Dec 27, 2013

ဒီနေ့ရယ် အတိတ်ရယ် အနာဂတ်ရယ်မှာ ကြားကာလမရှိ ဖြစ်တည် ပျက်ယွင်းခြင်းတွေဟာ ဆင့်ကဲဖြစ်စဉ်တွေက ဆက်ထားခြင်းခံနေရတယ်ဆိုတာ

လက်ရှိမှာတော့ ကစားဝိုင်းထဲမှာ လောလောလတ်လတ် ပစ်ထားတဲ့ ပစ်ဖဲတစ်ချပ်ရဲ့ ရင်ခုန်သံမျိုးနဲ့ ကျွန်တော်ဟာ ညှင်းကိုး သက်ရှိတစ်ကောင်ရဲ့ အသက်ရှူသံမျိုးစုံနဲ့ ကျွန်တော့် အာဟာရကို ဖြည့်တင်းဖို့ တိုးထွက်နေတယ် ဖြည်းဖြည်းနဲ့ မှန်မှန် . . ဒီရက်ပိုင်းမှာ ကျွန်တော် အကြည့်မိဆုံးက နာရီနဲ့ ပြက္ခဒိန်ပဲ မျက်လုံးထဲမှာ အချိန်တွေက ကျွန်တော့်နောက်ကို ပြေးလိုက် (နေဦး) ကျွန်တော်က အချိန်တွေနောက်ကို လိုက်ပြေး နှေးလိုက် မြန်လိုက် Tempo ဟာ ဖြစ်တည်ရာ ဝင်စားမှုရဲ့ ရေပန်းအစားဆုံး ပွဲစဉ်တစ်ရပ်အနေနဲ့ ဇယားထိပ်ဆုံး.. ဒီနှစ်ရဲ့ ဇာတ်ရှိန်ဟာ ဒီအချိန်မှာ လာမြင့်နေတာ ကိုက သဘဝကျကျ ထူးဆန်းနေသလိုလို (ဒါမှမဟုတ်) ထူးထူးဆန်းဆန်း သဘာဝ ကျနေသလိုလို ဘာပဲ ဖြစ်ဖြစ် ဝင်ငွေအစစ်က ကျွန်တော့်ကို အသေအချာ ခရာလာမှုတ်ပါလိမ့်မယ်..
အဖြေက ဒါပဲ. ညှင်းကိုး လိုတဲ့အိမ်အတွက် ကျွန်တော်ဟာ ဖြစ်ဖဲတစ်ချပ် ကံကြမ္မာဟာ ဘယ်နည်းနဲ့မှ Drip တန်းလန်းနဲ့ ကိုမာရောဂါဝေဒနာသည်တစ်ယောက် ဖြစ်နေမှာ မဟုတ်နိုင်ဘူး ကျွန်တော်သူနဲ့ လက်ဖက်ရည်ဆိုင် အတူထိုင်မယ် စကားတွေ အကြာကြီးထိုင်ပြောမယ် ချက်(စ်) ထိုးမယ် သူဆန္ဒရှိရင် တစ်ယောက်တစ်လှည့်စီ ကဗျာရွတ်မယ် ကျွန်တော်မှာ သိပ်မြတ်နိုးရတဲ့ သခင်မလေးတစ်ယောက် ရှိတယ်ဗျ.. အဲလို စကားဝိုင်းကို စလိုက်မယ်.. ဒါ နှစ်သစ်ရဲ့ အဖွင့်စကားတွေ ဖြစ်သွားမယ်.. ပိုစတာ ပန်းခြံမှာ/ ကျွန်တော့်ကို ရှောင်လင် လို့ ခေါ်တဲ့ ဦးလေးကြီးရဲ့ ဆိုင်လေးမှာ/ ရင်ပြင်မှာ/ ကန်ဘောင်မှာ/ ၁၀၂ ဘတ်စကားပေါ်မှာ ဘဝလို့ အမည်ရတဲ့ ဗီနိုင်းလ်တစ်ခုစီ လိုက်ကပ်ထားမယ်.. ခင်ဗျားတို့ သိကြတဲ့ အတိုင်းပေါ့ဗျာ ဆိုပြီး ကျွန်တော့် နံရိုးတစ်ချောင်းကို ၂၀၁၃မှာ အော်ပရေးရှင်းလုပ်ပြီး တပ်ဆင်လာခဲ့တယ် အခု ကျွန်တော်ဟာ သူမ လက်ကလေးကို ဘဝင်ကျကျ တွဲလျှောက်နေရပြီ .. ခြေထောက်တစ်ချောင်းရဲ့ ကြံ့ခိုင်မှုဟာ သူ့ရဲ့ ရပ်တည်လိုမှုအပေါ်မှာ အပြည့်အဝ အကျုံးဝင် မှီခိုတယ်ဆိုတာ.. အဲဒီ “ဝါလွင့်လွင့် မိန်းမပျိုသို့” ဆိုတဲ့ ကဗျာက ကျွန်တော့်ကို နောင်တစ်ချိန်မှာ ပြောလာခဲ့တယ်.. ကျွန်တော့် ကြားဖူးနားဝ ကိုယ်ကျင့်တရားတွေကို ရပ်တည်လိုမှုက ခိုင်မာပြတ်သားစေတယ်.. ခင်ဗျားသိလား.. ၂၀၁၃ ဟာ ကျွန်တော့်အတွက် အံ့သြကုန်နိုင်ဖွယ် ဆန်းကြယ်မှုကြီးပဲ.. ဒီမျက်လှည့်ပွဲကို ကျွန်တော်ကိုယ်တိုင် အလှည့်စားခံပြီး ပြသခဲ့ရတယ်.. အံ့ဖွယ်ပဲ..
