
ဒိုင်ယာနာကေ ထမီ ခြေသလုံးအထက်နားထိ မြှင့်ဝတ်ထား၊
လက်ဖောင်းအင်္ကျီများ၊ မွှေးပွလွယ်အိတ် ပုခုံးတစ်ဖက်ချ လွယ်ထား
ရှပ်အင်္ကျီကို ဂျင်းဘောင်းဘီကျပ်ကျပ်ထဲထည့်ဝတ်၊ ခပ်အုပ်အုပ်ဆံပင်ကို အလယ်ခွဲ၊ မျက်မှန်မည်းမည်းနဲ့
ရုပ်ရှင်၊ ဓါတ်ပုံ၊ မှတ်တမ်းဟောင်းထဲက အမျိုးသမီးဟောင်းဟောင်း၊ အမျိုးသားဟောင်းတွေကိုလဲ
မြင်လာတယ်.. သူမြင်ယောင်ပြတော့ ကျွန်တော်လဲ မြင်တယ်.. ကျွန်တော် နားထောင်တာကို သူ ကြားတယ်..
ကျွန်တော့် သူငယ်ချင်းဟောင်းက ကျွန်တော့်ကို ဟောင်းဟောင်းကြီးကြည့်ပြီး ဟောင်းဟောင်းကြီး ပြောတယ်..
သူ ဖတ်ဖူးတဲ့ ရန်ကုန်အကြောင်းတွေဟာ အရောင်တလက်လက်နဲ့ ဟောင်းနေတယ်..
ဒီဖက်ခေတ် ရန်ကုန်မှာ သူ ရုပ်ရှင်ဟောင်းဟောင်းတွေ ရှာကြည့်တယ်၊ သီချင်းဟောင်းဟောင်းတွေ ရှာ နားထောင်တယ်..
ဈေးဟောင်းဟောင်းဆီ ရှာသွားပြီး အစားဟောင်းဟောင်းတွေ ရှာစားတယ်..
သမိုင်းဟောင်းဟောင်းတွေ ရှာဖတ်ပြီး မှတ်တမ်း ဟောင်းဟောင်း တွေ ဆီ ရောက်အောင် ရှာသွားတယ်..
သူဟောင်းနွမ်းမှု ဟာ အရောင်တွေ လက်လို့၊ သူ့ ဝင်စားစိတ်ဟာ သစ်လွင်နေလို့...
ဘယ်အဟောင်းတွေကမှ ရန်ကုန်ကို မတော်လှန်ကြ၊ သူ့ရဲ့ ဘယ်သမိုင်းကမှ ရန်ကုန်ကို မကိုင်လှုပ်ကြ
အားလုံးဟာ သတိ အနေအထားအတိုင်း ဟောင်းနွမ်း ဆွေးမြေ့သွား..
အဟောင်းများသို့... ဟောင်းဟောင်းကြီး လျှောက်လာရင်း
ညနေစောင်းစောင်းမှာ အင်းစိန်လမ်း ဟောင်းဟောင်းပေါ်မှာ
ဘာလိုလို နဲ့ ဒီနေ့ကျွန်တော် အဟောင်းတွေ ပွေ့ပြီး ဘတ်စကားပေါ် တက်ခဲ့တယ်..
အဲ့ဒီ အဟောင်းတွေ ထွက်ကျကုန်တာတောင်..
ဘတ်စကား အဟောင်းကြီးက ချောင်.... ချိ... လို့....။    ။




လက်ဝဲ
၂၇.၅.၂၀၁၄

May 13, 2014

ဆပ်ပြာပူဖောင်းများ/ အချစ်များ/ လမ်းများ

အချစ်ဆိုတာ ဝင်ရိုးစွန်း တစ်ဖက်ခြမ်းက နှင်းကို
ကိုယ့်ဖက်ခြမ်းကနေ အပြစ်ကင်းကင်းနဲ့ အေးမြဖြူစင်ပေးခြင်းပဲ ဖြစ်တယ်
အဲလိုပဲ ကိုယ်ချစ်ခဲ့
ဆောင်းရာသီ တစ်ခြမ်းပဲ့ကို သဇင်တွေ ပွင့်ပေးခဲ့
ရယ်ပဲ ရယ်မနေပါနဲ့ကွယ် . .
ပင်လယ်လို သံသရာကျယ်ကျယ်ထဲ ကိုမှ ကြွေကျချင်တဲ့ ကြယ်လေ . . .
လူနေမှုစနစ်ကို ကောင်းကင်ဆီ လွှတ်တင်မိပေါ့
လိုက်ခဲ့ပါတော့ . . . လို့ တိုးတိုးခေါ်
ကိုယ်ပျော်ပါတယ် . .။

