Feb 1, 2012

မတူကွဲပြားခြင်း၊ ဘာသာစကား နှင့် အနုပညာပုံကြမ်း

“မတူကွဲပြားစွာ ခံစားကြည့်ရအောင်” လို့ ဆိုလာရင် ကျွန်တော်တို့ ဘယ်လို ခံစားချက်မျိုးကို ဘယ်လို ပုံစံပြောင်း ခံစားကြမလဲ စဉ်းစားစရာပါ။ လူအမျိုးမျိုး စိတ်အထွေထွေကြောင့် ကျွန်တော်တို့ ခံစားချက်တွေ ပွစာတက်ကုန်ကြတယ်။ အမြင်မတူမှု၊ မတူကွဲပြားမှု ဆိုတာ အမှန်တော့ ဒါတွေကို ခေါ်တာပါပဲ။ ခံစားပုံချင်းမတူရာက စတယ်လို့ ပြောလို့ ရပါတယ်။ ဥပမာ ဆိုကြပါစို့။ အမြင်လွယ်ဆုံး ကနေ စပြောကြည့်ရအောင်။
တဂျုန်းဂျုန်း ခုတ်မောင်နေတဲ့ ရထားကြီး ဆိုက်ကာနီး ဥသြ ဆွဲလိုက်တဲ့ အသံကို ဆူညံသံလို့ သတ်မှတ်မလား သာယာသံလို့ သတ်မှတ်မလား။ မြို့ပတ်ရထား ကြီး စက်မှုဇုန်ဘူတာမှာ လာဆိုက်ရင်တော့ ကိုယ့်အလုပ်နဲ့ကိုယ်မှ ရှုပ်နေကြတဲ့သူတွေက ဆူညံသံလို့ ပြောကြမှာပေါ့။ ဒါပေမယ့် နေရောင်ကလဲ ပျောက်ကာနီး မပြန်တာကြာတဲ့ မွေးရပ်မြေ ဘူတာကိုလဲ ဆိုက်ကာနီး ကိုယ့်စိတ်ကလဲ ရောက်ချင်စိတ်တွေဆောင်နေတဲ့ အချိန် ဆွဲလိုက်တဲ့ ဥသြသံ ကတော့ အင်မတန်မှ သာယာတာတဲ့ဗျနော်။ ဒါ မတူညီတဲ့ ခံစားမှုမျိုးပေါ့။ 
ရာမာယနဇာတ်ထဲမှာ တစ်လျှောက်လုံး ဗီလိန်လုပ်လာတဲ့ ဒဿဂီရိက ချစ်ဦးညိုရဲ့ လင်္ကာဒီပ ချစ်သူ ထဲမှာ သိပ်ကို ဇာတ်နာနေရှာတဲ့ သနားစရာ ဇာတ်လိုက်ကြီး ဖြစ်နေတာကို အံ့သြဘနန်း ခံစားလိုက်ရတယ် မဟုတ်လား။ ဒါပါပဲ။
Informal Thinking နဲ့ တွေးပြီး ပုံမှန်မဟုတ်တဲ့ ဖန်တီးမှုတွေကို ကဗျာဆရာတွေ က တင်ပြလာကြတယ်။ ကျွန်တော် ပြောလိုရင်းကို ရောက်ပါပြီ။ ကဗျာဆရာ ဟာ အများလက်ခံထားတဲ့ ဆူညံသံကို သာယာသံပါလို့ တင်ပြမယ်။ ကာရန်အဖွဲ့အနွဲ့ မပါတဲ့ ခပ်ရိုးရိုးစာကြောင်းတွေကို စီပြီးတော့ “ဒါ ကဗျာပါ” လို့ ချပြမယ်။ 
ဖွံ့ဖြိုးတိုးတက်မှုရှိပြီးသာ ဘာသာစကားတွေရဲ့ အတွင်းသားထဲမှာ ကြွယ်ဝတဲ့ အဓိပ္ပါယ်တွေ ရှိနေပြီးသားပါ။ ဒါကို မြင်အောင် ကဗျာဆရာက ပြချင်တယ်။ ဒါဟာ အနုပညာ ဟုတ်ပါတယ်၊ မဟုတ်ပါဘူး ဆိုတာက စောစောက ပြောတဲ့ ဆူညံသံနဲ့ သာယာသံကို ခွဲခြားပြသလိုမျိုး စာဖတ်သူရဲ့ ခံစားနားလည်မှုပေါ်မှာပဲ မူတည် သွားတော့တယ်။ (ဒါ့ကြောင့်ပဲ ယနေ့ ကဗျာဆရာတွေမှာ စာဖတ်သူကို ငဲ့ရတဲ့ တာဝန်တစ်ခု ပေါ့သွားတယ် လို့ ထင်တယ်။) “ဘာသာစကားကို ကစားတယ်” တဲ့ဗျ။ အဲလို သုံးနှုန်းကြတယ်။ ဘာသာစကားရဲ့ အဆီအနှစ်တွေကို တူးဖော်ကြတာ။ ဖျက်လို ဖျက်ဆီး လုပ်တာမဟုတ်ဘူး။ ဘာသာစကား ကဗျာတွေကြောင့် ဘာသာစကားတစ်ခု ပျက်စီးမသွားနိုင်ပါဘူး။ တစ်ခုပဲ ရှိတယ်။ တူးဖော်တယ်ဆိုတဲ့ နေရာမှာ နယ်တစ်ခု အတွင်းကနေ အခြားနယ်တစ်ခုကို မသိမသာ ရောက်သွားအောင်ထိ တူးဖော်လို့ ရနိုင်တယ်။ လူမြင်ကွင်းကနေ မဟုတ်ပဲ တိတ်တဆိတ် ဆိုသလို ဘာသာစကားဟာ နယ် တစ်ခုဆီကို တစ်ချိန်ချိန်မှာ ရွေ့သွားနိုင်တယ်။
 ပုံကြမ်းကို အချောသတ်ပုံစံ မြင်အောင်ကြည့်ပါ။ လျာထားပုံစံ ထုထားတဲ့ ပန်းပု ကို ရုပ်လုံးမြင်အောင် ကြည့်ပါ။ ပန္နက်ရိုက်ထားတဲ့မြေပြင်ကို အဆောက်အဦး အဖြစ် မြင်ကြည့်ကြစို့။ ကျွန်တော်တို့ ဘာသာစကားဟာ အနုပညာအားလုံးရဲ့ ပုံကြမ်းတစ်ခု ဖြစ်နေတာကို တွေ့ကြရမှာပါ။
တဒုန်းဒုန်း တဒိုင်းဒိုင်း အသံတွေကို သံယာမှုလို့၊ နောက်ပြီး ဒီတိုင်းချရေးထားတဲ့ စာကြောင်းတွေထဲက အဆီအနှစ်တွေကို ကာရန် (အနုပညာ) လို့ မြင်လာပြီ ဆိုတာနဲ့ ဘာသာစကား ကဗျာတွေရဲ့ နောက်ကို လိုက်လာခဲ့ပါ။ ဘာသာစကားနယ်ချဲ့ နေတဲ့ တူးဖော်ရေးသမား ကဗျာဆရာတွေနဲ့ တစ်နေရာရာမှာ တွေ့ရအောင်လို့ပေါ့။

လက်ဝဲ

No comments:

Post a Comment