Mar 24, 2012

မီးမလာ၍ ပူသည်..

ကဗျာလဲ ရေးလို့ မရဘူး။ မရဆို နေ့ခင်းဖက် နေကလဲ အတော်လေးပူလာပြီကိုး။ ညည ကျလဲ မီးကမလာတော့ မှောင်ထဲမည်းမည်းမှာ ဘာမှလဲ လုပ်မရဘူး ခက်ပါသဗျာ။ ပြောပြချင်တာလေး ရှိလို့ နည်းနည်း လေကန်မလို့..။ သည်းတော့ ခံ ဗျ။ ပြောချင်ရာ ပြောမှာရယ်။ ဒီကနေ့ နေ့လည်ခင်းလေး အကြောင်းပြောချင်လို့။
ကျွန်တော် အလုပ်က မနက်ပိုင်းပြီးတော့ ၁၂ နာရီမှာထမင်းစားနားတယ်။ နေကလဲ ပူလိုက်တာ လွန်ရော..။ လမ်းပေါ်ဆိုတာ.. ကိုယ့်အလုပ်နဲ့ကိုယ် ရှုပ်နေတဲ့ လူတွေကလွဲရင် ရှင်းလို့.. လင်းလို့။ ပူတာကိုးဗျ.။ အိမ်ရောက် တော့ ၁၂ နာရီ မှ နားတာဆိုတော့ ၈ နာရီကတည်းက နေနေရတာ ဆာဆာနဲ့ စားလိုက်တာ. ဘယ်ပြောကောင်းမလဲ..။ ၂ ပန်းကန်လောက် ပစ်အုပ် ပစ်လိုက်တယ်..။ ဒါနဲ့ ထမင်းစားပြီး ထမင်းလုံးစီရင်း ခဏ လှဲနေလိုက်တယ်။ မီးမလာဘူး..။
အဲဒီ မီးမလာတဲ့ အကြောင်းလဲ ပြောရဦးမယ်။ မလာ.. မလာ.. နဲ့..။ အစ ကတော့ ဆယ်တန်းစာမေးပွဲတွင်းမို့ ကျယ်ကျယ်ကျယ်ကျယ်နဲ့ ဆောင်းဘောက်စ် တွေ ဘာတွေ ဖွင့်ရင် ကျောင်းသားလေးတွေ အနှောက်အယှက်ဖြစ်မှာစိုးလို့ ပဲ နေ့ခင်းဖက် မီးဖြတ်ထားတာ လိုလို.. ဘာလိုလို.. ညာလိုလို နဲ့ ..  ခုတော့ ဆယ်တန်းစာမေးပွဲ ပြီးသွားလို့ နဲ့ တူရဲ့.။ နေ့ရော ... ညရော.. မလာတော့ဘူး.။ အင်း.. ရွေးကောက်ပွဲကလဲ နီးလာပြီမလား..။ မီးမလာတာကြီးကိုကြည့်ပြီး ကုလားထိုင်ပေါ် လှဲရင်းကနေ အတွေးထဲမှာ.. ဘာလိုလို ညာလိုလို..။ နီးပြီဆိုတော့လေ..။ အင်း.။ ဆိုင်ဆိုင်မဆိုင်ဆိုင် ဆွဲ စပ် ပြီး တွေးလိုက်မိတာပါ..။ ထားပါတော့။
ဆိုလိုချင်တာက  မီးမလာဘူးပေါ့ဗျာ.။ တစ်ရပ်ကွက်လုံးလဲ တိတ်ဆိတ်လို့.။ ကိုယ်တုန်းလုံးကြီး အိပ်တဲ့ သူတွေကအိပ်.။ ယပ်တဖျပ်ဖျပ်နဲ့ ပက်လက်လှန်သူကလှန်။ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတဲ့ နေ့လည် ကြီးပါ။ တစ်ချို့ဆို တုန်းလုံးကြီး နေတာတောင် တစ်ကိုယ်လုံး ချွေးတွေလုံးလို့.။ ကျွန်တော်လဲ ပက်လက်ကုလားထိုင်ပေါ်လှဲရင်း ၃ နာရီမှ ပြန်သွားရမှာ ဆိုတော့ မှေးကနဲ ခဏ ပျော်သွားတယ်.။
မကြာပါဘူး.။ အုန်းအုန်းဒိုင်းဒိုင်း ဖွင့်နေတဲ့ ဆောင်းဘောက်စ် သံကြီး ကြားလိုက်ရတယ်။ လန့်နိုးသွားတယ်။ မီးလာတာလား ဆိုပြီး ဘေးနားက ပန်ကာ ခလုတ် ကောက်နှိပ်ကြည့်တယ်.။ မလာ...။ ဘာပါလိမ့် ဆိုပြီး စောစောက အသံ ကို ပြန်နားထောင်လိုက်တယ်.။ လားလား...။ သီချင်းသံမှ.. ဘာသီချင်းမှတ်နေတုန်း။
“အမေအောင်ဆန်းစုကြည် ယှဉ်ပြိုင်မည်..။ ပြည်သူရဲ့ ရှေ့ဆောင် NLD..။ တိုင်းနိုင်ငံအနှံ့ ခွပ်ဒေါင်းပြန်လာပြီ” ဆိုတာ..လေ။ တော်တော်လေး မြိုင် တဲ့ စည်းရုံးရေး သီချင်းလေး။ ဆောင်းဘောက်စ်နဲ့ အကျယ်ကြီးဖွင့်ထားတာ .။ အစကတော့ ရက်ကွက်ထဲ စည်းရုံးရေးလာဆင်းတာထင်တယ်ပေါ့.။ ရက်ကွက်ထဲက လူတွေလဲ ကျွန်တော့်လိုပဲ နိုးလာကြ.။ အိပ်မှုံ စုံမွှားနဲ့ ထကြည့်ကြနဲ့.။ ကျွန်တော်လဲ ထ ကြည့် ရတော့ သပေါ့။ မမြင်ရသေးဘူး အိမ်ရှေ့ကနေ။ အိမ်ရှေ့တွေမှာတော့ လူတွေ ထကြည့်နေကြတယ်။ ရပ်နေရင်းနဲ့ အသံနီးနီးလာတော့.. စည်းရုံးရေးကားလို့ ထင်ထားတာ မဟုတ်ဘူးဗျို့.။ ထီတွန်းလှည်းကြီး။ ကိုယ်တော်ချောက အဲဒီ သီချင်းတစ်ပုဒ်ထဲကိုပဲ ရီပိဒ် လုပ်ပြီး ဖွင့်လာတာ...။ 