မျှော်လင့်ချက်ဆိုတာ ဓားတစ်စင်း မဟုတ်ဘူး
ကိုယ်ရေးကိုယ်တာ ရူးသွပ်မှုပါ . . လို့
ဇီဇဝါတွေ ဖတ်ဖို့ ကဗျာလည်း ရေးမယ်
ရယ်ပဲ ရယ်မနေပါနဲ့ကွယ် . .
မိုးခါးသောက်တဲ့ ညတိုင်းရဲ့ သန်းခေါင်တွေကို ရေတွက်ပါ..
တစ် ဘဝစာ ညဥ့်နက်မှုတွေ အဖြစ် မှတ်သားထားလိုက်ပါကွယ်.. လို့...
စံပါယ်တွေ ဆိုဖို့ သီချင်းလဲ တီးခတ်မယ်..
မင်း... မရယ်ပါနဲ့ ကွယ်..။

မင်းနဲ့ကိုယ် ဖမ်းမမိလိုက်တဲ့ ဆပ်ပြာပူဖောင်းလေးတွေက
မင်းရဲ့ အိပ်မက်တွေထဲမှာ ဖောက်ကနဲ ဖောက်ကနဲ ပေါက်ကုန်တယ်
ကိုယ့် ကမ္ဘာထဲမှာ ကိုယ် တခုတ်တရ မှုတ်ထုတ်လိုက်တဲ့
ကြီးငယ် ရွယ်လတ် ဆပ်ပြာပူဖောင်းတွေ... ပူဖောင်းတွေ..
ကမ္ဘာမြေပြင်ဟာ... ကိုယ့် နှုတ်ခမ်းဖျားက နေ လွင့်ပျံတက်သွားတဲ့
အကြီးဆုံး ဆပ်ပြာပူဖောင်းကလေးပါ လို့...
ကိုယ်.. တစ်ချိန်ကျ ပြောပြဦးမယ်..
အဲ့ဒီအခါကျရင်တော့ ရယ်ချင် ရယ်ပါ။

ကိုယ် ကောက်ရထားတဲ့ ပျက်လုံးတစ်ပုဒ် ရှိသေးတယ်
သူက အနွေးထည် ဆန်ဆန် လူရွှင်တော် တစ်ယောက်ပါ..
မင်း ချမ်းတဲ့ ဆောင်းကို ရောက်ရင် ကိုယ့်ဆီက တောင်းပါ..
နှင်းတွေ မစင်အောင် ဝတ်ဆင်ထားနိုင် နေတာတောင်..
ရယ်စရာ တော့ ကောင်းနေသေးတာပေါ့လေ..
ခု မှတော့ ...
မင်း..
ရယ် ချ လိုက် ပါ တော့..။    ။