ဖြစ်တည်ခြင်း ပျက်သုဉ်းခြင်းတွေကို ၂၀၁၃မှာ ထားခဲ့မယ် ဒီနေ့ကစပြီး ကျွန်တော်ဟာ ဆင့်ကဲဖြစ်စဉ်ထဲမှာ ဝင်စားမွေးဖွားခဲ့ပြီ.. (မိုးရေစက်တို့ နှင်းစက်တို့) ကို ကျွန်တော် ပြန်ပြီး လက်ရေးလှကျင့်ရမယ်.. ပရမ်းပတာ နိုင်ခဲ့တယ် ဆိုရင်တောင် ပရမ်းပတာ နိုင်ခဲ့ပြီးပြီမို့ ကျေနပ်တယ်.. ဒါ ပြဌာန်းစာအုပ်မှ မဟုတ်ပဲ.. ဒီဒိုင်ယာရီကို ကျွန်တော် ပြန်လည် ခြယ်မှုန်းလိုက်ပါ့မယ်.. ဒီတော့ မီးခိုးငွေ့တွေ သေရည်နံ့တွေလဲ ကျန်ခဲ့တော့လေ.. ဦးနှောက်ကို မူးယစ်စေခဲ့ပြီးပြီပဲ.. တိမ်တိုက်တွေအဖြစ် လွင့်သွားတော့လေ.. ဝေးခဲ့ပါတော့.. နောက်ထပ် ကျွန်တော် ရေတွက်ရမယ့် စာရင်းဇယားတွေဟာ အဖြူရောင်၊ အပြာရောင်၊ ပန်းရောင် . အဲလိုနဲ့ပဲ သန့်ရှင်းပစ်ရတော့မှာပေါ့… ယုံကြည်မှုဟာ ကျွန်တော် အတိမ်းအစောင်းခံလို့ မရတဲ့ သိက္ခာ၊ ကျွန်တော့် တစ်ကမ္ဘာလုံးနဲ့ အကျုံးဝင် ထောက်ကန်ထားတယ်.. ပြတ်တောက်သွားဖို့ မတွေးရဲတဲ့ သံယောဇဉ်ကြိုးကိုတော့ ကျွန်တော် အချစ်စစ်စစ်နဲ့ ကျစ်ထားတယ်.. ဖြတ်ကူးနေကျ ကြိုးတံတားလေး လေယူလေသိမ်းမှန်ဖို့ ကျွန်တော် သစ္စာစကားပဲ ဆိုမယ်
အဲလိုနဲ့ ပြက္ခဒိန် အသစ်ပြောင်းတော့ ကျွန်တော် စာအုပ်အသစ် ပြောင်းဖတ်လိုက်ရတယ်.. ရေအိုးအသစ်လဲတော့ ကျွန်တော့်ကိုယ် ကျွန်တော် ဘောင်ဘင်ခတ်နေတာတွေ ရပ်ပစ်လိုက်တယ်.. ဘာပဲဖြစ်ဖြစ် ဒီနေ့ရယ် အတိတ်ရယ် အနာဂတ်ရယ်မှာ ကြားကာလမရှိ ဆိုတာရယ်.. ရပ်တန့်ခြင်းနတ္ထိ ဆိုတာရယ်ဟာ ပန်းတွေ လှိုင်လှိုင်ပွင့်ပြလိုက်တယ်.. ရွေ့လျှားနေသော အရာဝတ္ထုသည် ရွေ့မြဲ အတိုင်း ရွေ့လျှားနေလျှင် ၎င်းကို........ ရူပဗေဒ နဲ့ ကျွန်တော်ဟာ အမှုန်အမွှားတွေနဲ့ ဆက်သွယ်ချဉ်းကပ်ခြင်းခံနေရ.. ကြားကာလ မရှိ/ ကံကြမ္မာနဲ့ ကျွန်တော်ဟာ ဖဲတစ်ချပ်နဲ့ ရင်ခုန်ခြင်းခံနေရ.. ကြားကာလမရှိ/ ၂၀၁၃ ရဲ့ မျက်လှည့်ပွဲစင်မြင့်နဲ့ ကျွန်တော်ဟာ အံ့သြတုန်လှုပ်မှုတွေနဲ့ စူးစိုက်ခြင်းခံနေရ.. ကြားကာလ မရှိ/ ဖြစ်တည် ပျက်ယွင်းခြင်းတွေနဲ့ ကျွန်တော်ဟာ ဆင့်ကဲဖြစ်စဉ်တွေနဲ့ ဆက်ထားခြင်းခံနေရ .. ကြားကာလ မရှိ/ ....
ခုချိန်ကစလို့ ကျွန်တော်ဟာ ခင်ဗျားတို့ အားလုံးရဲ့ မျက်လုံးပေါင်းများစွာနဲ့ ကြည့်မြင်ခြင်းကို စတင်ရင်ဆိုင်နေပြီ ဖြစ်ကြောင်း။ ။



