Aug 30, 2014

ဘလော့ဂါ အကျော် နတ်ဆိုးလေး၏ ဘလော့(ဂ်)ဒေး နှစ်ပတ်လည် စာတမ်းတော်ကြီး

လွန်ခဲ့သော လေးနှစ်ခန့် က မြန်မာပြည် အလယ်ပိုင်း မန္တလေးရွှေမြို့တော်ကြီးတွင် အညာဒေသ ဖုန်လုံးချင်းမြို့လေးတစ်မြို့မှ နိုင်ငံခြားဘာသာ တက္ကသိုလ် တက်ရန် လာရောက် တည်းခိုနေထိုင်လျက်ရှိသော နတ်ဆိုးလေး (ယခု ကဗျာဆြာကြီး လက်ဝဲ - ဤကား စကားချပ်၊ စကားမွှန်း၊ စကားကြွား) ဟု အမည်သညာ ခေါ်တွင်ပါသော ငတိတစ်ကောင် ရှိပါသတတ်။ ယင်း ငတိသည် လူငယ်ပီပီ ကွန်ပျူတာ ဟု ခေါ်သော သိပ္ပံယန္တယားပညာရပ်ကို သင်ယူတတ်မြောက်ပြီးသကာလ အင်မတိအင်မတန်ဇိမ်ကျလှသော ဆိုက်ဘာကဖေးဟူသော ဌာနတစ်ခုရှိ ဆုံလည်ကုလားထိုင် တစ်လုံးတွင်ထိုင်ကာ အင်တာနက် ဟူသော ကမ္ဘာ့ ကွန်ယက်ကြီးထဲသို့  ခြေဆန့် လမ်းသလားခြင်းအမှုကို နေ့စဉ်နှင့်အမျှ မက်မက်စက်စက် ပြုမူသော ဟူ၏။ သို့နှင့် ငတိ သည် ကမ္ဘာ့ကွန်ယက် တွင် ချက်တင်ဝင်ခြင်း၊ ဇယားခင်းခြင်းအမှုများဖြင့် နယ်မြေကျွမ်းကျင်လာသော အခါ (((ဤကမ္ဘာ့ကွန်ယက်၌ ငါ သည် လည်ဝယ် ပါးနပ် ပိုင်နိုင်သူတစ်ဦး ဖြစ်ပေဂျိမ့်))) ဟု ကြွားဝါ မော်ကြွားနိုင်ရန် အလို့ငှာ ဘလော့(ဂ်) ဟူ သည့် ရပ်ကွက်အတွင်းသို့ စမ်းတဝါးဝါး ဟိုမေးသည်မေးဖြင့် ယောင်လည် ယောင်လည်ဖြင့် နယ်မြေချဲ့ထွင်လေတော့သည်။ သူသည် ဤရပ်ကွက်တွင် ဝင်ဆန့် သွားလာနိုင်သူတစ်ဦး ဖြစ်ကြောင်း မိန့်မိန့်ကြီး ပြောပြလျှင် ကမ္ဘာ့ကွန်ယက်မှ ရောင်းရင်းဘော်ဂျွတ်များမှ အထင်ကြီးလေးစားမှုကို ရလာလတ္တံ့ ဟု အနှီ ငတိက တွေးထင်ကြံစည်လေ၏။
ဤတွင် ဘလော့(ဂ်) ဟူသော ဝေါဟာရကို ရှင်းလင်းရန် လိုပေမည်။ ဘလော့(ဂ်) ဟူသည်ကား ကမ္ဘာ့ကွန်ယက်ကြီးထဲတွင် နေရာတစ်နေရာ ရယူကာ ကိုယ်နှစ်သက် ရာ စာ၊ ကဗျာ၊ နည်းပညာ၊ ဓါတ်ပုံ အစရှိသဖြင့် ရေးသားပြီးသကာလ အများအား ကြည့်ရှုခံစားစေသည့် နည်းပညာ အသုံးပြု ဒိုင်ယာရီ တစ်အုပ် ဖြစ်ပေသည်။ ဘလော့ဂ် အသုံးပြုသူများကိုကား ဘလော့ဂါ ဟု အမည်နာမ မှည့်တွင် ခေါ်ဝေါ်သမုတ်ကြလေ၏။ (ဤတွင် ဘလော့(ဂ်)နှင့် ဘလော့ဂါ အဓိပ္ပာယ်ဖွင့်ဆိုခြင်း ပြီး၏။)
များမကြာမီပင် အနှီ ငတိ သည် ဘလော့(ဂ်) အသုံးပြုခြင်းများကို စတင်ကာ ၎င်း၌ မွေးရာပါ ပါလာသော အနုပညာ အကြည်ဓါတ်ခံဖြင့် စာတို၊ ကဗျာတို များ တောင်တောင်အီအီ ရေးခြစ်ခြင်းအမှုကို စတင်ပါတော့သတတ်။
ဤကား နောင်တွင် မဟာ့မဟာ ကဗျာဆြာကြီး လက်ဝဲ ဖြစ်လာမည့် လောင်းလျာ နတ်ဆိုးလေး (နတ်စုတ်နတ်ပဲ့ ဟု လဲ ခေါ်ကြ) ၏ ဘလော့ဂါ ဘဝ နိဒါန်း ဖြစ်ပါပေဂျိမ့်တကား။

