Jun 6, 2013

အကြီးကောင်ရဲ့ တစ်ခန်းရပ်

မိသားစုဆိုတာဖြစ်လာဖို့တဲ့
ဒီဝန်ထမ်းလစာလေးနဲ့ လက်ထပ်စာချုပ်လေးဝယ်ပြီး
မင်ရည်ခပ်ကျဲကျဲနဲ့ လက်မှတ်ထိုးမိရာက
စ.....ပြောရမယ် ။

အဲဒီကစ - ရသမျှထဲမှာ
လောကဓံနံ့ ခပ်စူးစူးတို့ ကြမ္မာလေကြမ်းခပ်ပြင်းပြင်းတို့ဆ
ခြေလှမ်းတွေမလျှော့ဘဲ ရှေ့ဆက်တိုးရင်းကနေ
ဒီအိမ်ထောင်ကလေးမှာ ဒီဝန်ထမ်းလစာလေးနဲ့
မောင်နှမနှစ်ယောက် မွေးခဲ့ရာက
စ.... ပြောရမယ်။

“အိမ်ထောင်” ကနေ “မိသားစု”
ရွှေလိုဥထားတဲ့ အကြီးကောင်ရော
ပိုးလိုမွေးထားတဲ့ အငယ်မ ပါ
ဒီဝန်ထမ်းလစာလေးနဲ့ လာရောက်ပတ်သက်
ဒီဝန်ထမ်းလစာလေးမှာ
လာပြီးတော့အကျုံးဝင်လာရာက
စ...ပြောရမယ် ။

မိသားစုအသိ စ၀င်လာတဲ့အကြီးကောင်
ဆယ်တန်းအောင်ချိန်ကြတော့
စာတော်တဲ့အငယ်မရဲ့ စရိတ်စက ဆိုတာ
အဖေတို့ဒီဝန်ထမ်းလစာလေးနဲ့ ဘယ်လိုမှ ....
ဒီလစာကမိုးယိုနေပြီဆိုတဲ့ အကြောင်း ဖျောင်းဖျမိရာက
စ...ပြောရမယ် ။

လစာခေါင်မိုးလေး ဖာဖို့ဆိုပြီး
စရိတ်ရှာ ၊စာကျက်၊အဝေးသင်တက်ပြီး
ဒီဝန်ထမ်းလစာလေးနဲ့ ပေါင်းစပ် အောက်ကတက်လာမယ့်
လူရည်ချွန်အငယ်မကို ငဲ့ရင်း ဘွဲ့ယူခဲ့ရာက
စ....ပြောရမယ် ။

ရထားတဲ့ဘွဲ့နဲ့ မှေးရင်းမှေးရင်းအလိုက်သင့်လေး
စာရေး ၀င်လုပ်မိတဲ့အချိန်ကျ
သူနဲ့ ဒီဝန်ထမ်းလစာလေးနဲ့ စထောက်ပံ့ပေးခဲ့တဲ့ အငယ်မက
ကောင်းစားတော့ ပင်စင်စား အဖေ အမေကို ပြန်ပြုစုပြီး
အကြီးကောင် ၀န်ထမ်းဖြစ်ပြီးကျန်ခဲ့ရာက
စ...ပြောရမယ် ။

မိသားစုဆိုတာဖြစ်လာဖို့တဲ့
ဒီဝန်ထမ်းလစာလေးနဲ့ လက်ထပ်စာချုပ်လေးဝယ်ပြီး
မင်ရည်ခပ်ကျဲကျဲနဲ့ လက်မှတ်ထိုးမိရာက
စ.....ပြော.....ရ....မယ် ။..။




လက်ဝဲ

1 comment: