Feb 22, 2012

ဘူတာတွေသာ ဥသြဆွဲ သွားကြ

ယန္တယားစနစ် ရဲ့ ဈာပန အခမ်းအနားတက်ဖို့
ကျွန်တော် ခရီးထွက်လာခဲ့တာလို့ထင်တယ်
နောက်ကျောမှာ အိပ်မရတဲ့ ညကို လိပ်ပြီး ပိုးထားတယ်
အိပ်ကပ်ထဲမှာ အချီအချလှတဲ့ ကဗျာသုံးလေးပုဒ် က ရိက္ခာ
ဆေးလိပ်ပြာတွေကို ကျန်ခဲ့တဲ့ သံပတ်နာရီ ချောက်ချက်ချောက်ချက်
မြည်သံထဲကို ခြွေချခဲ့မိတယ် (ထင်တယ်)။


ဂိတ်ဆုံးထိ လက်မှတ်ဝယ်တော့ ဘဝတစ်ဝက်ကို
ပေတံနဲ့ ညှိပြီး ဗြိကနဲ ဖြဲပေးတယ်
လောကကြီးကပေးတဲ့ ဘယ် ဖြတ်ပိုင်းမှာမှ အပ်ပေါက်ရာမပါပဲကိုး
ရထားပေါ်တက်တော့ အပြင်မှာ လူပြတ်နေပြီ။


ဟက်ဟက်ပက်ပက်ရယ်ချလိုက်တော့လို့
သံလမ်းမကြီးက အချက်ပြတယ်
(ဖြစ်ချင်တော့)
ခရီးသေးသေးလေးပေါ်က ရထားသေးသေးလေးပေါ်မှာ
ကျွန်တော်ဆင်းရမယ့်မြို့ရော ကျွန်တော်ရော
နှစ်ဦးစလုံး ပါလာကြတယ်။

လက်ဝဲ

1 comment:

  1. ဘ၀ခရီး တစ်ဝက်တစ်ပျက်မှာ ကျန်ခဲ့သူက ကျန်ခဲ့ကြပေမယ့်
    ဘူတာတွေကတော့ ရှိမြဲအတိုင်း ရှိဆဲ
    ရထားတွေကလည်း မောင်းမြဲအတိုင်း မောင်းဆဲဆိုတာကို
    သိသာအောင် ရေးထားတာလေးပဲ။

    ReplyDelete