အဲဒီအချိန် မှာ ရက်ကွက်ထဲက လူတွေက ပူတာတွေ အိုက်တာတွေ ခဏမေ့သွားပြီး ထီတွန်းလှည်းကြီးကို ထွက်ကြည့်သူကကြည့်.၊ ထီထိုးသူကထိုးနဲ့.. တိတ်ဆိတ်နေတဲ့ စပ်ဖျင်းဖျင်း နေ့လည်ခင်းကလေး အတော်လေး စိုပြည် သွားတယ်.။ ဦးလေးကြီးတစ်ယောက်ဆို ထွက်တောင် က တယ်..။
တစ်ချို့က ဝယ်ရုံတင်မဟုတ်ဘူး..။ ထီသည်ကို “လာ.. ဟိုဖက်လမ်း လိုက်ခဲ့ဦး .. ငါလိုက်ရောင်းပေးမယ်..” ဘာညာ နဲ့ ခေါ်သွားသေးတာ.။ ထီသည်လေးကလဲ တောင်ပြေးလိုက် မြောက်ပြေးလိုက်နဲ့ အတော် ပျော်နေပုံရတယ်.။ သူကလဲ ဒီသီချင်းလေးကို မိုးလင်းတည်းက ဖွင့်ထားတယ်နဲ့ တူပါရဲ့..။ တစ်ခြား ရက်ကွက်တွေတော့မသိ။ ကျွန်တော်တို့ ရက်ကွက်ထဲတော့ အဲဒီ ထီသည် တော်တော် ရောင်းလိုက်ရတယ်.။ 