 

လက်ဝဲ

Dec 20, 2013

ပုံပြင်ထဲမှာ တကယ့်အလွမ်းတွေ


စိတ်အလျဉ်က စေလွှတ်လိုက်တဲ့ ကဗျာဟာ
မင်းမြေပြင်ပေါ်မှာ တဝဲဝဲ လွှင့်ကြွေပြတယ်မဟုတ်လား..
နှစ်ဦးကြား နားလည်မှုသီချင်းကလေးတွေက
ပင့်သက်တစ်ချို့နဲ့ ရှိုက်နမ်းတဲ့အခါ
မောင် သီဆိုနေကျ ရင်ခုန်သံကို ကြားပါစေ။

တိမ်တွေလို အိပ်မက်မျိုးဖြစ်စေ..
ထင်ယောင်မှား စိတ်ကူးထည်မျိုးဖြစ်စေ..
ချစ်သူကို တွေရီငေး.. .... ပြီးတော့..
ရမ်းယောင် နိုးထ အိပ်မရ အလွမ်းတွေနဲ့..
လေထဲမှာ မင်းလက်ကလေးကို မောင်လိုက်ဖမ်းနေမယ်။

နှုတ်ခမ်းထက်က အပြုံးရယ်...
"မောင်..."
တရှိုက်မက်မက် ခေါ်သံရယ်
ပန်းနုရောင်သမ်းအောင် နမ်းနေကျ ပါးပြင်လေးရယ်..
လွမ်းမျက်ရည်ဝေ့မယ့် မျက်ဝန်းလေးရယ်..
မငိုနဲ့ "ရွှေတေးကလေး"
မောင် မင်းဘေးနားမှာ လာနေပေးမယ်။

အဲလိုနဲ့...
ကောင်လေးဟာ.. သူ့ ပုခုံးပေါ်မှာ မှီပြီး..
မေးခွန်းတွေ မေးတတ်တဲ့ ကောင်မလေးကို
အဖြေတွေနဲ့ ပျော်အောင် သိပ်နေတော့တယ်တဲ့ကွယ်..။

ပုံပြင်အဆုံးမှာ..
ရွှေတေးကလေး ပီတိအချို့နဲ့ အိပ်ပျော်သွားမှာပါ
(မလျော့သော အချစ်များနဲ့
... မောင်...)။


