Oct 15, 2012

ဒီကဗျာကို အိပ်မက်ထဲမှာ သင်္ဂြီုလ်ထားခဲ့

ငါ.................
အိပ်နေတယ်...
ဟုတ်တယ်
ငါ အိပ်နေတယ်...
ငါ အိပ်နေတယ်...
ပြီးတော့ ငါ ကဗျာရေးနေတယ်
ငါ အိပ်လဲ အိပ်နေတယ်..
ကဗျာလဲ ရေးနေတယ်..
အိပ်တာရယ် ကဗျာရေးတာရယ်
ကဗျာရေးတာရယ် အိပ်တာရယ်..။

အိပ်ရင်းနဲ့ ကဗျာရေးနေတယ်..
ကဗျာရေးရင်းနဲ့ အိပ်နေတယ်...
ကဗျာက အိပ်ရပါ့မလားလို့ စိတ်တိုတယ်..
အိပ်စက်ခြင်းက ကဗျာရေးရပါ့မလားဆိုပြီး စိတ်တိုတယ်..။

အဲဒီလိုနဲ့...
ကဗျာက အိပ်စက်ခြင်းကို သဝန်တို
အိပ်စက်ခြင်းက ကဗျာကို သဝန်တို
အဲဒီလိုနဲ့.....
ဘယ်မဂ္ဂဇင်းကိုမှ မပို့ဖြစ်ပဲ ကျန်နေတဲ့ ကဗျာလေးခမျာ..
မျက်တွင်းဟောက်ပက်နဲ့....။

နောက်တစ်ခါ
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပစ်လိုက်တော့....
တစ်ညလုံး ကဗျာဆန်သွားပြန်ရော။ ။

လက်ဝဲ

Oct 11, 2012

ကျွန်တော့်ကို မော့ကြည့်စေခဲ့တဲ့ ကောင်းကင်

လင်းတစ်ဝက် မှောင်တစ်ဝက်
ကျွန်တော့် ရင်ခုန်ဖက်လေးကို မြင်ရတယ်
နေ့နဲ့ ည ဆိုတာတွေကို
ကျွန်တော် သတ်ပစ်လိုက်ရပေါ့။

မိုးသံ လေသံတွေ ရော နေတဲ့ တီးလုံးဟာ
သူ့ကိုယ်သူ ပြန်သီကျူးတယ်
မိုးစက်လိုလို ရေငွေ့လိုလိုနဲ့
ကျွန်တော့်လို မြစ်တစ်စင်းမှာမှ
သူမ လာပြီး တသွင်သွင် စီးပြနေပြန်ပေါ့။

အိပ်မက်မက်တယ်
ကျွန်တော့် ကဗျာခေတ်မှာ
သူမဟာ ဘုရင်မ လာဖြစ်လိုဖြစ်
ကျွန်တော် ပြောပြတော့ သူမက
သာမန်ကာ လျှံကာ ရယ်ပစ်တယ်
(ကျွန်တော့်မှာတော့
သူမ မျက်လုံး မှေးသွားတာလေးကိုပဲ
အလုအယက် ချစ်လိုက်ရတယ်)။

အဲဒီလိုနဲ့
တစ်ချို့ည တွေ မမှောင်ဘူး
တစ်ချို့မိုးတိမ်တွေ ရွာမချဘူး
တစ်ချို့ အိပ်မက်တွေက...
ဘယ်တော့မှ နိုးထ မလာတော့ဘူး
ကျွန်တော်လဲ မိုးသည်းတဲ့ ညတွေဆို
မအိပ်ဖြစ်တော့ဘူး
အဲဒီလိုနဲ့......။

တစ်ယောက်နဲ့ တစ်ယောက်
သံယောဇဉ်ချင်း ထိမိခိုက်မိရာက စ
တစ်ယောက် အသက်ရှူသံကို တစ်ယောက်
နားထောင်မိရာက စ။

သူမ က
ကျွန်တော့် စာလုံးပေါင်းသတ်ပုံလေး တစ်ခု
ဖြစ်ခဲ့ရပေါ့။      ။

လက်ဝဲ

Oct 10, 2012

အတွေး


ကလေးငယ်တစ်ယောက်
အတွေးတစ်စကို ကောက်ပြီး
မျက်လုံးစုံမှိတ်ပြစ်လိုက်တယ်

ခေါင်းလောင်းထိုးသံကြားတယ်
ဆရာမဆိုတဲ့ အသံတွေကြားတယ်
အိမ်စာဆိုတဲ့ အသံတွေကြားတယ်
စာသင်သံတွေကြားတယ်
စာကျက်သံတွေကြားတယ်
ခြေသံတွေကြားတယ်