ဒီလိုပါပဲ...။
ဘဝအမောလေးတွေ.. ခဏလေးပြေပျောက်သွားတဲ့ အိုက်စပ်စပ်နေ့လည်ခင်းလေးပေါ့ဗျာ..။ ထီသည်လေးအသံ ဝေးသွားတာနဲ့ အရင်လိုပဲ ပြန် တိတ်ဆိတ်သွားပြန်ရော..။ ကိုယ့်ယပ်တောင်လေးကိုယ် ပြန်ကိုင်..။ အင်္ကျီ ပြန်ချွတ် ..။ ပြန်အိပ်...။ 

အဲဒီလို ခဏအပျော်လေးတွေနဲ့ ကျွန်တော်တို့ ရပ်ကွက်ကလေးက.. ထူသားပေသား ကျနေကြပေါ့...။

အစတည်းက ပြောပြီးသားပါ..။ ပြောချင်ရာ ပြောပါမယ်လို့..။ ခုတော့ ပြောလို့ပြီးသွားပြီ.။

လေးစားလျက်
လက်ဝဲ

Mar 21, 2012

သူ့ပုံတူ သူပြန်ဆွဲထားတဲ့ ကဗျာ

ကျွန်တော်က ..
အရောင်တစ်ခုခုရဲ့ ဖမ်းစားမှုနဲ့
ကဗျာတွေခင်းထားတဲ့ ပထ၀ီကို နမ်းပြီး..
ကြီးပြင်းလာတဲ့ ကောင်။

ရင်တစ်ချက် လှပ်ကနဲ ဆို
ရွှေမျက်ရည် စိုလက်လက် တွေက
ကဗျာ ပေါ် ငိုချ...
နှလုံးတစ်ဝိုက် လှိုက်ကနဲဆို
အသိုင်းအ၀ိုင်းတွေ အားလုံးရဲ့ အပြင်ထွက်ပြီး..
ကဗျာပေါ် ဟက်ဟက်ပက်ပက် ရယ်ချတတ်တယ်။

အနိမ့် အမြင့် ရစ်သမ်..
ခံစားချက် ချို ခါး
အလှဆုံးပန်းလေးတွေနဲ့..
ရုပ်အဆိုးဆုံး ကိလေသာတွေ..
ကဗျာမှာ ရှိတယ်..
ကဗျာတွေ ဖတ်တယ်..
ကဗျာတွေ ရေးတယ်...
ကျွန်တော်ဟာ..  ကဗျာတိုင်းအပေါ်မှာ
မျက်နှာများတယ်.။

ရုပ်နာမ်နှစ်ပါး ဓါတ်လေးပါးနဲ့
သုံးဆယ့်တစ်ဘုံ သားတွေ ရှိတဲ့...
ဒုတိယ လောက ဟာ... ကဗျာဖြစ်တယ်...
ဒါ့ကြောင့် ကျွန်တော်နဲ့ ကဗျာဟာ..
ကမ္ဘာပေါ်မှာ သံသရာ လည်ဖြစ်ကြတယ်။

ကဗျာ... ဆိုတာက...
ကျွန်တော် ပြန်အလည်ချင်ဆုံး မွေးရပ်ဇာတိလို
ဆွေးမြေ့ဖွယ်..
ကျွန်တော် မနက်တိုင်းတောင့်တတဲ့ လက်ဖက်ရည်လို
နိစ္စဓူဝ အာဟာရ
ကျွန်တော် အသည်းကွဲဖူးတဲ့ ရှစ်မျက်နှာဘုရားက အင်္ဂါထောင့်လို
တစ်ဆစ်ဆစ် နာကျင်နေတဲ့ ဒဏ်ရာ..။