အနှီ ဂျူနီယာ ဘလော့ဂါလေး နတ်ဆိုးလေး သည် အခြား ဘလော့ဂါများ ၏ ဘလော့များသို့ ဟိုစပ်စပ် ဒီစပ်စပ် သွားလာပြီး အငြိမ်မနေ ဆတ်ဆော့လတ်ဆော့ ဝေဖန်ပြောဆိုခြင်းတည်းဟူသော ကွန်းမန့်ပေးခြင်း အမှုများကို ပြုရာမှ ဘလော့ဂါရှိရာ ဘလော့ဂါလာ ဆိုသည့်အတိုင်း ဘလော့ဂါ အသိုင်းအဝိုင်း ထဲသို့ ဖုန်းးးး ကနဲ မြည်အောင် ပြုတ်ကျခြင်းသို့ ရောက်လေ၏။ စီနီယာ ဘလော့ဂါများနှင့် ကျွမ်းဝင်ရခြင်းကို မစားရ ဝ ခမန်း အခြား ဘော်ဂျွတ်များကို လက်ဖက်ရည်တိုက်၍ ကြွားဝါရလေ၏။ အနှီ ဘော်ဂျွတ်များလည်း ဘလော့(ဂ်) ဟူသည်ကိုပင် လိပ်ပတ်လည်အောင် မသိရကား ဘလော့ဂါ ကြီးက သကြားနဲ့ တို့စားရသလား။ ဘလော့ဂါ ကြီးက စီးလို့ ကောင်းလား။ အစရှိသည့် မေးခွန်းများ မေးကာ သန်းဝေရင်း အညောင်းဆန့်ရင်း လက်ဖက်ရည် မျက်နှာဖြင့် အီလည်လည်ကြီး နားထောင်ကြရသော ဟူ၏။ ကိုယ့် ဂျူနီယာ ဘလော့ဂါများနှင့် ဆုံသော် အားပေးစကားပြောကြားခြင်း၊ မတောက်တခေါက် တတ်သမျှကို ဟိတ်ဟန် အပြည့်ဖြင့် တတ်ယောင်ကား ရှင်းပြခြင်းအမှုဖြင့် မြေတောင်မြှောက်ပေးရသေးပေ၏။ ဘလော့ဂါ ဘဝကား အူကြောင်ကြောင် နိုင်သလောက် နှစ်သက်စုံမက်ဖွယ်လဲ ကောင်းလှပေ၏။

ဘလော့ဂါများ အချင်းချင်း အပြင်မှာ တွေ့ဆုံရခြင်းသည် တခြားဂြိုလ်မှ ဂြိုလ်သားတစ်ဦး နှင့် တွေ့ဆုံရသကဲ့သို့ ရင်တွင်း၌ ဖြစ်၏။ ဘလော့ဂါများ အချင်းချင်း အခါအခွင့်သင့်သည့်အခါ တွေ့ကြ၏။ တွေ့ချင်သော အကြောင်းပြချက်သက်သက်ဖြင့် ချိန်းဆို ကာ သွားရောက်တွေ့ဆုံ၍ အတူတကွ စားသောက်ပြောဆိုခြင်း အမှုကို ပြုကြ၏။ တစ်ခါသော် ဘလော့ဂါ တွေ့ဆုံခြင်းသမိုင်းတွင် မှတ်တိုင်တစ်ခု စိုက်ထူသွားသူ အမျိုးသမီး တစ်ဦးလဲ ရှိလေ၏။ ယင်း ဘလော့ဂါ အမျိုးသမီးကြီးသည် အနှီ ဂြိုလ်သားများကို (အဲလေ ဘလော့ဂါများ) ကို တကူးတက အချိန်ပေး၍ စွန့်စားခန်း ခရီးရှည်ကြီးသဖွယ် အံ့သြဆန်းကြယ်လှစွာသော ရင်းနှီးကျွမ်းဝင်စိတ်ဖြင့် လိုက်လံ ရှာဖွေကာ တွေ့ဆုံလေ့ရှိ၏။ သူမ သည် ဂြိုလ်သားပေါင်း (အဲလေ ဘလော့ဂါပေါင်း) ရာနှင့်ချီ၍ တွေ့ဆုံ ကာ ဘလော့ဂါတို့၏ အချစ်တော်၊ နာမည်ကြီး ဘလော့ဂါ၊ ဘလော့ဂါ ဂုရုကြီး ဘဝသို့ အလိုအလျောက် ရောက်လေ၏။

ဘလော့ဂါတစ်ဦး ရေးသော စာကို အခြားဘလော့ဂါများမှ ဝိုင်းဝန်း ဖတ်ရှုကာ မြှောက်ပင့် အားပေးသော ယဉ်ကျေးမှုသည်လည်း ချစ်စရာပါပေ။ ဘလော့ဂါသည် နေမကောင်း ဖြစ်သော အခါလည်း နေမကောင်း ဖြစ်ကြောင်း ရေးသား တတ်လေရာ အခြားဘလော့ဂါ များမှ ဘလော့ဂ်မှပင် လူနာလှမ်းမေးရ၏။ ဘလော့ဂါသည် ချက်ပြုတ်သော ဟင်းလျာများအကြောင်းလည်း ရေးသားတတ်လေရာ အခြားဘလော့ဂါများလည်း ဘလော့မှပင် လှမ်းစားကြရ၏။ ဘလော့ဂါသည် အိမ်သာတက်မရကြောင်း လည်း ရေးသားတတ်လေရာ အခြားဘလော့ဂါများလည်း ဘလော့မှပင် ဝိုင်းညှစ်ပေးရတတ်သော အခါများလည်း ရှိ၏။ ဘလော့ဂါများသည် ယင်းသို့ စည်းလုံး ချစ်ခင်ကြသော အသိုင်းအဝန်းတစ်ခု ဖြစ်ခဲ့ဖူး၏။

တစ်ခါသော် ဖေ့စ်ဘုတ်ဟူသော လူမှုကွန်ယက် ရပ်ကွက်တစ်ခုကို ထပ်မံတိုးချဲ့တွေ့ရှိလာချိန်တွင် ဘလော့ဂါများသည် ရပ်ကွက်ပြောင်းရွှေ့ခြင်းအမှုကို အများအပြား ပြုလုပ်လာလေရာ ဘလော့ဂါ ရပ်ကွက်သည် ခဏတွင်းမှာပင် လူသူအရောက်အပေါက်နည်းပါးသော တောခေါင်ခေါင် ရက်ကွက်တစ်ခုအဖြစ်သို့ လျှင်မြန်စွာ ရောက်ရတော့၏။ အချို့ စီးပွားရေးအတွက် ဘလော့ဂ်ကို စွန့်လွှတ်ကြ၏။ အချို့ ကျန်းမာရေးကြောင့် ဘလော့ဂ်ကို စွန့်လွှတ်ကြ၏။ အချို့ လင်ယူသားမွေးအလုပ်ကြောင့် ဘလော့ဂ် ကို စွန့်လွှတ်ကြ၏။ အချို့လည်း ပျင်းရိငြီးငွေ့လာဟန် တူပါသည်။ ယုံကြည်ရာ ကို သွားရင် ဘလော့ဂ် ရက်ကွက်ကလေး မှ အထောက်အပံ့များစွာ ရကာ နာမည်ကျော်ကြားသော စာရေးသူများအဖြစ် ရောက်သွားသူများလည်း ဒုနှင့်ဒေး ပါပေ။ ယခုအချိန်ထိ ဘလော့ဂ် ရေးသားနေကြသူများ ရှိသေးသော်လည်း လူသူ ပြတ်လတ်နေဆဲ ဆိုသည်ကိုတော့ ဘလော့ဂါများ သိမြင်နေကြရပြီ ဖြစ်သည်။