ရုတ်တရတ်
မျက်လုံးဖွင့်ကြည့်တော့
ပတ်ဝန်းကျင်က  ပြောင်းလဲ

အနံ့အသက် ခပ်ပြင်းပြင်း
ပလက်တစ်ဗူးခွံသုံးလေးခု
ဖိနပ်မပါတဲ့ ခြေတစုံ
ပီနံအိတ် တစ်လုံး
အသက်မပါတဲ့ အပြုံးနဲ့
အင်းလေ...
ဘ၀ကို ရုန်း၇ဦးမှာပေါ့....



ဂေါ့သစ်

Oct 9, 2012

ဆာရိုးနာရာ ဒိုင်းအိ ဆုခိန ဟိတို


ခပ်ပေါပေါ သီချင်းတွေဆိုပြီး
ခပ်ရေးရေးလေး ငါ လွမ်းပါရစေ
နင့်ကမ္ဘာမှာ နင်ပျော်နေပါ
ငါလည်း ငါ့ကမ္ဘာကနေ
မျှော်နေပါ့မယ်
တနေ့ပေါ့…….

နင့်ကို ချစ်တယ်လို့
အကြိမ်တစ်ရာမက ငါ့ကိုယ်ငါ တိုးတိုးလေး ပြောခဲ့ဖူးတယ်
ငါ့ကို ချစ်တယ်လို့
နင် ပြောတာလည်း အိမ်မက်တွေ မက်ခဲ့ဖူးတယ်
တနေ့ပေါ့….

ပိုင်ဆိုင် ရသူနဲ့ ပြိုင်ဆိုင်ရသူ
ပေးဆပ်သူနဲ့ ဘေးဖျက်သူ
ပိုင်ဆိုင်ခွင့်မရှိလို့ ကျန်ခဲ့သူ
မထိုက်တန်တော့လို နောက်ဆုတ်ပေးခဲ့ရသူ
ရပါတယ်…

နှုတ်ဆက်ပါတယ် မျှော်လင့်ခဲ့တဲ့ တနေ့တွေကို
ဂွတ်ဘိုင် ….။


ဂေါ့သစ်

Oct 1, 2012

နာရီက ပင်လယ်လိုပြုံးတယ်

နာရီတစ်လုံးဟာ သူ့ အကွဲအရှပေါင်းများစွာရယ်..
သူချန်ထားခဲ့တဲ့/ သူ ဟောင်းနွမ်းစေခဲ့တဲ့ သမိုင်းပေါင်းများစွာကို
တရံတခါမှာ အသစ်ပြန် တည်ဆောက်လေမလား/ အသစ်ပြန်ဖြစ်စေလေမလား
ငါဟာ စိတ်ကူးယဉ်ဆန်စွာ ပြောင်းပြန်လည်နေ/ လှည့်နေခဲ့သူပါ။

မင်းကြားဖူးသလား “လင်းသန့်ဖြူ”
“မြစ်တစ်ဆုံးပဲ ရေချိုမှာပါ” တဲ့
ငါသာဆို ရယ်နေမိမှာ/ လှောင်နေမိမှာ မဟုတ်ဘူး
ကိုယ်ကိုယ်တိုင် ငန်နေရ/ ငန်ခဲ့ရတဲ့ ပင်လယ်ဖက်ကနေ
ခံပြင်းတယ်။

နာရီတစ်လုံးရှိတယ် မြစ်တစ်စင်းရှိတယ်
ဟိုးရှေးရှေးတုန်းကပေါ့/ တစ်ခါတုန်းကပေါ့ “လင်းသန့်ဖြူ”
မြစ်တစ်စင်းရှိတယ် နာရီတစ်လုံး ရှိတယ်
ပင်လယ်ထဲရောက်မှ ငန်သွားတဲ့ မြစ်ရေတွေရဲ့ အကြောင်းဟာ
ပုံပြင်ထဲကို ဖြတ်ပြီး စီးဆင်းသွားတယ်။

ထုံးစံအတိုင်းပေါ့
နောက်ဆုံးမှာ
မြစ်ရေက ငန်သွားတယ်
ပင်လယ်က ဗီလိန်ဖြစ်သွားတယ်။

ဒါနဲ့ “လင်းသန့်ဖြူ”
နင် သတိထားမိလား
ပုံပြင် ပြီးခါနီးမှာလေ.....
နာရီက
ပင်လယ်လို ပြုံးတယ်။ ။


လက်ဝဲ