ည... ည ကျွန်တော် အိပ်ခါနီးတိုင်း..
အမွှေးနံ့ နဲ့ မြှူဆွယ်...
အသံစူးစူး... ရူးသွပ် ဂီတနဲ့ သိမ်းသွင်းဆွဲဆောင်
ကဗျာဟာ... ကျွန်တော် ခေါင်းရင်းမှာ...
မကျွတ်မလွတ်သေးတဲ့ .. နာနာဘာဝ တစ်ကောင်လဲ ဖြစ်တယ်.။

သိပ်ကို ချစ်ဖို့ကောင်းတဲ့
ချစ်သူ သေးသေးလေး တစ်ယောက်
ကောက်ရထားသလို....
ကဗျာထားရာ နေ ကဗျာ စေရာသွား..
မာနတွေ အတ္တတွေ ဆိုတာ
ကဗျာစိတ်နဲ့ပဲ.. ဆုံးပါးသွားခဲ့တာ..
ကြာ ပေါ့ လေ..။    ။


လက်ဝဲ
ကမ္ဘာ့ကဗျာနေ့ (၂၁.၃.၂၀၁၂)

Mar 13, 2012

ဓါတ်ပုံ



တစ်ကွက်ထဲ...
ဓါတ်ပုံတစ်ချက်
ဖျတ်ကနဲ....။

တစ်သက်လုံး
သေရာပါမယ့် လူအုပ်ကြီးက
သံယောဇဉ်တွေကို
တစ်ဘဝလုံးစာ ချည်ပြီးတုပ်ပြီးသား
ဘောင်ခတ်လျက်သား ထွက်လာတယ်။

နောက်များမှာ.....
ခွဲခွာကြမယ့်သူတွေရော...
တူတူရှိကြမယ့် သူတွေရော..
ခု လောလောဆယ် တူတူတွဲနေပေးပါ
နိုင်ငံခြားသွားမယ့်သူတွေလဲ..
ခု မတ်မတ်လေး ရပ်နေပါ
မုန်းတီးသွားမယ့် သူတွေကလဲ..
ခု ပခုံးချင်းဖက်ထားပါ
ငယ်ငယ်ရွယ်ရွယ်နဲ့ဆုံးပါးသွားမယ့်
ကောင်လေးလဲ ခု အရှင်လတ်လတ်ကြီး
ကင်မရာကို ပြုံးပြပါ

ကိုယ့်ဘဝကိုယ် ကျောင်းမယ့်သူ
ကိုယ့်လမ်းကိုယ် လျှောက်မယ့်သူ
မခွဲဘူးဆိုတဲ့သူ၊ နောက်မတွေ့တော့ဘူး ဆိုတဲ့သူ
အဆက်အသွယ်ပြတ်တောက်သွားမယ့် သူ
အားလုံးပဲ.. ဒီမြင်ကွင်းထဲမှာ..
ခဏ လာရပ်ပေးပါ။

ရပြီ.. မျက်တောင်မခတ်နဲ့.
ခေါင်းမတ်မတ်ထား..
ရိုက်မယ် .. ရယ်ဒီ။

ဖျတ်..။    ။

လက်ဝဲ

Mar 8, 2012

နေ့တွက်

လက်ထဲမှာ
မနက်ဖြန်တစ်ဝက် ဒီနေ့တစ်ဝက်
သံယောဇဉ်တွေအတွက်
တိုက်မြင့်ပေါ်တွေ တက်ခဲ့
ဒါဟာ ငါ့ရဲ့ “နေ့တွက်” ဖြစ်တယ်။

ပန်းရံဆိုလဲ ဟုတ်၊
လက်သမားဆိုလဲ ဟုတ်၊
သူများအိမ်မှာ ပန်းကနုတ်တွေတွဲ
ငါတို့အိမ်လေး အဖီဆွဲရလိမ့်ဦးမယ်။

သမီးဖိနပ်၊ သားမုန့်ဖိုး
မိန်းမ ချက်မဲ့ ညစာဟာ..
ငါသယ်နေတဲ့ အုတ်ခဲပုံထဲမှာ ရှိရဲ့
ဒီလိုပဲ...
ငါ့ချွေးသီးချွေးပေါက်တွေ မွန်းတည့်လွန်းလှချည့်။