လက်ဝဲ

Dec 6, 2013

ရန်ကုန်နဲ့ တိုက်မိကြသော ပုခုံးများ

ငါတို့တွေ အိမ်မပြန်ဖြစ်ကြသေးတဲ့ ခြေထောက်တွေနဲ့ တစိမ့်စိမ့် လျှောက်ခဲ့ကြ....
ကာလပေါ် မော်ဒယ်လ်မြင့် ငွေကြေးသံသရာကြီးနောက်မှာ တကောက်ကောက် လိုက်ပြီး လည်နေရတယ်..
တိမ်လိုလို မီးခိုးလိုလို လှေကားထစ်တွေကို တလွှားလွှား လှမ်းတက်နေရတယ်..
ရန်ကုန်ဟာ ငါတို့လို လူငယ်တွေနဲ့ ပုခုံးချင်းတိုက်မိနေကျ ကြိုးဝိုင်းဆန်ဆန် ဝေါဟာရတစ်ခု ဖြစ်လာတယ်..
ယုံကြည်ရာကို တက်တူးထိုးသလို စိတ်ဓါတ်မျိုးနဲ့ ငါတို့ဦးခေါင်းတွေ တဟုန်းဟုန်း တောက်လောင်ကြရ..
ငါတို့ မျက်စိနားတွေ တဖျတ်ဖျတ် လင်းလက်ကြရ.. ဒီလိုနဲ့.. ငါတို့ရဲ့ ထီးနဲ့ ဖိနပ်တွေ တရှပ်ရှပ် ပါးလျကုန်ကြရ...
ဒါပေမယ့်လဲ... ကိုယ်တွေကသာ သည်းကြီးမည်းကြီး ရွာချရ... ရန်ကုန်ဆိုတာမျိုးက ဖုန်တောင် မထဘူးတဲ့.. (တောက်!!!)
ကိုယ့် နှာခေါင်းနဲ့ ရှူလို့ရသလောက်ကို ကိုယ့်အဆုတ်က ဝ ပါ့မလား...
ကိုယ့်ကိုယ်ကိုယ် ကျုံ့ထားနိုင်သလောက်နဲ့ ဒီတံခါးပေါက်တွေကို လွတ်ပါ့မလား..
ကိုယ့်တစ်ကိုယ်စာ ကြမ်းတစ်ခင်းကို ကိုယ့်ဝင်ငွေနဲ့ကိုယ် နင်းနိုင်ပါ့မလား...
ဒီလိုနဲ့ပဲ... အမေ့ဆီကို အဆင်ပြေကြောင်း သတင်းစကား ပါးနိုင်ပါဦးမလား...
ဒီတစ်လလဲ ကြွေးတင်ပြန်ပြီ ဆိုတာလောက်နဲ့ ငါတို့တွေ ဘယ်မှ မရောက်ကြနဲ့ဦး
ခေတ်ကြီးက ကိုယ့်ဆန္ဒတံခါးဝ မှာ လာရပ်ပြီး လှောင်ပြုံးပြုံးသွားတာလောက် ခံပြင်းတာ မရှိဘူးမဟုတ်လား..
အဲကွန်းတပ် မှန်ကာ မုန့်ဆိုင်တွေထဲ ကျော့နေအောင် ဝင်ထိုင်ဦးမယ်..
စမတ်ဖုန်း ပါးပါးလေးတွေ ကိုင်ဦးမယ်/ ပလာဇာတွေ တာဝါတွေ တက်ပြီး လူတွင်ကျယ်လုပ်ဦးမယ်..
ငါတို့ လက်ထဲက စိုက်ထုတ်မှုတွေနဲ့ ရန်ကုန်ကို ပစ်ပေါက် ကြွေးကြော်ကြဦးမယ်..
ရန်ကုန်ကို..... ငါတို့ လက်တွေနဲ့ ပွေ့ဖက် ပေါင်းသင်းကြဦးမယ်...
ရန်ကုန်ကို.... ငါတို့ ခြေထောက်တွေနဲ့ လျှောက်လှမ်းခရီးဆက်ကြဦးမယ်
ရန်ကုန်ကို.. ငါတို့ ရင်ဘတ်တွေနဲ့ မိတ်ဖွဲ့နေထိုင်ကြဦးမယ်...
ရန်ကုန်ကို.. ငါတို့ နှလုံးသားတွေနဲ့ ရင်းနှီးမြှုပ်နှံပြီး စားသောက်ကြဦးမယ်...
ပြီးတော့..... မှ..
ရန်ကုန်ကို.. ငါတို့လက်တွေနဲ့ပဲ.. ငါတို့ကိုယ်တိုင် ဝှေ့ယမ်းနှုတ်ဆက်ကြဦးမယ်...
အဲဒီလိုနဲ့...
ဖေဖေရေ.. မေမေရေ.. ညီမလေးရေ... ဆိုပြီး....
ရန်ကုန်ကို ငါတို့ ခြေထောက်တွေနဲ့ပဲ ငါတို့ကိုယ်တိုင် စွန့်ခွာကြဦးမယ်...
အဲဒီလိုနဲ့....
ရန်ကုန်ကို ငါတို့ ရင်ဘတ်တွေနဲ့ ငါတို့ကိုယ်တိုင်လွမ်းဆွတ်ကြဦးမယ်..
အဲဒီလိုနဲ့...
ရန်ကုန်ကို ငါတို့ နှလုံးသားတွေနဲ့ ငါတို့ကိုယ်တိုင် နာကျင်ကြရဦးမယ်ကွယ်...။


လက်ဝဲ