ကျွန်ုပ်၏ ဇာတ်ကောင် နတ်ဆိုးလေး ဟူသော ငတိ တစ်ကောင်မှာလဲ ယခုအခါ (ဖေ့စ်ဘုတ် အရပ်၌ ဆပ်စလူးထ လျက် နတ်တို့ စက်) ဟူသည့် စကားရပ်ထုံး နှလုံးမူကာ ကဗျာဆြာ ဟု ကိုယ့်ကိုယ်ကိုယ် ကင်းပွန်းတပ်ပြီးသကာလ ဖေ့စ်ဘုတ် ရေစီးကြောင်းအတွင်း ဖလန်းဖလန်းထနေပြီ ဖြစ်သည်။ အခြားအခြားသော ဘလော့ဂါများလဲ ဤနှယ်ပင် ဘလော့ဂါ ဟူသော မူလ ရပ်ကွက်ကလေးသို့ အလည်ပင် မပြန်ဖြစ်ကြ။ သို့သော်လည်း ထို ဘလော့ဂ်ရပ်ကွက်ကို လုံးဝဥဿုံ မစွန့်လွှတ်သူများ ရှိနေသေးသောကြောင့် ဘလော့ဂါ ဟူသော သတ္တဝါသည် ရှားပါးဂြိုလ်သား မျိုးစိတ် တစ်ခု အဖြစ် ယနေ့တိုင် ရှိနေဆဲပင် ဖြစ်၏။ မည်သို့ပင် ဆိုစေကာမူ ထိန်းသိမ်းအပ်သော အရာ ကို ထိန်းသိမ်းကြစတမ်း ဟု ဆိုလာပါလျှင် ဘလော့ဂါ မျိုးရိုး ပျောက်ပျက် မသွားရန်မှာ ဘလော့ဂါ တိုင်း၏ တာဝန်သာ ဖြစ်ပါကြောင်း တင်ပြရင်း အကျွန်ုပ်၏ ဘလော့ဂါ နတ်ဆိုးလေး ၏ ဘလော့ဂါ ဘဝ နောက်ခံဖြင့် ရေးသားစီရင်အပ်သော ဘလော့(ဂ်)ဒေး နှစ်ပတ်လည် စာတမ်း ကျမ်းပြုစုခြင်းအမှုသည် ဤ တွင် နိတ္ထိတံလေတော့သည် ဖြစ်ပါပေချိမ့်တကားဟု ဆိုလေတော့ သတည်း။ (ဟမ်မလေး မောထှာ........ :P :P :P)

ဘလော့ဂါ အားလုံးကို လေးစားလျက်
ဘလော့(ဂ်)ဒေး အမှတ်တရ
လက်ဝဲ

8 comments:

  1. အဟမ်း အဟမ်း… ဂရုဆိုတဲ့ ရာထူးကြောင့် ဘ၀င်မြင့်သွားတာ ဟာဟဟ
    ဘလော့ဂါနတ်ဆိုးလေးရဲ့ ဘလော့ဂါဒဿန ဖတ်ပြီးသွားပါကြောင်း … :P

    ReplyDelete
    Replies
    1. ဒါ သားပေးတဲ့ ရာထူး မှုတ်ဘူးညော်.. ထိုက်လို့ ရတာ ;)

      Delete
  2. ဖဘကနေလိုက်တာပါ ကိုနတ်ဆိုးရေ....ဘလော့ဒေးအမှတ်တရပို့စ်လေးကို
    ဟာသဥာဏ်လေးကွန့်ပြီးခပ်သွက်သွက်ရေးထားတာဖတ်လို့မပျင်းရဘူးအကိုရေ..
    အမှတ်တရဘလော့ဒေး ပို့စ်လေးကိုဖတ်ရင် ဒီကွန်မန့်လေးနဲ့
    ဂုဏ်ပြုသွားပါတယ်ခင်ဗျာ....


    ခင်မင်ရင်းနှီးစွာဖြင့်
    ရာဇာထွေး

    ReplyDelete
    Replies
    1. လက်ဝဲံAugust 31, 2014 at 6:01 AM

      ကျေးဇူးပါဗျာ

      Delete
  3. အေးလေ ကဗျာဆရာလက်ဝဲဆိုတော်သေးတယ်...။
    ခုကျတော့ အာတီဖစ်ရှယ် ကိုကိုဝဲ တဲ့..။ ခံစားလို့ကို မရတာအေ.. >.<

    ReplyDelete
  4. ကောင်းပါလေ့ ကောင်းပါလေ့ ပြုံးတစ်ခါ ရယ်တစ်လှည့် ဟိတစ်ချိန် ဟားတစ်ဖန် အတန်တန်ဖတ်ပြီး အဖန်ဖန် သဘောကျသွားလေ၏။ ဒါနဲ့... ၀မ်းချုပ်ရင် ပြောနော်... ၀ိုင်းညှစ်ပေးရအောင်လို့။း)

    ReplyDelete
  5. ရေးသားပုံလေးကို သဘောတော်ခွေ့၏ တူတော်မောင် … blog ဆိုတာကလည်း တစ်ခါတစ်ခါကျ diary သဖွယ်ဖြစ်နေလေတော့လည်းကွယ် … :)

    ReplyDelete
  6. အေး ညေးစာကိုအဆုံးထိဖတ်ပြီး နာလဲမောသွားတာပဲ ငနတ်...။။ hAPPY BLOG DAY...;)

    ReplyDelete