မိသားစု “ဇော” က ပေးတဲ့ ခွန်အား
သူတို့ သက်ပြင်းချသံ တိုးတိုးလေး ကြားချိန်မှာ
ပြန်လည် စွန့်ကြဲ ပေးသနားဖို့ တောင်းဆို...
အို... ငါ အမောဖောက်ပြီဆို
သူတို့ ခေါင်မိုးလေး မိုးယိုတော့မယ်။

အိပ်ယာထက်မှာ...
ငါ/ မပြီးမြောက်တဲ့ နိယာမ
မီးဖိုချောင် ထကြည့်
ခြေထောက်ဗလာနဲ့ သမီး
မုန့်စားချင်တဲ့ သား။

သံလျက်တန်းလန်းနဲ့ အင်္ဂတေ
ရေပေါ်မထိုးရသေးတဲ့ ပျဉ်ချပ်
ဆေးခန်းမသွားနိုင်သေးတဲ့ ငါ
အားလုံးဟာ.. ငါ့အတွက်
မပျောက်သေးတဲ့ ရောဂါ။

အိမ်ထဲမှာ..
မီးဖိုးချောင်ထဲမှာ..
လက်ထဲမှာ...
မနက်ဖြန်တစ်ဝက် ဒီနေ့တစ်ဝက်
ဒါ................
မိသားစုအတွက် “နေ့တွက်” ဖြစ်တယ်။    ။

လက်ဝဲ

Mar 5, 2012

ငါ့သမိုင်း

လူဆိုတာ ကိုယ့်ကိုယ်ကို ပြန်ပိတ်ထားတဲ့
တံခါးတစ်ချပ်လား
ခင်ဗျား မျှော်လင့်ချက်ဆိုတာကို
ကိုးကွယ်ဖူးသလား။

သစ်ပင်တွေမြင်တိုင်း ကြွေကျရမှာ ကြောက်တယ်
တစ်ရှူးစ တွေမြင်ရင်
လူက အလိုလိုနေရင်း လွင့်ဝဲ သွားတတ်တယ်
ငါဟာ သိပ်ကို ပျော့ညံ့လွန်းလှပါတယ်ကွယ်။

ဘာတွေထုဆစ်ဖူးလဲ
ကိုယ်ဖန်တီးမှုတွေက ကိုယ့်ဆီကို
ဖုန်း ဘယ်နှစ်ခါ ပြန်ခေါ်ပြီလဲ (ထားတော့)
မနက်ဖြန် ငါ့ကို ဘာနက္ခတ် ဝင်စားမလဲ။