လက်ဝဲ
၁၃.၅.၂၀၁၄

Mar 18, 2014

လမ်းတွေဟာ လူတွေကို လိမ်နေ

လမ်းတွေဟာ လူတွေကို လိမ်နေ လိမ့်နေတဲ့ လူတွေဟာ လမ်းပေါ်မှာ လူတွေ လိမ့်ကျလာတဲ့......
နှစ်ရာတန် အကြွေတွေ၊ ထောင်တန် ရွက်ကြီးတွေ.... တိုးကြိတ်နေတဲ့ ခြေတွေ လက်တွေ...
နောက်ဆုံးတော့ အတ္တဟာလဲ.. ဟိုင်းလက် နောက်မြှီးလေးမှာ တွယ်ကပ်ပြီး လိုက်သွားတယ်..
ခြေတစ်ဖက် လက်တစ်ဖက်... အထဲမှာလဲ... သူလို ကိုယ်လို.. တွန့်ကြေနေကြသူတွေ.. လေတွေတိုက်တိုင်း
လိုင်းတွေကျပ်တုန်း.... ဟဲလို ဟဲလို...... သွားပြီ ကောင်မလေး စိတ်ဆိုးသွားပြီ... ဒါနဲ့...
ဒီဖက်က မကောင်းတာလား.. အဲ့ဒီဖက်က မကြားရတာလား... ဟဲလို.. အေး..
ငါ စိတ်ဖိစီးမှုတစ်ချို့ပေါ် ထိုင်မိလျက်သား ဖြစ်တဲ့အကြောင်း လိုင်းကောင်းတဲ့အချိန် ထပ် ဖိစီးကြတာပေါ့...
နောက်မကျချင်ရင် စောစောထွက်ခဲ့ပေါ့... စားပွဲနောက်က မျက်နှာမဲကြီးက ထပ်မဲ သွားတယ်...
့ဖြူလျော်လျော် ကျွန်တော်လဲ ထပ်ပြီး ဖြူဖပ်ဖပ် ဖြစ်သွားတယ်... ဆန်းတယ်ရယ်လဲ မဟုတ်ပါဘူး...
လမ်းတွေဟာ လူတွေကို လိမ်နေတယ်... ကျွန်တော် ထပ်မပြောချင်ပေမယ့် ပြောလိုက်ရတယ်...
တိုးဖော်ဝှေ့ဖက်တွေက ကူပြီး ကျပ်ညပ်ပေးနေကြပေမယ့်လဲ လစာတော့ ဖြတ်ခံရမှာပါပဲ...
အံစားတုံးလေးထဲ ရောက်နေလို့ နောက်မှ ပြန်ပြီး ဖုန်းဆက်လိုက်မယ်နော်..
အဲလို အချိန်ဆို သိပ် အသက်ရှူကြပ်တာပဲ.. ချစ်သူရယ်.. အဲဒီအကြောင်းတွေ ညနေ
အိုဗာတိုင် မဆင်းရရင် လာပြောပြချင်ပါတယ်.. ဒီမှာက ခု နဂါး ခု ကျား ဆိုတော့..
ကိုယ့်မှာက ဗုံးသံတွေပဲ ကြားနေရတယ်... ဆောရီးနော်..
တော်ပါသေးရဲ့ ထမင်းစားချိန်လေးပေါ် ဘယ်လှေမှ လာမလှော်လို့.... ဒါတောင်...
မျက်နှာမဲကြီးက လာလာ မဲ သေးတယ်.. ကျွန်တော်လဲ ဖြူဖပ်ဖပ်လေး ပြန်လုပ်ပြလိုက်တယ်
ကျေနပ်သွားတယ်(ထင်တယ်) ... ရုံးခန်းဝ မှာတုန်းက ပြုံးပြလိုက်သလိုလိုပဲ...
ထားပါ... ဒါလဲ ခု နဂါး ခု ကျားပါ... ခဏ နေ ကြဲမယ့် ဗုံးပဲ ဒီလောက်တော့ မျက်နှာချို သွေးမှာပေါ့.. (ပြုံးပါစေ)
အဲလိုနဲ့ လမ်းတွေဟာ လူတွေကို လိမ်နေတုန်း... အံစာတုံးထဲက လူတွေ လိမ့်ကျလာရော...
သူရော ကိုယ်ရော ဝေါ ဆို...... ဘာသဘော နဲ့မှ မဟုတ်ပဲ.. မော ပြလိုက်ရတယ်... (ပင်ပန်းလိုက်တာ ဆိုပြီး)
အဲဒါနဲ့.... ထီးဆွဲ ဂျိုင့်ဆွဲ... လျော့ရဲရဲ ခြေထောက်တွေနဲ့.... ဘတ်စကားတွေပေါ် ပြန်ပြီး..
တွန့်ကြေ.. ကြပ်ညပ်... ချွေးဒီးဒီးနဲ့ ... ဖုန်းနံပါတ်တွေ ထပ် နှိပ်မိပြန်ရော....
ဟဲလို.... ကိုယ် ရုံးဆင်းပြီ.. ကိုယ် လာနေပြီ...
လမ်းတွေက လူတွေကို လိမ်နေတယ်... နည်းနည်းကြာဦးမယ်...
ဟဲလို ကြားလား...။    ။




လက်ဝဲ