မသိဘူး
ငါ့သမိုင်းဆိုတာ
ငါ သေမှ ဖြစ်လာမှာ။    ။


လက်ဝဲ

Mar 2, 2012

သမိုင်းဝင် အညစ်အကြေးများ

မလူးသာ မလွန့်သာ ဆန္ဒတွေနဲ့ မထိတ်သာ မလန့်သာ ရေရွှတ်လို့
တဖွဖွ ငါတို့ ပြောကြ တသသ ငါတို့ တမ်းတကြ ကိုးကွယ်မိကြ
အဆုံးထိ နစ်ဝင် အစွန်ထိ ကျွံကျ မသိခြင်းကို မသိခြင်းလို့ မသိကြ
(အနတ္တသဘောကို သံသယ ရှိနေသေး သမျှ သံသရာမှပဲ နစ်လိုက်ကြ)
မရှိသေးရင် ဝယ်ပြီး ရူး ဝယ်ပြီးမိုက်ကြ.. အတ္တနန်းတော်ရဲ့ ခမ်းနားမှု အမိုက်အမှောင်မှာသာ
ပျော်ရွှင်ကြ (ဆုတွေလဲ ပန်ကြရဲ့...........)
မနက်ဖြန်များစွာရဲ့ လက်မှတ်မပါတဲ့ ခရီးတွေကို စီးနင်း လိုက်ပါကြ
(ဘူတာတွေသာ ဥသြဆွဲသွားကြ)
ဘယ် ညနေမှ လေမတိုက်ချင်နေ မိုက်ရူးရဲဆန်ဆန် လေကို ပြန်တိုက်ကြ
ကမ်းတွေ မရှိ စည်းတွေ မဲ့ကြ...
ကမ်းတွေပဲ့ကျ တံတားတွေကျိုးကျ
ကပ်ဆိုက်နေတဲ့ ညတွေကို မျက်နှာလွဲခဲပစ် ဖြတ်သန်းကြ
တူးကြ ဆွကြ သန်းခုနစ်ထောင်မြောက် ဒုက္ခကိုလဲ ရယ်သွမ်းသွေးမိကြရဲ့
ဆင်းရဲနွမ်းပါးမှု  ပြဿနာ၊ အကျင့်ပျက် ချစားမှု ပြဿနာ၊ .... ပြဿနာ..
ပြဿနာပေါင်းများစွာ ရဲ့ စိန်ခေါ်မှုကို ငါတို့ဟာ ငါတို့ဘာသာ အော်ဟစ်ကြ ဆူညံကြ
ဘာမှ ဖြစ်မလာတဲ့အခါ ဒီအစတွေပဲ ပြန်ဆွဲဆွဲ ထုတ်ကြ
ရှည်လျားလာခြင်းသာ အဖတ်တင်ကြ
ကယ်တင်ကြ ထောက်ပံ့ကြ အားပေးကြ သူ့ အရပ် သူ့ဇာတ် မနိုင်ရင် လွှတ်သာ ချကြ
အားမလို အားမရ အချင်းချင်းလဲ ဆဲကြ ဆိုကြ... တိုကြ ရှည်ကြ.. ကွဲကြ ပြဲကြ ဖြောင့်ကြ ကောက်ကြ
ဘဝထဲက သဘာဝတွေကို ရောင်စုံတွေ ရေးခြစ်ကြ...
ငါတို့တွေ ခေတ်အပျက်ကြီးထဲမှာ နေနေကြ
ဘာမှ ဖြစ်မလာတဲ့အခါ ဒီအစတွေပဲ ပြန်ဆွဲဆွဲ ထုတ်ကြ
ရှည်လျားလာခြင်းသာ အဖတ်တင်ကြ
မလူးသာ မလွန့်သာ ဆန္ဒတွေနဲ့ မထိတ်သာ မလန့်သာ ရေရွှတ်လို့
တဖွဖွ ငါတို့ ပြောကြ တသသ ငါတို့ တမ်းတကြ ကိုးကွယ်မိကြ
.............................................................................ကြ..
ဂွတီး ဂွကျ ဘဝထဲမှာ ငါတို့ မွေးဖွားလိုက်ကြ သေလိုက်ကြ...။    ။

လက်ဝဲ

Mar 1, 2012

ငါးထောင်တန် ဖုန်းအပေါ် ဘလော့ဂါတို့ အမြင် (တဂ်ပို့စ်)

အမ အိန်ဂျယ်လှိုင် တဂ်ပါတယ်။ ကျွန်တော် ဒီကိစ္စနဲ့ ပက်သက်လို့ အများကြီး ပြောစရာ ရှိတယ်။ ပြောချင်ပါတယ်။ ပြောပါ့မယ်။ ငါးထောင်တန် ဆင်းမ် ကဒ် နဲ့ ပက်သက်လို့ ဂယက်ထလိုက်တဲ့ အချိန်က စလို့ ပြည်သူတွေ မျှော်လင့်လိုက်ရတာ.။ လူတွေ က မျှော်လင့်ချက်နဲ့ အသက်ရှင်ရတယ် ဆိုတာ မြန်မာပြည်မှာ တယ်မှန်သကိုးဗျ။ ဆင်းရဲမှု ပပျောက်ရေးဆိုလဲ မျှော်လင့်ရ၊ လွတ်ငြိမ်းချမ်းသာခွင့်ဆိုလဲ မျှော်လင့်ရ၊ ကော်နက်ရှင်တွေ ကောင်းတော့မယ် ဆိုလဲ မျှော်လင့်ရ၊ ပြုပြင်ပြောင်းလဲရေးတွေ လုပ်တော့မယ် ဆိုလဲ မျှော်လင့်ရ၊ ခု လာပြန်ပြီ။ ကျွန်တော်တို့ မျှော်လင့်ခဲ့ရပေါင်းလဲ များပါပြီ။ ဟုတ်။ ဆက်ပြီးမျှော်လင့်ကြတာပေါ့။ 

ခု ကျွန်တော် စပြီး မေးခွန်းဖြေပါ့မယ်။ ကျွန်တော် ဖြေတဲ့ အဖြေတွေ ဟာ ဘလော့ဂါ အားလုံးဖြေထားတဲ့ မေးခွန်းတွေနဲ့ ကြောင်းတူ သံကွဲပါပဲ။ ဒါပါပဲ။ ကျွန်တော်လဲ အောက်ခြေလူတန်းစား တစ်ယောက်မို့ မျှော်လင့်မိတာပေါ့။ 
ကြို တောင်းပန်ပါရစေ။ အောက်က မေးခွန်းတွေကို ကျွန်တော့် ရင်ထဲမှာ ရှိတဲ့ အတိုင်း ဖြေမှာမလို့ ကျွန်တော့် စကားထဲမှာ အမှားပါရင်.. ရိုင်းသွားတာပါရင်.. တစ်ဆိတ် ခွင့်လွှတ်ကြပါခင်ဗျာ။
 
 
၁ ။ ယခု ဆက်သွယ်ရေးက ချထားပေးမယ့် နှစ်သိန်းဝန်းကျင် ဖုန်းကို တန်ဖိုးနည်းဖုန်းလို့ သင်မြင်ပါသလား ။
ထားပါတော့ တစ်သိန်းရှစ်သောင်းပဲ ထားတော့ .။ ကျွန်တော် မတတ်နိုင်ပါဘူး။ အဲဒီအတွက် ဒီ တစ်သိန်းရှစ်သောင်းတန်ဖုန်းက တန်ဖိုးနည်း ဖုန်းလို့ သတ်မှတ်လို့ မရနိုင်ပါဘူး။ (တန်ဖိုးနည်းဖုန်းလို့ သုံးစွဲနေကြတယ်နော်)..။ တကယ်က တန်ဖိုးနည်းဖုန်း နဲ့ တန်ဖိုးများဖုန်း ဆိုပြီး နှစ်မျိုးရှိမနေသင့်ဘူးဗျ။


၂ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စတေကာကပ်ခြင်း နဲ့ တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ် လိုမြင် မိပါသလဲ ။

ဆန္ဒပြနေကြတယ်လို့ မြင်ပါတယ်။ ပြည်သူတွေ ရဲ့ ဆန္ဒကို အစိုးရမြင်အောင် ပြနေကြတာပဲလေ။ ဒါကလုပ်သင့်လုပ်ထိုက်တဲ့ ကိစ္စပါ။ ဆန္ဒပြတယ် ဆိုတဲ့ နေရာမှာ.. ပြည်သူလူထု တစ်ရပ် အကျိုးရှိစေမယ့် အရာတစ်ခု ရှိနေမယ်။ အစိုးရက (မသိလို့ဖြစ်စေ သိသိကြီးနဲ့ ဖြစ်စေ) မျက်နှာလွှဲထားတဲ့အခြေအနေမှာ  သိအောင် ပြဖို့ကို လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် အားပေးပါတယ်။ လုပ်ပိုင်ခွင့် မရှိတဲ့ သူတွေက လုပ်ပိုင်ခွင့်ရှိတဲ့သူတွေကို လုပ်စေချင်လို့ ဖင်တွန်းတဲ့ သဘောပါ။ ကောင်းပါတယ်။

၃ ။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို့ စုပေါင်းလက်မှတ်ထိုးပြီးလွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ် လိုမြင်မိ ပါသလဲ ။
ဒါကလဲ အထက်က အကြောင်းအရာ နဲ့ အလားတူ ပါပဲ။ ဒီတစ်ခုက ပိုပြီး ထိရောက်ပါတယ်။ လွှတ်တော်နဲ့ တိုက်ရိုက်ထိတွေ့ရတယ် ဆိုတာကိုး။ ဒီနေရာမှာ တစ်ခုခု ထူးခြားလာရပါမယ်။ လွှတ်တော် ကို ရောက်ပြီ ဆိုတာနဲ့ အစိုးရက သိသွားပြီ ဖြစ်တဲ့အတွက် စဉ်းစားသင့်ပါပြီ။ ပြည်သူတစ်ရပ်လုံး လိုလားတောင့်တ တဲ့ (ဖြစ်လဲ ဖြစ်သင့်ဖြစ်ထိုက်တဲ့ကိစ္စ) ကို တိုက်ရိုက်တောင်းဆိုတာတောင် ဘာမှ ထူးခြားမလာဘူး ဆိုရင် ပြည်သူ့ အစိုးရ ကို ပြည်သူတွေ အားကိုးချင်စိတ် ပျောက်သွားနိုင်ပါတယ်။


၎ ။ ငါးထောင်တန် ဖုန်း များပေါ်ပေါက်လာစေဖို့ သင့်အနေနဲ့ ကြိုဆိုပါသလား ။
ဝဲလ်ကမ်းပါ။ လုပ်ပြီ ဆိုရင်လဲ နိုင်ငံတစ်ဝှမ်း မှာ.. တပြေးညီ ဝန်ဆောင်မှုပေးနိုင်အောင် အမြန်ဆုံး အကောင်အထည်ဖော်သင့်ပါတယ်။ ငါးထောင်တန်ဖုန်းဟေ့.. နေပြည်တော် ရန်ကုန် မှာ.. ဆိုရင်လဲ မဟုတ်သေးပါဘူး။ တစ်သိန်းရှစ်သောင်းတန် ကိုင်တဲ့ လူတန်းစား တွေ နေပြည်တော် ရန်ကုန် မှာ အများကြီးရှိမှာပါ။

၅ ။ ငါးထောင်တန် ဖုန်းအပေါ် သင့်အမြင်လေး တစ်ပိုဒ်လောက်ချရေးပေးပါ ။
 
အခု ငါးထောင်တန်ဖုန်း သုံးစွဲနိုင်ရေး အမြန်ဆုံး ကြိုးပမ်းမယ် လို့ သမ္မတကြီးက ကတိပေးလိုက်တယ် လို့ ဆိုပါတယ်။ အဲဒီအတွက် ဝမ်းသာပါတယ်။ အမြန်ဆုံး အကောင်အထည် ဖော်နိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်။ ပြည်သူလူထု ဆိုတာ မျှော်လင့်ရုံပဲ မျှော်လင့်လို့ ရတာပါ။ လူတစ်ယောက်ဟာ သူ့ မျှော်လင့်ချက်တွေကို သတ်ပစ်ခံရပါများရင် စိတ်ကျဝေဒနာ ခံစားရတတ်ပါတယ်။ နောက်ဆုံး သူ ရူးသွားတဲ့ ထိ ဖြစ်နိုင်တာမို့.... 
နိုင်ငံတော် သမ္မတကြီး ခင်ဗျာ.. ငါးထောင်တန်ဖုန်း ဆိုတာ အကောင်အထည်မပေါ်လာရင် မြန်မာနိုင်ငံဟာ အရူးတွေ နေတဲ့ တိုင်းပြည် တစ်ခု မဖြစ်လာနိုင်ဘူး လို့ သမ္မတကြီး ပြောနိုင်ပါသလား ခင်ဗျာ.။


လေးစားလျက်
လက်ဝဲ